HIV-AIDS ရောဂါသည် ယခုအခါ ကမ္ဘာ
တစ်ဝန်းလုံးတွင် ပျံ့နှံ့လျက် ရှိနေပါသည်။
အထူးသဖြင့် လူငယ်လူရွယ်များ
အကြားတွင် ယခုအခါ ပိုမို တွေ့ရှိလာသဖြင့် အနာဂတ် အတွက် စိုးရိမ်စရာ ဖြစ်ပါသည်။
ရောဂါကာကွယ် ဆေးရော၊ ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးဝါး မပေါ်ပေါက်သေး သဖြင့်
ကြိုတင် ကာကွယ် ရေးသည်သာ မိမိတို့ လူသားများ အတွက် အရေးကြီးဆုံး တာဝန်တစ်ခု
ဖြစ်လာသည်။ ယနေ့အထိ ကမ္ဘာပေါ်တွင် HIV ပိုးကူးစက် ခံနေရသူ သန်းပေါင်း ၆၀ ခန့်
ရှိခဲ့ပါပြီ။
HIV ကြောင့် လူသန်းပေါင်း ၂၀ ခန့်
အသက် သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။ ယခုအခါ လူသန်းပေါင်း ၄၀ ခန့်သည် HIV ပိုးကြောင့်
တခဏချင်း ရောဂါပျံ့နှံ့ ကူးစက် ခံနေရပါသည်။ တစ်ကမ္ဘာ လုံးတွင် ၁ မိနစ် ၈.၂ ဦး ၁
နာရီ ၄၉၁ ဦး၊ ၁ ရက် ၁၁ ၇၈၁ ဦး ၁ နှစ်တွင် လူပေါင်း ၄.၃ သန်းနှုန်းခန့် HIV ပိုး
ကူးစက် ခံနေရသည်။ ၁ မိနစ်တိုင်း၌ လူ ၅ ဦးခန့်၊ ၁ နှစ်လျှင် လူ ၂.၉ သန်းခန့် HIV ကြောင့်
သေဆုံး နေကြ ရပါသည်။
HIVဆိုသည်မှာ
H = Human (လူသား)
ဤဗိုင်းရပ်ပိုးသည် လူတစ်ဦးမှ တစ်ဦးသာ ထပ်ဆင့် ကူးစက်နိုင်သည်။ တိရစ္ဆာန်များမှ တစ်ဆင့်
ကူးစက်ခြင်း မရှိပါ။
I = Immunodeficiency(ခုခံအားစနစ်
ဆုတ်ယုတ်သည်။)
ဤဆုတ်ယုတ်မှုကြောင့် ရောဂါ
ခုခံအားသည် ကျဆင်းပြီး ပုံမှန် အလုပ်ကို မလုပ်နိုင်တော့ပေ။
V = Virus (အလွန်သေးငယ်သောပိုး)
အလွန်သေးငယ်သော ပိုးဖြစ်ပြီး
သက်ရှိဆဲလ်များတွင် ကိုယ့်ကိုယ်ကို မွေးထုတ် မျိုးပွားနိုင်သည်။ ထိုကြောင့် လူငယ်
လူရွယ်ဘ၀တွင် အောက်ပါ အချက်များကို ထိန်းသိမ်း ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမည်။
(၁) လူပျိုဘ၀၊ အပျိုစင်ဘ၀ကို
ထိန်းသိမ်းပါ။(အထူးသဖြင့် မိန်းကလေးများ မိမိတို့၏ အပျိုစင် ဘ၀၊ အပျိုစင် ဂုဏ်ရည်၊
သိက္ခာတို့ကို တန်ဖိုးထား၍ ဘ၀ကို အကောင်းဆုံး ဖြတ်သန်းပါ။)
(၂) လက်မထပ်ခင် အချိန်အထိ
အထူးသဖြင့် လိင်ဆက်ဆံခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။
(၃) လိင်အပျော်အပါး
