3
Oct

HIV .. AIDS ကြောက်သင့် မကြောက်သင့်



HIV/
AIDS နဲ့ ပတ်သက်လို့ ခက်ခဲလှတဲ့ ကိစ္စတွေထဲက တစ်ခုက တစ်ဖက်က နောက်ထပ် ရောဂါပိုး ပြန့်ပွားမှုတွေ
များမလာအောင် ထိန်းချုပ်နိုင်ဖို့ ကာကွယ်ရေး ဆိုင်ရာ အသိပညာတွေကို ပေးရသလို တစ်ဖက်ကလည်း
ရောဂါပိုးနဲ့ နေထိုင်ရသူတွေ ခွဲခြား ဆက်ဆံ မခံရအောင် နာမည်ဆိုး သတ်မှတ် မခံရအောင် ကြိုးစားနေရခြင်းပါ။

ကုလို့
မပျောက်တဲ့ ရောဂါ၊ သေမှာပဲ လို့ ပြောခဲ့၊ ပညာပေးခဲ့မိလို့ ရောဂါပိုး ရှိသူတွေကို အန္တရာယ်
ပြုခံခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။တခြား နာတာရှည် ရောဂါလိုပဲ။ ရောဂါပိုးနဲ့ ရှင်သန်
အသက်ရှည် နေလို့ ရပါတယ်လို့ ပြောပြန်တော့ အစွန်းရောက်သူတွေက “ ကာကွယ်ဖို့ မလိုတော့ဘူးလား
” လို့ ယူဆကြပြန်တယ်။

ရောဂါပိုးနဲ့
နေထိုင်ရသူတွေထဲမှာ အပြုအမူပိုင်းဆိုင်ရာမှာ အပြစ်ပြောစရာ လုံးဝ မရှိတဲ့ ကလေးငယ်တွေ၊
အိမ်ရှင်မတွေ၊ အမျိုးသား၊ အမျိုးသမီးတွေလဲ ပါနေတာမို့ အပြုအမူတွေကို အပြစ်ပြောဖို့လဲ
ခက်ပါတယ်။

တကယ်ကတော့
ရောဂါပိုး ကူးစက်မှာကို ကြောက်ရွံ့ရင် ရောဂါပိုး ရှိသူတွေကို ရှောင်ရမှာ မဟုတ်ပါဘူး။
ရောဂါပိုး ကူးစက်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်ရမှာ။

အိတ်ခ်ျအိုင်ဗွီပိုး
ကူးစက်ပုံ ကူးစက်နည်း အဓိက နည်းလမ်း သုံးခုကို အခါခါ ကြားဖူးပြီးသား ဖြစ်မှာ ဖြစ်ပေမယ့်
သတိရအောင် ထပ်ပြောပါရစေ။

- အကာအကွယ်မဲ့
လိင်ဆက်ဆံတာ (စအို၊ ပါးစပ်၊ လိင်အင်္ဂါ စတဲ့ နည်း အားလုံး)

- သွေးကနေ
တစ်ဆင့် ( သွေးပေနေတဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေကို မျှသုံး ပေါင်းသုံး ရောသုံး ရာကနေလဲ
ကူးနိုင်တယ် .. ဥပမာ - ဆေးထိုးအပ် မျှသုံးတာ)

- ကိုယ်ဝန်ဆောင်
မိခင် ၊ နို့တိုက်မိခင်ကနေ ကလေးကို ကူးစက်တာ

ဆေးရှိနေပြီပဲ။
ရောဂါပိုးက အရေးကြီးသလား ? တကယ် ဆေးသောက်နေရတဲ့ သူတွေကို မေးကြည့်ပါ။ လွယ်သလားလို့။
ဆေးရဖို့ ခက်သလို၊ ဆေးရပြီးတဲ့ အခါမှာလဲ ဘေးထွက် ဆိုးကျိုးတွေကို အလူးအလဲ ခံရတာ ဘယ်လောက်ခက်တယ်
ဆိုတာ ပြောရင် ပိုးရှိပြီးသား သူတွေကို စိတ်ဓာတ်ချ သလို ဖြစ်မလား။

မကြာသေးခင်က
UNAIDS က ထွက်လာခဲ့တဲ့ ကြေငြာချက်ကလေးမှာ အခုအချိန်မှာ အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်သူ
လူလေးသန်းကျော်က အိတ်ခ်ျအိုင်ဗွီပိုး ပွားမှုနှုန်းကို ရပ်တန့် စေနိုင်တဲ့ အေအာတီ ဆေးကို
ရရှိပြီ ဖြစ်ပါသတဲ့။ ဒါက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြွယ်ဝမှု အလယ်အလတ် ရှိတဲ့ နိုင်ငံတွေနဲ့
ဆင်းရဲတဲ့ နိုင်ငံတွေကို ကြည့်ပြီး ပြောထားတာပါ။ အဲဒါက ပြီးခဲ့တဲ့ နှစ်ကထက် စာရင် ၃၆%
တက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ငါးနှစ်ကာလနဲ့ နှိုင်းယှဉ်ရင် ဆယ်ဆတောင် တက်လာတာ ဖြစ်ပါသတဲ့။

ဒါပေမယ့်
ဒါက အေအာတီ ဆေးကို လိုအပ်နေသူတွေရဲ့ ၄၂% ပတ်ဝန်းကျင်ပဲ ရသေးတာ။ အဲဒီတော့ ဆေးမရသေးတဲ့သူ
၅၈% ပတ်ဝန်းကျင် ကျန်နေသေးတယ်။ ပြီးတော့ ယခု လက်ရှိ အခြေအနေ အရ အေအာတီဆေး နှစ်ယောက်
ရတိုင်းမှာ အသစ် ထပ်ပြီး ပိုးကူးခံလိုက်ရတဲ့ သူက ငါးယောက်နှုန်းလောက် ဖြစ်နေတယ်လို့လဲ
UNAIDS က ပြောပါတယ်။

