29
Mar

HIV နှင့် ပတ်သက်သည့် သိသင့်သည့်အချက်များ (၂)



HIV ပိုးရဲ.
Structure

image



HIV
ပိုးမှာ HIV1 နဲ့ HIV2 ဆိုပြီး ၂မျိုးရှိပါတယ်။ HIV ပိုးဟာ စက်ဝိုင်းပုံစံရှိပြီး သူ့မှာ
Envelope ဆိုတဲ့ အကာအကွယ်အလွှာ၊ Capsid ဆိုတဲ့ protein အလွှာ၊ Core ဆိုတဲ့ အတွင်းဆုံးက
ရှည်မျောမျော လေးထောင့်လို အကွက်ကလေးရှိပါတယ်။ Core ထဲမှာ Single Stranded RNA အမျှင်နှစ်ခုနဲ့
Reverse Transcriptase ဆိုတဲ့ enzyme ပါတယ်။ Capsid ကိုကျတော့ p24 ဆိုတဲ့ gene နဲ့လုပ်ထားပါတယ်။
Envelope ပတ်ပတ်လည်မှာ ရှိတဲ့ အချောင်းလေးတွေနဲ့ အလုံးလေးတွေကတော့ GP-40 နဲ့
GP-120 တို့ပဲဖြစ်ပါတယ်။ GP-40 က အချောင်းတွေ ဖြစ်ပြီး GP-120 က အလုံးလေးတွေပါ။
HIV Virus က အင်မတန်သေးငယ်လှတဲ့အတွက် သူ့ကို သာမန် Microscope နဲ့ မမြင်နိုင်ပါဘူး။
Electron microscope နဲ့ပဲမြင်နိုင်တယ်။

 

ရောဂါကူးစက်နည်းများ

HIV
ရောဂါပိုးဟာ သွေး၊ သုက်ရည်နဲ့ မိန်းမအင်္ဂါကနေထွက်တဲ့ အရည်တွေထဲမှာ ပမာဏ များများ နေကြပါတယ်။
တံတွေး၊ မျက်ရည်၊ နို့ရည်၊ ကျဉ်ငယ်ရည်တွေ ထဲမှာလည်း ပမာဏ အနည်းငယ် ပါတတ်ပါတယ်။ ဒါပေမယ့်
တံတွေးတို့ မျက်ရည်တို့ကနေ ရောဂါကူးတဲ့ နှုန်းက မကူးစက် သလောက် နည်းပါတယ်။ ကူးစက်တာလည်း
မတွေ့ရပါဘူး။ AIDS ရောဂါ ကူးစက်ပုံ ကတော့ အမျိုးမျိုး ရှိပါတယ်။

 

၁။
လိင်မှတဆင့်ကူးဆက်ခြင်း (Sexual Transmission)

-  လိင်တူဆက်ဆံခြင်း homosexual

-
လိင်ကွဲဆက်ဆံခြင်း heterosexual

-
လိင်ဆက်ဆံတဲ့ အဖော်များလေကူးစက်ဖို့ ရာခိုင်နှုန်းပိုများလေ ဖြစ်ပါတယ်။

-
တစ်ခြား လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ (Syphilis, Gonorrhoea, Herpes) နဂိုကတည်းက
ရှိနေတာက HIV ပိုးကူးစက်ဖို့ အန္တရာယ်ပိုများစေပါတယ်။

-
ရောဂါလက္ခဏာမပြသေးတဲ့ HIV positive တွေဆီကလည်း ရောဂါကူးစက်နိုင်ပါတယ်။

 

၂။
Parenteral Transmission

-
မသန့်ရှင်းတဲ့၊ ရောဂါပိုးပါတဲ့ သွေးသွင်းမိခြင်း

-
မသန့်ရှင်းတဲ့၊ ပိုးသေချာမသတ်ထားတဲ့ အပ်၊ ခွဲစိတ်ကိရိယာတွေကို သုံးစွဲမိခြင်း (ကျန်းမာရေး
ဝန်ထမ်းတွေဖြစ်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ရောဂါကူးစက်ခံရတာ ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်)
- ဆေးသမားတွေ ရောဂါကူးကြရတာဟာလည်း ဒီ အပ်တွေကို မျှဝေသုံးကြလို့ပဲဖြစ်ပါတယ်။

-
သွားတိုက်တံတွေ ၊ ဘလိတ်ဓားတွေ မျှဝေသုံးစွဲရင်လည်း ကူးနိုင်တာကိုလည်း သတိပြုပါ။

 