လိုက်စားခြင်းကို ရှောင်ကြဉ်ပါ။
(၄) မူးယစ်ဆေးဝါး သုံးစွဲခြင်းကို
ရှောင်ကြဉ်ပါ။
(၅) အရက် အလွန်အကျွံ သောက်ခြင်းကို
ရှောင်ကြဉ်ပါ။
HIV ပိုး အဓိက တည်ရှိသောနေရာမှာ
(၁) သွေး
(၂) သုက်ရည်
(၃) မိန်းမ အင်္ဂါမှ ထွက်သော
အရည်တို့တွင် တည်ရှိသည်။
HIV ပိုးသည် တစ်ဦးမှ တစ်ဦးသို့
လျင်မြန်စွာ ကူးစက် ပြန့်ပွားလျက် ရှိသော်လည်း ကူးစက်နိုင်သော နည်းလမ်း အနည်းငယ်မျှသာ
ရှိပါသည်။ ၎င်းတို့မှာ
(၁) ရောဂါပိုး ရှိသူ၏ သွေးကို
သွင်းမိခြင်း။
(၂) ရောဂါပိုး ရှိသူနှင့်
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။
(၃) ရောဂါပိုးရှိသူ
အသုံးပြုပြီးသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်နှင့် အခြားအရေပြားဖောက် ကိရိယာ များမှ
တစ်ဆင့် ကူးစက်ခြင်း။
(၄) ရောဂါပိုး ရှိသော မိခင်မှ
ကိုယ်ဝန် ဆောင်ချိန်တွင် သန္ဓေသားကို လည်းကောင်း၊ မွေးကင်းစ ကလေးကို မီးဖွား
နေချိန်နှင့် မိခင်နို့တိုက် ကျွေးနေစဉ် ကူးစက်ခြင်း ဖြစ်သည်။
ထို့ကြောင့် HIV ပိုးသည်
ဆေးမင်ကြောင် ထိုးခြင်း၊ နားဖောက်ခြင်း၊ တရုတ် အပ်စိုက်ခြင်း၊ သွားနုတ် ခြင်း၊
သွားတိုက်တံ၊ ဆံပင် ရိတ်ခြင်းတို့ တွင် အသုံးပြုသော ဘရိတ်ဓားနှင့် အထူးသဖြင့်
မူးယစ်ဆေး အကြောထဲ ထိုးသော ဆေးထိုးအပ်ကို မျှဝေ သုံးစွဲခြင်းသည် ကူးစက်တတ်သည်။
အထူးသဖြင့် လိင် ဆက်ဆံဖက် များသူသည် အဓိက ကူးစက်ပြီး သူတို့မှ တစ်ဆင့်
သူတို့ရဲ့အိမ်ထောင်ဖက်(ဇနီး၊ ခင်ပွန်း)တွေကိုပါ ကူးစက် တတ်ပါသည်။
HIV ပိုး လူ၏ ခန္ဓာကိုယ်ထဲ
ဝင်ရောက်လာချိန် HIV ပိုးသည် လူ၏ ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်လာပြီး ချက်ချင်းရောဂါ
ဖြစ်စေခြင်း မဟုတ်ပါ။ HIV ပိုးသည် လူ၏ ခန္ဓာကိုယ်ထဲတွင် စတင်တည်ရှိ နေပြီ
ဖြစ်သော်လည်း အဆိုပါ လူမှာ လူကောင်းနှင့် မခြား ကျန်းမာနေပြီး သွားလာ
လှုပ်ရှားနိုင်သည်။ တဖြည်းဖြည်းနှင့် ခန္ဓာ ကိုယ်ထဲက ရောဂါကို ခုခံပေးသော
သွေးဖြူဥများကို ဖျက်ဆီးပစ်ပြီး နှစ်များစွာ ကြာမှ (၂ နှစ်ကနေ ၁၀ နှစ်)ရောဂါ
