8
Jul

HIV နှင့် စီပိုး ပူးတွဲလူနာများအား ပထမဆုံး အကြိမ် အခမဲ့ ဆေးဝါး ကုသမှုပေးမည်

မြန်မာနိုင်ငံရှိ HIV နှင့် အသည်းရောင် အသားဝါ (စီ) ရောဂါပိုးတို့ ပူးတွဲ ခံစားနေရသည့် လူနာများအား ပထမဆုံး အကြိမ် အခမဲ့ဆေးဝါး ကုသမှုပေးမည် ဖြစ်ကြောင်း MSF Holland ထံမှ သိရသည်။

မြန်မာ၊ အိန္ဒိယ၊ အီရန်၊ ယူကရိန် အပါအ၀င် နိုင်ငံ ခုနစ်နိုင်ငံရှိ HIV နှင့် စီပိုး ပူးတွဲ လူနာများအား ဆေးဝါး ကုသမှုပေးရန် သုံးနှစ် စီမံကိန်းချမှတ်ပြီး UNAIDS မှ (၅) မီလီယံ ထောက်ပံ့ကြောင်း သိရသည်။

“HIV ပိုးရှိတဲ့သူမှာ စီပိုးဝင်လာရင် သာမာန်စီပိုး ကူးစက်ခံရတဲ့ သူနဲ့မတူဘူး။ ကုသရတာ အလွန်တရာမှ ခက်ခဲတယ်။ သိန်းရာကျော် ကုန်ကျတယ်။ စီပိုးရှိမရှိ ဆေးစစ်ဖို့တောင် ကုန်ကျစရိတ်တွေ အများကြီး ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ အဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်မယ်။ ဈေးကြီးတဲ့ ဆေးတွေကို ဈေးနည်းနည်း ရအောင်လည်း ဆောင်ရွက်သွားမယ်” ဟု MSF Halland မှ ဒေါက်တာလင်းထက်က ပြောသည်။

ထိုသို့ ဆေးဝါး ကုသမှုအား HIV နှင့် စီပိုး ပူးတွဲ လူနာများထဲမှ ၂၀၁၅ ခုနှစ်တွင် (၅၀) ဦး၊ ၂၀၁၆ ခုနှစ်တွင် (၁၂၀) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၁၂၀) ဦး တို့ကို ကုသမှု ပြုလုပ်ရန် လျာထားကြောင်း သိရသည်။

“၂၀၁၆ နှစ် စပိုင်းလောက်မှာမှ စလုပ်ဖြစ်မယ် ထင်တယ်။ ကျွန်တော်တို့မှာရှိတဲ့ အင်အားနဲ့ လူနာ ဘယ်နှယောက် ကုမလဲဆိုတာ ပြန်စဉ်းစားရမှာ ဖြစ်တယ်။ ဖြစ်တဲ့ လူနာကတော့ အများကြီးပဲ။ အဲဒီအထဲမှာ ဘယ်လောက် ကုပေးမလဲ ဆိုတာ ကိုယ့်ရဲ့ ၀န်ထမ်း အင်အားရယ်၊ ခွင့်ပြုချက်ရယ်၊ ဆေးတွေ ဘယ်အချိန် ရောက်လာမလဲ ဆိုတဲ့ အပေါ် မူတည်တယ်။ စလုပ်တဲ့အခါ ဒီပရိုဂရမ်က ဘယ်လောက်ထိ အဆင်ပြေ ချောမွေ့သလဲ ဆိုတဲ့အပေါ် မူတည်ပြီး၊ အရေအတွက် တိုးပြီး လုပ်ဖို့ရှိပါတယ်” ဟု ဒေါက်တာ လင်းထက်က ပြောသည်။

လက်ရှိတွင် အဆိုပါ စီမံကိန်းအား အကောင်ထည်ဖော် ဆောင်ရွက်ရန် အတွက် ကျန်းမာရေး ၀န်ကြီးဌာနထံ ခွင့်ပြုချက် တောင်းခံထားပြီး၊ ခွင့်ပြုချက် ရသည်နှင့် HIV နှင့် စီပိုး ပူးတွဲ လူနာများထဲမှာ အသည်း ပျက်စီးမှုများသူနှင့် အသည်းခြောက်သူများအား ဦးစားပေး ကုသသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မနှစ်က HIV နဲ့ပတ်သက်တဲ့ ဖိုရမ် လုပ်တုန်းက တက်ရောက် လာသူတွေက HIV ကူးစက် ရောဂါ ရှိသူတွေကို စီပိုးရှိမရှိ သွေးစစ်ဆေးမှု ပြုလုပ်ဖို့ အတွက်ကိုပဲ ငွေကြေး ကုန်ကျမှုတွေ အများကြီး ရှိတယ်။ အဲဒီအတွက် ကုသမှုကို လက်လှမ်းမီရ ရှိဖို့ရယ်၊ ဆေးဝါးတွေကို သက်သက် သာသာနဲ့ရရှိရင် သူတို့ ကုသချင်ပါတယ်လို့ ပြောကြတယ်” ဟု HIV Positive ဖြင့် နေထိုင်သူများ အဖွဲ့မှ အကြီးတန်း အရာရှိ ဦးမင်းဆန်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် HIV ကူးစက်ရောဂါ ခံစားနေရသူ နှစ်သိန်းခန့်ရှိပြီး၊ ထိုအထဲမှ (၁၅) ရာခိုင်နှုန်းခန့်မှာ အသည်းရောင် အသားဝါ (စီ)ပိုးကိုပါ ပူးတွဲ ခံစားနေရကြောင်း သိရသည်။

ဖူးပွင့်သူ (ရန်ကုန် ၊ ဇူလိုင် ၄)

The Messenger - HIV နှင့် စီပိုး ပူးတွဲလူနာများအား ပထမဆုံး အကြိမ် အခမဲ့ ဆေးဝါး ကုသမှုပေးမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top