5
Nov

HIV နှင့် နေထိုင်သူ၏ ၂၅၅ မြို့ တကိုယ်တော် စက်ဘီးခရီး တနှစ်ခန့် ကြာမည်

HIV ဝေဒနာရှင် ဦးစရကိုက  မြို့နယ်ပေါင်း ၂၅၅ မြို့သို့ တစ်ကိုယ်တော် စက်ဘီးစီးနင်း သွားရောက်၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင်များ သက်တမ်းစေ့နေနိုင်ရေး အတွက် အကြံပြုဆွေးနွေးချက်များ ပြုလုပ် သွားမည်ဟု သိရသည်။ စနေနေ့က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ကျင်းပသည့် ခရီးစဉ် မိတ်ဆက်ပွဲ၌ ကိုးနှစ်ကြာ HIV နှင့် နေထိုင်ခဲ့သည့် ဦးစရကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီရောဂါဟာ တကယ်တမ်း လူတွေ ထင်သလို ကုရာနတ္ထိဆေးမရှိ ဆိုတဲ့ဟာက ကျနော်တို့ ဟိုးတုန်းက သိလိုက်တဲ့ အသိက စွဲသွားလို့ဗျ။ တကယ်တမ်း ကျနော်တို့ ပိုးကိုဘဲ သေအောင်သတ်လို့မရသေးတာ။ ၀င်လာတဲ့ရောဂါ မှန်သမျှကို ကျနော်တို့ ပျောက်အောင် ကုလို့ရတယ်။ အဲဒီလို အချက်လေးတွေ ကျနော်ပြန်ပြီးတော့ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ကြောက်လန့်မှု မရှိအောင် ဘေးကနေပြီးတော့ ၀ိုင်းဝန်း ကူညီပေးတဲ့၊ အားပေးတဲ့ဟာမျိုး အဲလိုမျိုးလေးတွေ ရှိလာအောင် ကျနော် စကားဝိုင်းလေးတွေ လုပ်သွားမယ်” ဟု ဦးစရကိုက ဆိုသည်။

မြန်မာတနိုင်ငံလုံးသို့ စက်ဘီးစီးနင်း၍ အားပေးဟောပြောမည့် အစီအစဉ်ကို  ဒီဇင်ဘာ၊ ၁ ရက်နေ့ ကမ္ဘာ့ ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးနေ့တွင် ရန်ကုန်မှ ခရီး စတင်မည်ဖြစ်ပြီး မည့်သည့် အခက်ခဲမဆို ရင်ဆိုင်ဖြတ်သန်း သွားမည်ဖြစ်သည်။

ကျန်းမာရေး ချို့တဲ့မှု တစုံတရာရှိခဲ့ပါက ရောက်ရာနေရာတွင် ဆေးကုသမှု ခံယူမည်ဖြစ်ပြီး ခရီးစဉ်ကို လုံးဝ နောက်ဆုတ်မည် မဟုတ်ကြောင်း၊ ခရီးစဉ်သည် (၁)နှစ် ကြာမည့် ခန့်မှန်းထားကြောင်း၊ ယခု ခရီးစဉ် အတွက် ငွေကျပ် ဆယ်သိန်းတန် စက်ဘီးကို နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက ကူညီပေးထားကြောင်း၊ NLD မင်္ဂလာတောင်ညွန့်မြိုနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လိုအပ်သည့် ဆေး တစ်နှစ်စာ ထောက်ပံ့ပေးထားကြောင်း သူက ဆက်လက် ပြောကြားသည်။ ခရီးစဉ် တလျှောက် လုံခြုံရေးအတွက် အထူးစီစဉ်ထားခြင်း မရှိကြောင်း သူက ရှင်းပြသည်။

“ကျနော်က ကျန်းမာရေး အတွက်သွားမှာပေါ့နော်။ ကျန်းမာရေးမှာ အဖွဲ့အစည်းမရှိဘူး၊ လုံခြုံရေး မရှိဘူး၊ ဘာသာခြား မရှိဘူး၊ လူမျိုး မရှိဘူး” ဟု ဆိုသည်။

ဆူးအယ်လ်လင်း (နိုဝင်ဘာ ၄၊  ၂၀၁၃)

မိုးမခ - HIV နှင့် နေထိုင်သူ၏ ၂၅၅ မြို့ တကိုယ်တော် စက်ဘီးခရီး တနှစ်ခန့် ကြာမည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top