လက္ခဏာများ စတင် ဖြစ်ပေါ်လာသည်။ ရောဂါ လက္ခဏာများ မပေါ်ခင်မှာ လူကောင်းတစ်ဦး အတိုင်း
တည်ရှိနေပေမယ့် ရောဂါပိုးရှိ၊ မရှိကို မျက်စိနှင့် ကြည့်ရုံဖြင့် လုံးဝ
မသိနိုင်ပါ။ သွေးစစ်ကြည့်မှသာ သိသာနိုင်သည်။ အရေးကြီးသော အချက်မှာ အဲဒီအချိန်တွေ
အတွင်းမှာ အခြားသူများကို ရောဂါပိုး ကူးစက် စေနိုင်ပါသည်။
HIV ပိုးရှိ၊ မရှိ
HIV ပိုးရှိ၊ မရှိ သိချင်လျှင်
သွေးစစ် ကြည့်ရပါမည်။ သွေးမစစ်မီနှင့် သွေးစစ် ပြီးချိန်တွင် နှစ်သိမ့် ဆွေးနွေး
ပညာပေး ခံယူသင့်သည်။ ကိုယ်ခန္ဓာထဲ ကို HIV ရောဂါပိုး ၀င်ရောက်လာပြီး ၃ လမှ ၆ လ
အတွင်းမှာ သွေးထဲမှ ရောဂါပိုးကို တုံ့ပြန်ဖို့ ပဋိပစ္စည်း တစ်မျိုး ပေါ်လာသည်။
သွေးထဲမှာ အဲဒီ့ ပဋိ ပစ္စည်း ရှိ၊ မရှိ စစ်ဆေးကြည့်လျှင် HIV ရောဂါပိုး
ဝင်ရောက်ထားခြင်း ရှိ၊ မရှိကို သွယ်ဝိုက်ပြီး သိနိုင် သည်။ ရောဂါပိုး
ဝင်ရောက်ထားပြီး ၃ လမှ ၆ လ အတွင်းမှာ ပိုးရှိ၊ မရှိ သွေးစစ်ခဲ့၍ ပဋိပစ္စည်း
ပေါ်မလာသေးလျှင် ရောဂါပိုး ရှိလျက်နှင့် အဖြေ မှားနိုင်ပါသည်။ ဒါကြောင့် ရောဂါပိုး
ဝင်ရောက်ပြီး ၃ လမှ ၆ လ ကာလကို “ကြားဟာကွက် ကာလ”ဟု ခေါ်ပါသည်။ ရောဂါပိုး ရှိ၊ မရှိ
သေချာရန် အတွက် ပထမအကြိမ် သွေးစစ်ပြီး ရောဂါမတွေ့လျှင် ရောဂါ
ပိုးကူးစက်ခံရနိုင်သည့် အပြုအမူများကို ရှောင်ရှား ပြီး ၃ လနှင့် ၆ လအကြာတွင်
သွေးထပ်စစ်သင့် ပါသည်။ HIV ပိုးရောဂါ လက္ခဏာ စတင်လာ ချိန်တွင် ဆီးပူခြင်း၊
ညောင်းကျခြင်း၊ အဖြူဆင်းခြင်း၊ လိင်အင်္ဂါတွင် အနာဖြစ်ခြင်း၊ လိင်မှတစ်ဆင့်
ကူးစက်သော ရောဂါများ(ကာလသားရောဂါ)ဖြစ်ပွားလာသည်။ အသုံးပြုသော ဆေးထိုးအပ်၊ ဆေး
ထိုးပြွန်ကို မီးဖိုပေါ်တွင် ပွက်ပွက် ဆူနေသော ရေနွေးထဲမှာ မိနစ် ၂၀
ခန့်ကြာပြုတ်ပြီးမှသာ အသုံးပြုပါ။ အရန်သင့် ရှိနေသော ဓာတ်ဘူးထဲမှ ရေနွေးပူကို
မသုံးရပါ။
HIV ပိုး မကူးစက်သော နည်းများ
·
အတူတူ
အလုပ်လုပ်ခြင်း၊ နေထိုင်ခြင်း၊ စားသောက်ခြင်း၊ တွဲသွားတွဲလာခြင်း။
·
လက်ဆွဲ
နှုတ်ဆက်ခြင်း၊ ဖက်ယမ်းနမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်း။
·
အ၀တ်အစား၊
