မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန် တောင်ခြေ သစ္စာဝေဒဂူ မိုးကုတ် ၀ိပဿနာဓမ္မရိပ်သာအနီးတွင် HIV- AIDS ဝေဒနာကူးစက် ခံစားနေရသော ကလေးငယ်များအတွက် မန္တလေး သစ္စာဝေဒဂူ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကို တည်ထောင်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါတွင် ဂေဟာတည်ထောင်ရန်အတွက် အခြေအနေ မပေး တော့သောကြောင့် ပြောင်းရွှေဖွင့်လှစ်နိုင်ရေး အတွက် မြေနေရာ ရှာဖွေလျက်ရှိကြောင်း သိရသည်။
ယခုအခါတွင် ဂေဟာတည်ထောင် ရန်အတွက်မဖြစ်နိုင်တော့သောကြောင့် သစ္စာဝေဒဂူ ဥပတ္တမ္မကအဖွဲ့က ဇန်န၀ါရီလ ၁၀ ရက်နေ့ သတင်းစာတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရေတံခွန်တောင်ခြေရှိ မိုးကုတ်ရိပ် သာပိုင် မြေနေရာတစ်ဧကခွဲအား ပရဟိတဂေဟာ တည်ထောင်နိုင်ရန် သစ္စာဝေဒဂူဆရာတော်က လှူဒါန်းခဲ့သည်။
ယခုအခါ ၎င်းမြေနေရာတွင် ဂေဟာ ဆောက်လုပ်ရန်မဖြစ်နိုင်တော့သဖြင့် ဂေဟာတည် ထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေသော သူများသည် မိမိတို့၏ အစီအစဉ်ဖြင့် မြေနေရာအား ရှာဖွေရမည်ဖြစ်ပြီး မြေ နေရာဝယ်ယူရန် တွေ့ရှိပါက ဆရာတော်က အလှူငွေ ထည့်ဝင်လှူဒါန်းပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဂေဟာ၏ အဓိကရည်ရွယ်ချက်မှာ HIV ရောဂါပိုးဝင်ရောက်ကူးစက် ခံနေရသော မိဘမဲ့ကလေးသူငယ်များအား စနစ်တကျပြုစု စောင့်ရှောက်၍ မိသားစုပုံစံဖြင့် ကြင်နာမှု ပေးရန် ရည်ရွယ်လျက်ရှိကြောင်းအသင်းမှ တာဝန်ရှိ သူများကဆိုသည်။
ဂေဟာတွင် အသက်တစ်နှစ်ခွဲမှ ၁၂ နှစ်အတွင်း အမိအဖနှစ်ဦး စလုံးမရှိသော HIV ကူးစက်ခံထားရသည့် ကလေးငယ်များ၊ အမိအဖ တစ်ဦးရှိသော်လည်း ဝေဒနာခံစားနေရ၍ ကလေးငယ်အား ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့် HIV ကူးစက်ခံထား ရသော ကလေးငယ်နှင့် အခြေအနေ အရပ်ရပ်ကို ထောက်ရှု၍ ပြုစုပျိုးထောင်ရန် လိုအပ် သည့် မိဘမဲ့ မဟုတ်သည့် HIV ပိုးရှိသည့် ကလေးငယ်များအား လက်ခံပေးသွားမည်ဖြစ်သည်။
ကလေးငယ်များ၏ စားဝတ်နေရေးအတွက် သန့်ရှင်း၍ အာဟာရပြည့်ဝသော အစားအစာများကို ၀န်ထမ်းများကိုယ်တိုင်းချက်ပြုတ် ကျွေးမွေးစေပြီး နေရာထိုင်ခင်းနှင့် အ၀တ်အထည် အသုံးအဆောင်များကို သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ အသုံးပြုစေခြင်းနှင့် ကလေးငယ်များ၏ ကျန်းမာရေးကိုလည်း အထူးကုဆရာဝန်ကြီးများဖြင့် စစ်ဆေးမှုများလည်း ပြုလုပ် ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
စည်သူလွင်
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)
မြန်မာတိုင်းမ် - HIV- AIDS ဝေဒနာခံစားနေရသောကလေးများအတွက် ပရဟိတ ဂေဟာဖွင့်လှစ်ရန် နေရာပြောင်း