၃။
မိခင်မှ ကလေးကိုကူးစက်ခြင်း (Trans-placental Transmission) (Vertical
Transmission)

-
အမေမှာရောဂါရှိရင် ၁၃% ကနေ ၄၀% အထိကလေးကို ကူးနိုင်ခြေရှိပါတယ်။

-
ကလေးမွေးနေတုန်း ဒါမှမဟုတ် နို့တိုက်ရင်းကနေ ကူးနိုင်ပါတယ်။

(ဒါပေမယ့်
ချွင်းချက်တော့ရှိပါတယ်။ HIV ပိုးဟာ ဒီလိုနည်းတွေနဲ့ ကူးနိုင်တယ်ဆိုပေမယ့် ကူးစက်ဖို့
ဟာ တစ်ခြားရောဂါပိုးတွေလောက် မလွယ်ကူပါဘူး။ ဥပမာ Hepatitis B အသည်းရောင်အသားဝါ B ပိုးဟာ
ပိုးအကောင်ရေ နည်းနည်းလေးဝင်သွားတာနဲ့ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။

ဒါပေမယ့်
HIV ပိုးဟာ ကူးစက်ပြီးရောဂါပေးဖို့ ပိုးကောင်ရေအများကြီး လိုအပ်ပါတယ်။ ကိုယ်ခန္ဓာ ထဲကိုပိုးကောင်ရေ
အများအပြားဝင်သွားမှ ရောဂါပေးတာပါ။ သတ်မှတ်ထားတဲ့ ပိုးအရေအတွက် အောက် လျော့ဝင်သွားရင်
ရောဂါမကူးဘူးလို့ ဆိုရမှာပေါ့။ ဒါကြောင့် HIV ပိုးဟာ လွယ်လွယ်နဲ့ မကူးစက်နိုင်တဲ့ ပိုးမျိုးဖြစ်ပါတယ်။)

 

 

ကာကွယ်ခြင်း
နှင့် ကုသခြင်း

 

ကာကွယ်ဆေးကတော့
မပေါ်ပေါက်သေးပါဘူး။ ဘာလို့လဲဆိုတော့ HIV ပိုးမှာပါတဲ့ gene တွေဟာ mutation (gene တွေ
ပုံပြောင်းတာ) ဖြစ်တာမြန်ပါတယ်။ ဆေးတွေကလည်းပြောင်းတဲ့ gene ပေါ်လိုက်ပြီး မတီထွင်နိုင်တဲ့အတွက်
ကာကွယ်ဆေးကို အောင်မြင်အောင် မထုတ်နိုင် သေးတာပါ။

ဒါပေမယ့်
ကိုယ်ဝန် ဆောင်မိခင်ကနေ ကလေးဆီကို မကူးအောင် ကာကွယ်နိုင်တဲ့ ဆေးတွေတော့ ရှိတယ်။ ၁၀၀%တော့
မကာကွယ်နိုင်ဘူး။ ကိုယ်ဝန်ဆောင်နေချိန်မှာ ၁၄ ပတ် ကိုယ်ဝန်ကနေ စပြီး မွေးတဲ့ အချိန်အထိ
Zidovudine ဆိုတဲ့ ဆေးကို တစ်နေ့ကို 600mg သောက်ပေးရပါမယ်။ မွေးနေတဲ့ အချိန်မှာလည်း
ဒီဆေး 2mg/kg ကို အကြောဆေး ထိုးပေးရပါမယ်။ အဲဒီနောက် 1mg/kg ကို မမွေးမချင်း အချိန်အပိုင်းအခြားတစ်ခု
ထားပြီး ထိုးပေးရပါမယ်။

မွေးလာတဲ့
ကလေးကိုလည်း ဆေးတွေ ထိုးရ၊ တိုက်ရဦးမှာပါ။ သိပ်တော့မလွယ်လှတဲ့ အလုပ်တစ်ခုပါ။ အမေရော
ကလေးပါ ဆေးဒဏ်ခံရမှာပါ။ ဒီလိုသောက်ထားတာတောင်မှ ကလေးကို ကူးစက် နိုင်ခြေက ၉% ပဲလျော့တာပါ။
နောက်တစ်ခုက တီဗွီက ကြေညာတဲ့အတိုင်း ပြန်ပြောပါမယ်။ လိင်ကိစ္စကို တတ်နိုင်သမျှ ရှောင်ရပါမယ်။
မရှောင်နိုင်ရင် condom ကို စနစ်တကျသုံးပါ။ ကိုယ့်ရဲ့ ဇနီး/ခင်ပွန်းကို သစ္စာရှိကြပါ။
အားလုံးပဲဒီအချက်တွေကို ရှောင်နိုင်ကြမယ် ထင်ပါတယ်။