အိမ်သာ၊ အိပ်ရခင်း၊ အသုံး အဆောင်များ အတူသုံးစွဲခြင်း။
·
နှာချေခြင်း၊
ချောင်းဆိုးခြင်း၊ ရေအတူတူ ကူးခြင်း၊ ပန်းကန်၊ ရေခွက်တို့ အတူတူ သုံးစွဲခြင်း။
·
လူနာကို
စနစ်တကျ ပြုစုစောင့်ရှောက်ခြင်း၊ HIV-AIDS လူနာအား သတင်းမေးခြင်း။
·
ခြင်၊
ယင်၊ ပိုးမွှားကိုက်ခြင်း၊ ခွေး၊ ကြောင်လျက်ခြင်း၊ ကိုက်ခြင်းစသည်တို့မှ HIV
ရောဂါပိုး ရှိသူနှင့် အတူတူ သွားလာ နေထိုင်သော်လည်း HIV ပိုး မကူးစက် နိုင်ပါ။
HIV မှ AIDS သို့ AIDS ဆိုတာ
A = Acquired (တခြား တစ်ဦးထံမှ
ရရှိ သည်။ မွေးရာပါ ပါလာခြင်းမဟုတ်။)
I = Immune (ခုခံအားစနစ်)
ခုခံအားစနစ်သည် ရှုပ်ထွေးသော
ဇီဝစနစ် တစ်ခုဖြစ်ပြီး ရောဂါပိုးများကို တိုက်ခိုက်ရာတွင် ပါဝင်ကာ
ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို
ကျန်းမာစေသည်။
D = Deficiency (ချို့တဲ့ခြင်း)
ကိုယ်ခန္ဓာ၏ အဓိက ကာကွယ်မှု
စနစ်ဖြစ်သော ခုခံ အားစနစ် အားနည်းမှု၊ ယုတ်လျော့မှုကို ခုခံအား
ကျဆင်းမှုဟု ခေါ်သည်။
S = Syndrome (အခြေအနေတစ်ခု
(သို့မဟုတ်) ရောဂါစုတစ်ခု)
အခြေအနေ တစ်ခု (သို့မဟုတ်) ရောဂါစု
တစ်ခုကို ဖော်ညွှန်းသော လက္ခဏာ တစ်ခုဖြစ်ပါ သည်။ (သာမန် ဖျားနာမှု တစ်ခုသည် ရောဂါ
တစ်ခု၏ လက္ခဏာများဟု မဆိုလိုပါ။)
AIDS ရောဂါလက္ခဏာများ
AIDS ရောဂါဆိုတာ HIV
ရောဂါပိုးကြောင့် ဖြစ်တဲ့ ရောဂါ လက္ခဏာစု ဖြစ်သည်။ HIV ရောဂါပိုးဟာ လူ၏
ခန္ဓာကိုယ်ထဲမှာ ၀င်ရောက်လာချိန် ၂ နှစ်မှ ၁၀ နှစ်အတွင်း ကြာလာသည်နှင့် အမျှ AIDS
ရောဂါ လက္ခဏာတွေ စတင်ဖြစ်ပေါ်လာပြီး ၆ လမှ ၂ နှစ်အတွင်း သေဆုံး တတ်သည်။ AIDS ရောဂါ
လက္ခဏာတွေကို အဓိကနှင့် သာမန် လက္ခဏာ ဆိုပြီး ၂ မျိုးခွဲခြားနိုင်သည်။ အနည်းဆုံး
အဓိက လက္ခဏာ ၂ ခုနှင့် သာမန် လက္ခဏာ ဆိုပြီး ၂ မျိုး ခွဲခြားနိုင်သည်။ အနည်းဆုံး
အဓိက လက္ခဏာ ၂ ခုနှင့် သာမန် လက္ခဏာ ၁ ခုရှိမှသာ AIDS ရောဂါ ဖြစ်နိုင်သည်ဟုလို့
ခန်မှန်း နိုင်ပါသည်။ ထို့ကြောင့် ရောဂါ လက္ခဏာ တချို့ တွေ့ရုံနှင့် AIDS ရောဂါ
ဖြစ်နေသည်ဟု မပြောသင့်ပါ။
AIDS အဓိက လက္ခဏာ
AIDS အဓိက လက္ခဏာတွေကတော့...