ဒီနှုန်းအတိုင်း
သွားနေရင် ဆေးက လုံလောက်မှု ရှိပါ့မလား။ ပုံမှန် ဆေးနဲ့ မနိုင်တဲ့ ပိုးအမျိုးအစားတွေ
ရှိနေသေးတာကို မပြောဘဲ ထားမယ် ဆိုရင်တောင် အားတက်စရာ အများကြီး မရှိလှသေးဘူး။

ဒီလို
ဆေးတွေ ရဖို့၊ ပေါ်လစီတွေ ပြောင်းဖို့ကို ကြိုးစားတဲ့ သူတွေက အသေအကြေ ကြိုးစားနေကြရချိန်မှာ
လူတိုင်းလူတိုင်းကလဲ ကိုယ့်တာဝန် ကိုယ် ယူနိုင်သလောက် ယူသင့်တယ်လို့ ယူဆမိတယ်။ ကျွန်မ
ပြောလေ့ရှိတာကတော့ ပိုးရှိသူ တစ်ဦးက နောက်တစ်ယောက်ကို ကူးစေခဲ့ရင် ကိုယ့်အတွက် ဆေးရနိုင်ခွင့်
တစ်ယောက်စာ ပိုနည်းသွားအောင် လုပ်တာနဲ့ မတူဘူးလားလို့။

 

အိတ်ခ်ျအိုင်ဗွီပိုး
ရှိသူနဲ့ မရှိသူတွေ အိမ်ထောင်ပြုထားကြတာတွေ ရှိပါတယ်။ တော်ရုံ မေတ္တာတွေနဲ့ ဟုတ်ကြမယ်
မထင်ပါဘူး။ ကျွန်မ သိတဲ့ စုံတွဲကလေးကတော့ ကာယကံရှင် ပိုး ရှိသူ အမျိုးသားလေးက သူ့အမျိုးသမီးလေးအတွက်
အမြဲတမ်း စိုးရိမ်သောက ရောက်နေရတယ်။ သွေးစစ်တိုင်း သူ့မှာ ကူးပြီလားလို့ ရင်တထိတ်ထိတ်နဲ့။
ဒါကို အားပေးတိုက်တွန်းမှာ မဟုတ်သလို၊ ကန့်ကွက် အပြစ်တင်မှာလဲ မဟုတ်ပါဘူး။ နှစ်ယောက်
စလုံး ကိုယ့်အန္တရာယ်တွေကို သေသေချာချာ သိနားလည်ဖို့ လိုပါတယ်။

ပြီးတော့
အဲဒါတွေကို ဘယ်လို ကာကွယ် ရမယ် ဆိုတာကိုလဲ သေသေချာချာ သိနားလည်ထားဖို့ လိုပါတယ်။ အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ ပို့စ်တွေ ဒီမှာ ရှိပြီးသားမို့ အများကြီး မပြောချင်တော့ပါဘူး။
ပိုနားလည်ချင်ရင် အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ စာတွေကို များများ ဖတ်စေချင်ပါတယ်။

အသစ်တွေ့လာတဲ့
နည်းလမ်းတွေ၊ ကာကွယ်ဆေးတွေ၊ ပိုးသတ်ဆေးသုံးတာတွေကို သုတေသန ပြုလုပ်သူတွေက အကျိုးသက်ရောက်မှု
အတိုင်းအတာ တစ်ခုအထိ ရှိတယ်လို့ပဲ ပြောနိုင်တာပါ။

ကာကွယ်နိုင်တဲ့
ရာခိုင်နှုန်းတွေက နည်းပါးနေပါသေးတယ်။

ယူဂန်ဒါ
သမ္မတ ပြောဖူးတဲ့ စကားလေးကိုပဲ ပြန်ပြောရမယ် ထင်တယ်။ “ တကယ်လို့ သင့်လက်ကို ခြတောင်ပို့ထဲ
သွားထည့်လို့ မြွေကိုက်ခံရတယ်ဆိုရင် ဘယ်သူ့ အပြစ်လဲ” တဲ့။ ပြောချင်တာက ခြတောင်ပို့
တိုင်းထဲမှာ မြွေရှိချင်မှ ရှိမှာပါ။ ဒါပေမယ့် မြွေရှိနိုင်တယ် ဆိုတာကိုတော့ သဘောပေါက်
နားလည်ထားသင့်ပါတယ်။ ပြီးမှ မြွေကိုက်ခံရချင်လဲ ခံရပါစေ ဆိုရင်တော့လဲ မတတ်နိုင်ဘူးပေါ့လေ။
အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အားလုံး
လူတိုင်း လူတိုင်း သိခွင့် နားလည်ထားခွင့် ရှိပါတယ်။ ဒါမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ။

 

Ref:
http://www.unaids.org/en/KnowledgeCentre/Resources/FeatureStories/archive/2009/20090930_access_treatment_4millions.asp

http://www.unaids.org/en/CountryResponses/UniversalAccess/default.asp

http://www.unaids.org/en/KnowledgeCentre/HIVData/GlobalReport/2008/2008_Global_report.asp

Reader's
Digest Sept.2004, As Simple As ABC by John Dyson

 

http://health.ngoinmyanmar.org/2009/10/hiv-aids.html

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top