 

နောက်တစ်ခုက
HIV ပိုးရှိတဲ့လူမှာထိုးထားတဲ့ အပ်ကိုယ့်ကိုစူးမိတယ် ဆိုပါစို့၊ ဒီလိုဆို ကူးတော့မှာပေါ့၊
ဒါဆိုအတတ်နိုင်ဆုံး ဘာလုပ်မလဲဆိုတော့ ထိတဲ့နေရာကိုရေနဲ့ ဆပ်ပြာနဲ့ သေချာဆေးပါ။ နောက်ပြီးရင်
ဆေးသောက်ရပါမယ်၊ Zidovudine ကို ၃ပတ် သောက်ရပါမယ်။ ဆေးကို ဖြစ်ဖြစ်ပြီးချင်း မြန်နိုင်သမျှ
မြန်အောင် သောက်ရပါမယ်၊ နာရီဝက်ကနေ ၂ နာရီအတွင်းသောက်သင့်ပါတယ်။ ဒါကို PEP ( Post
Exposure Prophylaxis) လို့ခေါ်ပြီး ကူးစက်နိုင်ခြေ ၇၉% အထိလျော့ကျစေပါတယ်။ ဆေးရုံမှာ
ဆရာဝန်တွေ၊ သူနာပြုတွေ၊ အခြားသူတွေ အပ်စူးရင် ဒီနည်းကိုပဲ အရင်သုံးပါတယ်။ အပ်စူးတာ
တစ်ခုကိုပဲသုံး တာမဟုတ်ဘူးနော်၊ အခြားကူးစက် နိုင်ခြေရှိတဲ့ အခြေအနေ၊ အပြုအမူတွေကြုံလာရင်လည်း
သုံးလို့ရပါတယ်။ ဒါပေမယ့် ဆေးရဲ့ Side effect ကလည်း မသေးဘူးနော။

 

ကုသတဲ့ဆေးတွေတော့ရှိပါတယ်။
ဒါပေမယ့် ရောဂါပျောက်အောင်တော့ မကုနိုင်ပါဘူး။ ရောဂါကို အခြေအနေ တစ်ခုမှာ တန့်နေအောင်ပဲ
ထိန်းထား နိုင်တာပါ။ သုံးတဲ့ဆေးတွေကတော့ Zidovudine, Dideoxyinosine, Stavudine,
Lamivudine, Abacavir တို့ပဲဖြစ်ကြပါတယ်။ ဒီဆေးအုပ်စုကို Reverse Transcriptase
Inhibitor လို့ခေါ်ပါတယ်။ HIV virus ရဲ့ Core ထဲမှာရှိတဲ့ စောစောကပြောခဲ့တဲ့
Reverse Transcriptase enzyme ကို ဒီဆေးက ပိတ်ပေးမှာပါ။ နောက်ဆေးအုပ်စု တစ်ခုက HIV
protease inhibitor လို့ခေါ်ပြီး Saquinavir, Ritonavir, Indinavir ဆိုတဲ့ဆေးတွေ ပါဝင်ပါတယ်။
fusion inhibitor ဆိုပြီးပေါ်တာသိပ်မကြာသေးတဲ့ ဆေးကတော့ Enfuvirtide ဆိုတဲ့ ဆေးဖြစ်ပါတယ်။
ပိုပြီး ထိရောက်တယ် လို့တော့ ဆိုကြတာပဲ။

 

ဆေးတွေကို
တစ်ခုချင်း သောက်တာ များလာတဲ့ အတွက်ဆေး တစ်ခုချင်း စီကို HIV ပိုးရဲ့ ခံနိုင်ရည် တိုးလာပါတယ်။
ဒါကြောင့် ဆေး ၃ မျိုးပေါင်းထားတဲ့ HAART ( Highly Active Anti- Retroviral
Theray) ဆိုတဲ့ ကုသနည်းကို လောလောဆယ် သုံးနေပါတယ်။ ဒီကုသနည်းနဲ့သာ အချိန်မှီ ကုသမယ်ဆိုရင်
Virus အကောင်ရေ သန်းနဲ့ချီ ရှိနေရာကနေ အကောင် ၅၀ အောက်ကို ၈ပတ်အတွင်း ကျသွားပြီး ၆လကြာရင်
Virus ကိုတောင် ရှာလို့မရတော့တဲ့အထိ နည်းသွားပါလိမ့်မယ်။ လုံးဝပျောက်သွားတာတော့ မဟုတ်ဘူးနော်။
နည်းနည်းလေးပဲ ကျန်မယ်လို့ ပြောတာ။