(၁)
ကိုယ်အလေးချိန်(၁၀)ရာခိုင်နှုန်း အထက် လျော့နည်းပြီး သိသိသာသာ ပိန်ခြင်း။
(၂) တစ်လထက်ကြာသော အဖျား
ရောဂါဖြစ်ခြင်း။
(၃) တစ်လထက်ကြာသော ၀မ်းလျှော
ရောဂါဖြစ်ခြင်း။ (၀မ်းဆက်သွားခြင်း စသည်တို့ဖြစ်သည်။)
AIDS သာမန် လက္ခဏာတွေကတော့...
(၁) တီဘီရောဂါ မဖြစ်ဘဲ တစ်လထက်
ပိုပြီး ချောင်းအမြဲဆိုးခြင်း။
(၂) ပါးစပ်နှင့် လည်ချောင်းတွင်
မက်ခရုများ ပေါက်ခြင်း။
(၃) အပြင်းစား ရေယုန်များ မကြာခဏ
ပေါက်ခြင်းနှင့် ရေယုန်များ နေရာအနှံ့ ပေါက်ခြင်း။
(၄) ခန္ဓာကိုယ် အနှံ့အပြား အကျိတ်များ
ရောင်ခြင်း။ (ကင်ဆာမပါ။)
(၅) ခန္ဓာကိုယ် အနှံ့အပြား အရေပြား
ယားယံပြီး ရောင်ရမ်းခြင်း စသည်တို့
ဖြစ်သည်။ AIDS ကြောင့် ခုခံအား
ကျဆင်းလာသည့် အခါ တီဘီ ရောဂါလည်း အဖြစ်
များတတ်ပါသည်။ အခြား ရောဂါမျိုးစုံလည်း
ဝင်နိုင်ပါသည်။
မိခင်မှ သန္ဓေသား ကူးစက်ခြင်း
မိခင်မှ သန္ဓေသား ကူးစက်ရာတွင်
များသောအားဖြင့် ကလေးအသက် ၈ လခန့်မှာ ရောဂါ လက္ခဏာများ စတင် ဖြစ်ပေါ်လာတတ်ပါသည်။
တစ်ခါ တစ်ရံလည်း မွေးကင်းစ အချိန်ကတည်းက စတင် ဖြစ်ပေါ်လာတတ်ပါသည်။
(၁) ကလေး ကြီးထွားမှု မရှိခြင်း၊
ကြီးထွားမှု နှေးကွေးခြင်း။
(၂) အသည်း၊ ဘေလုံးအကျိတ်များ
ကြီးထွားနေခြင်း။
(၃) မကြာခဏ ဖျားနာခြင်း၊
ကူးစက်ရောဂါများ ခံစားရခြင်းစသည့် လက္ခဏာများ တွေ့ရပါသည်။
HIV ပိုးရှိနေလျှင် ဘာလုပ်ရမလဲ
(၁) မိမိ ကျန်းမာရေးကို
ဂရုစိုက်ပါ။
- စိတ်ဓာတ် မကျပါနှင့်။ အာဟာရ
ပြည့်ဝအောင် စားပြီး နေကောင်းအောင် ဂရုစိုက်နေထိုင်ပါ။
- ရောဂါပိုး ရှိပေမယ့်
နှစ်ပေါင်းများစွာ ကျန်းကျန်းမာမာနှင့် နေနိုင်ပါသည်။
- နေမကောင်း ဖြစ်ခဲ့လျှင်
ကျန်းမာရေး ၀န်ထမ်းနှင့် တိုင်ပင်ပြီး ချက်ချင်း ကုသမှုခံယူပါ။
- နှစ်သိမ့် ဆွေးနွေးမှု ခံယူပါ။
(၂) မိမိထံမှ တစ်ပါးသူများကို
ရောဂါပိုး မကူးစက်အောင် ဆောင်ရွက်ပါ။
- သွေးမလှူပါနှင့်။
