10
May

HIV /AIDS ဝေဒနာရှင်များ အရက်သောက်ခြင်းကို ရှောင်ကြဉ်သင့်

ခုခံအားကျဆင်းမှု ကူးစက်ရောဂါခံစားနေပြီး အရက်သေစာ သောက်သုံးသူများသည်
တီဘီရောဂါ၊ အဆုတ်ရောင် ရောဂါနှင့် အသည်းရောင် အသည်းဝါရောဂါများ ပိုမိုဖြစ်ပွားစေတတ်ပြီး၊
အချို့ART ဆေးဝါးများ၏ အာနိသင်ကို အနှောင့်အယှက်ပေး နိုင်ကြောင်းသိရသည်။ အရက်သေစာ
သောက်သုံးမှုသည် ခုခံအားကျ ကူးစက်ရောဂါ ကြောင့်ဖြစ်ပွားသည့် ဦးနှောက်နှင့် အာရုံကြောပျက်စီးမှုကိုလည်း ပိုမိုဆိုးဝါးစေနိုင်သည့်အပြင် သတိမေ့ခြင်း၊ အပြုအမူပြောင်းလဲခြင်း၊
ကြောင်တောင်တောင် ဖြစ်ခြင်း၊ ခြေလက် ထုံကျဉ်ခြင်း၊ အောက်ပိုင်း လေးလံခြင်း၊ အောက်ပိုင်းသေခြင်း
နှင့် လေဖြတ်ခြင်း များကိုလည်း ပိုမို ဖြစ်ပွားတတ် ကြောင်း သိရသည်။

 

HIV/AIDS ရှိနေတဲ့အခါ အရက်ကို ရှောင်သင့်တယ်။ ခုခံအား နည်းနေတဲ့အချိန်ဖြစ်လို့
တခြားရောဂါတွေ ဝင်နိုင်တယ်။ အရက်သောက်တော့ အအိပ်ပျက်တယ်၊ အာဟာရပြည့်တဲ့ အစားအစာတွေကို
စားသင့်တယ်။ ပြီးတော့ စားတဲ့အခါလည်း နည်းနည်းနဲ့ ခဏခဏ စားသင့်တယ်။ အရင်ဆုံး ကိုယ်စား
သောက်မယ့်အရာဟာ ကိုယ့်ရောဂါနဲ့ တည့်ပါ့မလား၊ ဥာဏ်နဲ့ အရင်ဆုံးစဉ်းစားသင့်ပါတယ် ဟု အရေ
ပြား၊ ကာလသား HIV အထူးကု ဆရာဝန်တစ်ဦးက ပြောသည်။

 

အရက်သောက်သုံးသည့် ခုခံအားကျဆင်းမှု ရောဂါရှင်များသည် ဆေးဝါးကို
ပုံမှန်သောက်သုံးမှု မရှိတတ်သော ကြောင့် တစ်သက်လုံး ပုံမှန်သောက်သုံးရမည့် ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ဆေးပေါင်းကုထုံးနှင့် ဆေးကုသမှု ခံယူရာတွင် အခက်အခဲရှိပြီး အောင်မြင်မှုနည်းပါးကြောင်း
တွေ့ရ သည်။

 

ART ဆေး သောက်သုံးသူများ အရက်သောက်သုံးပါက သွေးထဲရှိ
CD4 သွေးဖြူဥ အရေအတွက် ကျဆင်းစေပြီး၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုးတက်မှုနှုန်း ပိုမိုမြန်
ဆန်ကြောင်းသိရသည်။ ထို့ပြင် အရက်သောက်သုံးခြင်း ဖြင့် တချို့ AIDS ဆေးများ၏ အာနိသင်ကို
လျော့နည်းစေခြင်းနှင့် AIDS ဆေးဝါး၏ ဆေးပမာဏကို မြင့်မားစေပြီး ဆေး၏ ဘေးထွက်ဆိုးကျိုးကို
ပိုမိုဖြစ်ပွားစေကြောင်း သိရသည်။

 

ART ဆေးကို ရောဂါရှိတိုင်း ကိုယ့်ဟာကို ဝယ်သောက်လို့ မရပါဘူး။
ART ဆေးသောက်ရင်လည်း သောက်လိုက် မသောက်လိုက် လုပ်လို့မရပါဘူး။ သောက်ရင်လည်း တစ်သက်လုံး
သောက်ရမယ်၊ မသောက်ရင် နောက်ဆေး မတိုးတဲ့ပြဿနာနဲ့ ကြုံတွေ့နိုင်ပါတယ်ဟု ၄င်းကပြောသည်။
အရက် သောက်သုံးခြင်း၏ အဆိုးဆုံးသောအချက်များ မှာ မိမိပုံမှန် သောက်သုံးနေသည့် ART ဆေးဝါးများကို
မူးနေလျှင် ဆေးသောက်ရန် မေ့လျော့နေတတ်ခြင်းကြောင့် ဖြစ်သည်။ မေ့လျော့လာမှု များလာပါက
ဆေးယဉ်ပါးသည့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးများ ဖြစ်ပေါ်လာနိုင် ကြောင်းသိရသည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှိပြီး အရက်သောက်သုံးသူများသည် အသည်း ထိခိုက် ပျက်စီးမှု
ဆိုးရွားပါက ART ဆေးသောက်မှုကို ရပ်ထားရပြီး ဆက်လက် အသက်ရှင်သန်မှုကိုပါ ထိခိုက်စေသည့် အတွက်
ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှင်များသည် အရက်သေစာ သောက်သုံးမှုကို ရှောင်ကြဉ်သင့် ကြောင်း
သိရသည်။

 

ငုဝါမိုး

 

Ecovision
weekly journal - HIV
/AIDS ဝေဒနာရှင်များ အရက်သောက်ခြင်းကို ရှောင်ကြဉ်သင့်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top