 

ကုရင်လည်း
ရောဂါပိုး ကျန်နေသေးတာပဲ၊ မကုပဲထားလိုက်လည်း မထူးပါဘူး၊ လို့တော့မထင်နဲ့။ မကုလို့ ကတော့
အနှေးနဲ့ အမြန်သေမှာပဲ။ ဒီဇယားလေးကိုကြည့်

image

 

 

ဒါကုသမှု
မခံယူတဲ့ လူနာမှာ ဖြစ်ပျက် နေတဲ့ပုံ။ အပြာလိုင်း လေးက CD4+ cell တွေကိုပြပြီး အနီလိုင်းကတော့
viral load ကိုပြတာပါ။ ၆ ပတ်ကြာတဲ့ အချိန်မှာ CD4+ cell တွေ ကျသွားပြီး ၁၂ ပတ်လောက်
အကြာမှာ နည်းနည်းစီ ပြန်တက် လာကြပါတယ်။ Viral Load လို့ခေါ်တဲ့ ပိုး အကောင်ရေကလည်း အစကလောက်
မများပဲ ကျသွားလိုက်တာ ၁၂ပတ် အကြာမှာ ဟိုးအောက် ရောက်နေရော။ ဒီအခြေနေမှာ လူနာက အကောင်းကြီး
ရှိသေးတယ်။ သူ့မှာ လက္ခဏာ မပေါ်သေးဘူး။ အဲဒီကနေ နောက် ၇နှစ် အထိ ရောဂါ လက္ခဏာဘာမှ မပြဘူး။
ဒီကြားထဲကအချိန် ကို အပိုင်း၁ မှာပြောခဲ့တဲ့ Window Period လို့ခေါ်တယ်။

 

ဒီ
၇နှစ် အတွင်းမှာ လက္ခဏာ မပေါ်ပေမယ့်၊ ပုံမှာ သတိထားမိလား။ CD4+ cell ရေအတွက်တွေ တစ်ဖြည်းဖြည်း
ထိုးဆင်းသွားတာကို။ ၇နှစ် နဲ့ ၈ နှစ်ကြားမှာ Viral Load ပြန်တက်လာပြီး CD4+ ကတော့ ကျမြဲ
ကျနေတဲ့အတွက် အခြေအနေ သိပ်မကောင်းတော့ဘူး။ အဲဒီမှာ ရောဂါ လက္ခဏာတွေ စပြလာပြီ။ နောက်ပိုင်းမှာ
Viral Load က ပုံမှာ မြင်တဲ့အတိုင်း သိန်းနဲ့ သန်းနဲ့ ချီပြီး များလာပါတော့တယ်။
CD4+ ခမျာ ဘာမှတောင် ပြန်မလုပ်နိုင်၊ HIV က Immune System ဆိုတာရှိတယ် လို့တောင်မထင်ပဲ၊
သူထင်တိုင်းကြဲပါတော့တယ်။

 

၁၀နှစ်လောက်
ကြာတော့ Oppotunistic Infection တွေဝင်လာရော။ AIDS ရောဂါ စစ်စစ် အခုမှ ဖြစ်တာလေ၊
Optunistic Infection ဆိုတာ ကျွန်တော် အပိုင်း-၁ မှာ ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့
ပတ်ဝန်းကျင်မှာ ဘယ်နေရာမဆို ရောဂါပိုးမွှားတွေ ရှိနေကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ဒီပိုးမွှား
တွေကို ရှူရှိုက်မိပေမယ့် ဘာမှမဖြစ်ဘူးဆိုတာ ခန္ဓာကိုယ်ရဲ့ Immune System ရှိနေတဲ့အတွက်
ကြောင့်မို့လို့ပါ။ အခုက Immune System က မရှိသလိုဖြစ်နေတော့ ဒီသာမန် ပိုးမွှားတွေက
ဝင်ထွက်ပြီး ရောဂါပေးတော့တာပေါ့။

 

 