- တစ်ခါသုံး အပ်၊
ဘရိတ်ဓားတို့ကိုသာ သုံးပါ။
- လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။
မရှောင်နိုင်လျှင် ကွန်ဒုံးကို စနစ်တကျနှင့် အမြဲသုံးပါ။
- ကိုယ်ဝန်ဆောင် မိခင်ဖြစ်ခဲ့လျှင်
ကလေးကို မကူးအောင် (Nevirapine) ဆေးတိုက်ပါ။ ကလေးမွေး ခါနီး ဗိုက်နာသည့်
အချိန်တွင် ဆေး ၁ လုံးသောက်ပါ။ ကလေးကိုလည်း မွေးပြီးပြီးချင်း ၇၂နာရီ အတွင်း ဆေးတစ်ခွက်စာ
တိုက်ပါ။
(၃) HIV-AIDS ရောဂါရှိသူကို
ကျန်းမာရေး ၀န်ထမ်းတွေက ဘာလုပ်ပေးသင့်သလဲ။
ဖြစ်လာသော ရောဂါ ဝေဒနာများကို
သက်သာအောင် ကုသပေးသင့်သည်။ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းမှာ တွေ့ကြုံ
ခံစားရသည့် ပြဿနာများ အတွက် လူနာနှင့် မိသားစုကိုပါ နှစ်သိမ့် ဆွေးနွေး ပေးရမည်။
လူနာများကို အိမ်တွင် ပြုစု စောင့်ရှောက်တတ်အောင် မိသားစုဝင်တွေကို သင်ပေးမည်။
ကိုယ်ဝန်ဆောင် မိခင်ဖြစ်ခဲ့လျှင် ကလေးကို မကူးအောင် ဆေးတိုက် ပေးရမည်။
(၄) မိသားစုဝင်တွေနှင့် မိတ်ဆွေ
အိမ်နီးချင်း အတွက် ဆောင်ရွက်ရမည့် နည်းများ။
လူနာကို မပစ်ပယ်ဘဲ ပြုစု
စောင့်ရှောက်ရမည်။ ဆေးဝါး ကုသမှု ခံယူရန် ဆေးရုံ၊ ဆေးခန်းသို့ ပို့ပေးရမည်။
သတိပြုရန်မှာ လူနာ၏သွေး၊ အနာတို့ကို ကိုင်တွယ်မည်ဆိုလျှင် တစ်ခါသုံး လက်အိတ်
သုံးရမည်။ လူနာ၏ အ၀တ်အစားများကို လျှော်ဖွပ်မည် ဆိုလျှင် ပိုးသတ်ဆေး(အရောင်
ချွတ်ဆေးမှုန့်) အရင်စိမ်ရမည်။ မရှိလျှင် ရေနွေး ပွက်ပွက်ဆူထဲတွင် ပြုတ်ရမည်။
လူနာအတွက် သီးသန့်ခန်း တစ်ခန်းထားပေးနိုင်လျှင် တစ်မျိုး ကောင်းသော်လည်း၊ တစ်ဦးတည်း
ပစ်ပယ်ခံရသလို စိတ်ဓာတ်ကျ နိုင်သဖြင့် အိမ်သားများနှင့် ရောနှော နေထိုင်ခြင်းက
အကောင်းဆုံး ဖြစ်သည်။ မိတ်ဆွေ၊ အိမ်နီးချင်း များက ၀ိုင်းဝန်း ကူညီပံ့ပိုး ပေး၍
လူနာအား သတင်းမေးခြင်း၊ အားပေးခြင်း၊ စောင့်ရှောက် ပေးခြင်းတို့ ပြုလုပ်