ရောဂါလက္ခဏာများ


image

Opptnistic
Infections ဆိုတာ bacteria ကြောင့်ဖြစ်တာပါတယ်၊ fungus ကြောင့်ဖြစ်တာပါတယ်။ အခုကျွန်တော်
ကိုယ်ခန္ဓာ နေရာအနှံ့ ဖြစ်တတ်တဲ့ နေရာတွေကို တန်းစီဖော်ပြသွားမယ်။

 

ဦးနှောက်

ဦးနှောက်
မှာ Toxoplasma (ကြောင် မှာနေတဲ့ bacteria) ကြောင့် လေဖြတ်နိုင်တယ် ၊ Herpes (ရေယုန်
Virus) ကြောင့် အမြင်အာရုံချို့ယွင်းမယ်၊ ဦးနှောက်အမြှေးရောင်မယ်၊ တက်မယ်၊ Cryptococcus
(ခိုမှာနေတဲ့ ကပ်ပါး) ကြောင့် စိတ်မမှန်ရောဂါဖြစ်နိုင်တယ်။

 

မျက်လုံး

မျက်လုံးက
Retinitis ဆိုတဲ့ မြင်လွှာရောင်တာ ဖြစ်နိုင်တယ်။

 

အဆုတ်

အဆုတ်မှာ
Pneumocystic carinii ဆိုတဲ့ အကောင်ကြောင့် Pneumocystic Pneumonia Atypical
mycobacteria ကြောင့် Secondary TB ရောဂါတွေဖြစ်မယ်။ TB ဟာ AIDS ဖြစ်တဲ့ လူအားလုံးနီးပါးမှာ
ပြန်ဖြစ်လာတာကို တွေ့ရပါတယ်။

 

အရေပြား

Herpes
Virus ကြောင့် ရေယုန်ရောဂါ၊ HPV (Human Pappiloma Virus) ကြောင့် warts ဆိုတဲ့ ကြွက်နို့၊
Fungi ကြောင့် scabies ဆိုတဲ့ ၀ဲရောဂါ၊ Bacteria တစ်မျိုးကြောင့် Eczema ဆိုတဲ့ နှင်းခူဖြစ်မယ်၊
အရေပြား ကင်ဆာတွေဖြစ်မယ်။

 image

 

ပုံမှာပြထားသလို
Kaposi Sarcoma ဆိုတဲ့ ညိုပြာပြာ အကွက်တွေဖြစ်မယ်၊ ဒါကင်ဆာတစ်မျိုးပဲ။ အရေပြား မှာသာမက
အစာလမ်းကြောင်းတွေ၊ အဆုတ်တွေပေါ်မှာလည်း ဒါဖြစ်နိုင်တယ်။

 

အစာလမ်းကြောင်း

Amoeba
ကြောင့် ၀မ်းတွေအရမ်းသွားမယ်၊ Giadia အကောင်ကြောင့် အစာစုပ်ယူမှုနည်းပါးမယ်၊ Salmonella
၊ Shigella ကြောင့် ၀မ်းပျက်မယ်၊ အစာမျိုရခက်မယ်၊ Candida ကြောင့် oral thrush ဆိုတဲ့
ခံတွင်းထဲမှာ အဖြူအဖတ်တွေပေါ်လာမယ်။

 

အသည်း

အသည်းရောင်
အသားဝါ Hepatitis ဖြစ်မယ်။

 

 

ရောဂါရှာဖွေပုံ

HIV
ရောဂါပိုးဟာ အရမ်းသေးလွန်းလှတဲ့ အတွက် ရောဂါရှိမရှိ သွေးစစ်တဲ့အခါ ပိုးကိုရှိမရှိ လိုက်ရှာဖို့
မလွယ်ကူပါဘူး။ ဒါကြောင့် ဘာကိုစစ်သလဲဆိုရင် Antibodies (မြန်မာလိုဆို ပဋိပစ္စည်းလို့
ခေါ်တယ်)။ အဲဒါကို သွေးထဲမှာစစ်တယ်။ HIV Antibodies တွေ့ရင် HIV Positive လို့သတ်မှတ်ပါတယ်။
Antibody ကို နည်းနှစ်နည်းနဲ့ စစ်လို့ရပါတယ်။ တစ်နည်းက ELISA ( Enzyme Linked
Immunosorbent Assay) ဖြစ်ပြီး နောက်တစ်နည်းက Western Blot ဆိုတဲ့နည်းပဲဖြစ်ပါတယ်။

 

ဒီလို
antibody ကိုစစ်တဲ့ အခါမှာ ဥပမာ- လက်ကိုအပ်စူးပြီးတာနဲ့ ချက်ချင်းစစ်ရင် antibody မတွေ့နိုင်ပါဘူး။
ဘာလို့လဲဆိုတော့ antibody မထွက်သေးဘဲ အပေါ်မှာပြောခဲ့တဲ့ window period အချိန်ထဲကို
ရောက်နေလို့ပါ။ Antibody ကရောဂါကူးစက်ပြီး ၃လ အကြာလောက်မှ သွေးထဲမှာ စစ်လို့ရတာပါ။
ဒါကြောင့် ရောဂါကူးစက်ပြီးပြီးချင်း ရောဂါရှိမရှိ ချက်ချင်းမသိနိုင်ပါဘူး။

 

Anibody
ကို အလွယ်နည်းနဲ့လည်း တချို့က စစ်ကြတယ်ဗျ။ အဲဒါကတော့ Test Kit နဲ့စစ်တာလေ။ ကိုယ်ဝန်ရှိမရှိစစ်တဲ့
အချောင်းလေးပုံစံမျိုးပဲ။ ဒါပေမယ့် ဖြေကသိပ်ယုံလို့မရဘူး။ False positive, False
negative တွေထွက်တတ်လို့ပါ။ ပြောချင်တာက Test Kit က အချိန်တိုအတွင်းမှာ အဖြေသိ နိုင်တယ်။
ဒါပေမယ့် ဒါကိုချည်း အဖြေမှန်လို့ မယူဆသင့်ဘူးလို့ပြောတာပါ။

 

HIV
ပိုးကို electron microscope နဲ့ရှာလို့တော့ ရတယ်။ ဒါပေမယ့် ဒီနည်းကိုသိပ်မသုံးကြပါဘူး။
research လုပ်ဖို့အတွက်လောက်ပဲ သုံးကြပါတယ်။ Immunoflorescence နည်းကိုလည်းသုံးပြီး
ရှာနိုင်ပါတယ်။ ဒီနည်းလမ်းတွေက ဓာတ်ခွဲခန်းတွေ၊ ဆေးရုံတွေမှာ အသုံးများတဲ့ နည်းတွေ
ဖြစ်ပါတယ်။ တခြားသော နည်းတွေ လည်းရှိပါသေးတယ်။

 

မြန်မာနိုင်ငံအတွက်
တိုက်ဖျက်ရမယ့် ရောဂါတွေမှာ AIDS က ထိပ်ဆုံးက ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာလည်း ပပျောက်ဖို့
လိုအပ်နေတဲ့ ရောဂါပါ။ AIDS ရောဂါခံစားနေရတဲ့ လူနာတွေကိုလည်း ခင်မင်ကြည်ဖြူစွာ ဆက်ဆံသင့်ပါတယ်။
ဒါဟာလည်း အရေးကြီးပါတယ်။ ရောဂါဖြစ်ပြီဆိုတာနဲ့ စိတ်ဓာတ်မကျအောင် ထိန်းထားနိုင်ဖို့လည်းလိုပါတယ်။
ရောဂါကူးစက်ခံရပြီး ဘယ်လောက် ကြာကြာ အသက်ဆက်ရှင်နိုင်မလဲဆိုတာ ကိုယ့်ရဲ့စိတ်ဓာတ် ကြံ့ခိုင်မှုပေါ်မှာလည်း
မူတည်ပါတယ်။

 

အမှာစကား

နိဂုံးအနေနဲ့ပြောရရင်
HIV ပိုးဟာ အားလုံးသိတဲ့အတိုင်း ကြောက်စရာကောင်းပါတယ်။ သေတာတောင် အသေလှလှမဟုတ်ဘဲ ရုပ်ပျက်ဆင်းပျက်သေရမှာ။
ပျောက်ကင်းအောင် ကုသဖို့ ဆေးလည်း အခု အချိန်အထိ မရှိသေးပါဘူး။ ကိုယ့်ကိုကိုယ် မဖြစ်နိုင်ဘူးလို့
အမြဲ မယုံကြည် ထားပါနဲ့။ အခန့်မသင့်ရင် ကိုယ်တောင် မသိလိုက်ပဲ ကူးသွားနိုင်လို့ပါ။
ဒါကြောင့် သတိထား နေထိုင်ဆင်ခြင် ကြဖို့လိုအပ်ပါတယ်။

ကြောက်စရာ AIDS
ရောဂါ (၂)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top