ပေးကြရမည်။ AIDS လူနာကို အပြစ်တင်ပြီး ရှောင်ကြဉ်ပစ်ပယ် ထားကြမည် ဆိုလျှင် ဒီရောဂါ
ကပ်ဆိုးကြီးကို ပိုပြီး ဆိုးလာအောင် ပြုလုပ်ခြင်းနှင့် တူပါသည်။ HIV
ပိုးရှိသူနှင့် AIDS ဝေဒနာရှင် များက မိမိတို့၏ ရောဂါကို ဖုံးဖိထားခြင်းဖြင့်
ရောဂါမပြန့်ပွား အောင် ကာကွယ်ရန်နှင့် လိုအပ်သည့် အသိပညာ များမရရှိဘဲ ရောဂါကို
ပိုမို ပျံ့နှံ့စေနိုင်ပါသည်။
AIDS ရောဂါ မဖြစ်အောင် ဘယ်လို
ကာကွယ်မလဲ
မိမိ၏ အပြုအမူတို့ကို ဆင်ခြင်ပါ။
အိမ်ထောင်မပြုမီ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။ (အတတ်နိုင် ဆုံး)
ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးစံများကိုထိန်းသိမ်းပါ။ လိင်အပျော်အပါး ရှောင်ကြဉ်ပါ။
မိမိဇနီး၊ ခင်ပွန်းအပေါ် အပြန်အလှန် သစ္စာရှိပါ။ လိင်ဆက်ဆံဖက်ကို နည်းနိုင်သမျှ
နည်းပါစေ။ မရှောင်ကြဉ်နိုင် ပါက မိမိ အိမ်ထောင်ဖက် မဟုတ်သူများနှင့် လိင်ဆက်
ဆံလျှင် ကွန်ဒုံးကို စနစ်တကျနှင့် အမြဲသုံးပါ။ လိင်ဆက်ဆံဖက် တစ်ဦးထက်မက ရှိနေလျှင်
မိမိ အိမ်ထောင်ဖက်နှင့် လိင်ဆက်ဆံသည့် အခါမှာ လည်း ကွန်ဒုံးကို စနစ်တကျနှင့်
အမြဲသုံးပါ။ ကွန်ဒုံးသုံးခြင်းသည် ကိုယ်ဝန်ဆောင်ခြင်းကိုသာ မက HIV-AIDS နှင့်
အခြားလိင်မှ ကူးစက်တတ်သော ရောဂါများကိုပါ ကာကွယ် ပေးနိုင်သော တစ်ခုတည်း သော
ပဋိသန္ဓေ တားဆေး၊ တားနည်း ဖြစ်ကြောင်း အမျိုးသမီးများ အားလုံး သိထားသင့်သည်။ မလို အပ်ဘဲ
သွေးမသွင်းပါနှင့်။ ဆေးမထိုး ပါနှင့်။ လိုအပ်၍ သွေးသွင်းလျှင် ရောဂါပိုး ရှိ၊
မရှိစစ်ထားသော သွေးကိုသာ သွင်းပါ။ ဆေးထိုးလျှင် တစ်ခါသုံး အပ်နှင့်
ဆေးထိုးပြွန်ကိုသာ အသုံးပြုပါ။ နားလည် တတ်ကျွမ်းသော ဆရာဝန်၊ ဆရာမနှင့်သာ
ဆေးထိုးခြင်း၊ သွားနုတ်ခြင်း၊ ခွဲစိတ်ခြင်း၊ နားဖောက်ခြင်း၊ ဆေးကုသမှု
ခံယူခြင်းများကို ဆောင်ရွက်ပါ။ ဆံပင်ရိတ်လျှင် တစ်ခါသုံး ဘရိတ်ဓားကိုသာ
အသုံးပြုပါ။ ဆေးမင်ကြောင် မထိုးပါနှင့်။ မက်ကလောင် မဖောက်ပါနှင့်။ အရက်သေစာ
သောက်စား မူးယစ်ခြင်းနှင့် မူးယစ်ဆေး အားလုံးကို ရှောင်ကြဉ်ပါ။
HIV ပိုးရှိသော အမျိုးသမီးများ
အနေဖြင့် သားဆက်ခြားနည်း(ကွန်ဒုံး)ကို အသုံးပြုပါ။ ကိုယ်ဝန်ဆောင် မိခင်မှာ HIV
ပိုး ကလေးကို ကူးစက်မှု လျော့နည်းအောင် မီးဖွားစ အချိန်တွင် မိခင်ကို ဆေးတစ်ခွက်
(Nevirapine), မွေးပြီးစမှာ ကလေးကို ဆေးတစ်ခွက် တိုက်နိုင်သည်။ ကျန်းမာရေး
အသိရှိသော မိခင်တိုင်း သွေးစစ်သင့်၊ မသင့် ကျန်းမာရေး ၀န်ထမ်းနှင့် တိုင်ပင်
ဆွေးနွေး သင့်ပါသည်။ HIV-AIDS ရောဂါကို အကောင်းဆုံး ကာကွယ်နည်းမှာ အန္တရာယ်
ဖြစ်စေတတ်သော အမူ အကျင့်များကို လုံးဝ ရှောင်ကြဉ်ခြင်းဖြစ်သည်။
သူငယ်ချင်းတို့ရေ
တို့လူငယ်တွေက ခွန်အားရှိကြတယ်။
သန်မာဖျတ်လတ်ကြတယ်။
ဒါပေမယ့်
HIV ပိုးကနေ AIDS ရောဂါဆိုးဖြစ်ကာ
အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊
ဆင်းရဲချမ်းသာ မရွေး၊ မဖိတ်ခေါ်ဘဲ၊
မသိလိုက်ဘဲ
ခန္ဓာကိုယ်ထဲကို
ဝင်ရောက်လာတတ်တယ်နော်။
အဲဒီအခါမှာ တို့ရဲ့အနာဂတ်တွေ
ရှေ့ဆက်လို့ မရဘဲ
ပျောက်ဆုံးသွားရလိမ့်မယ်။
ဒီလို မဖြစ်ရလေအောင်
အခုမင်း သိလိုက်ရတဲ့ ဗဟုသုတတွေကို
ကိုယ်တိုင် ကျင့်သုံးခြင်းနှင့်အတူ
လူငယ် အချင်းချင်း တတ်စွမ်းသလောက်
နေရာအနှံ့အပြားသို့
ရောက်ရှိသွားအောင်
ဖြန့်ဝေပေးပါကွာ။
ကမ္ဘာမြေရဲ့
အနာဂတ်တိုင်းမှာ
လူငယ်ကြယ်ပွင့်လေးတွေ
ဆက်ပြီး လင်းလက်စေနိုင်ဖို့ အတွက်
တို့အားလုံးမှာ တာဝန်ရှိပါတယ်။
ကျေးဇူးတင်ပါတယ် သူငယ်ချင်း...။
ကျမ်းကိုး
-ဘ၀တွက်တာ သိမှတ်စရာစာအုပ်
HIV-AIDS အမေးအဖြေစာအုပ်
HIV-AIDS ပညာပေးစာအုပ်
-မျိုးဆက်ပွား ကျန်းမာရေး ပညာပေး
ရုပ်လှန်ကားချပ်။
-ဒေါင်းကျ YIC လူငယ်ရိပ်မွန်မှ
သင်ကြား ပို့ချချက်များ။
နေနေဇော်၊
လမ်းဟောင်း၊
ဒီဇင်ဘာလ ၂၀၁၀)
Teen
မဂ္ဂဇင်း - HIV-AIDS
(ခုခံအားကျဆင်းကူးစက်ရောဂါ)




