ဧပြီ ၁၊ ၂၀၀၉
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပထမဦးဆုံးအကြိမ် လာရောက်ပြီး ရရှိသည့်ရန်ပုံငွေကို HIV/ AIDS ဖြစ်နေသူများကို လှုဒါန်းရန် ကျင်းပသော Iron
Cross အဖွဲ့၏ ထိုင်း-မြန်မာ ချစ်ကြည်ရေးပွဲတွင် မြန်မာ နိုင်ငံသား ပရိသတ် ၄၀၀ ကျော် အဖမ်းခံရခြင်းပြီး လူအဝင် နည်းသောကြောင့်
အရှုံးပေါ်ခဲ့ရကြောင်း ကြားသိရပါသည်။
“ရှုံးတာက အလှူမှာ မတည်ငွေထည့်ထားတဲ့ ငွေတွေလည်း အကုန်လုံးဆုံးသွားတာပေါ့နော်၊ ကျနော်တို့ လူ ၄၀၀၀ လောက်ဝင်မှ အရင်း ပြန်ရမှာကိုး။ ကျနော် မှန်းထားတာက ၆ သောင်းလောက် ရမယ်လို့။ အခုက အကုန်လုံး ရှုံးကုန်တာပေါ့နော်။” ဟု ပွဲစီစဉ်သူတဦးက သတင်းနှင့် မီဒီယာကွန်ယက်ဌာနသို့ ပြောကြားခဲ့ပါသည်။
ယင်းပွဲတော်ကို မကျင်းပမှီ ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်း၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ရရှိသည့် အမြတ်ငွေများကို ရပါဘူရီခရိုင်၊ ဝမ်မာဖွတ် ဘုန်းကြီးကျောင်းမှ မိဘမဲ့ကလေးများနှင့် HIV/ AIDS ဖြစ်နေသူများကို လှုဒါန်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ရှိုးပွဲသို့ လာရောက်ကြည့်ရှု့ကြသည့် ပရိသတ်များသည် အများအားဖြင့် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိသူများ နှင့် လက်မှတ်ရှိသော်လည်း နေထိုင်ခွင့်ပြုထားသည့် နယ်မြေဒေသသို့ ကျော်လာသူများ ဖြစ်သည်ဟု သိရပါသည်။
IC ပွဲတွင် လက်မှတ်တစောင် ဘတ် ၄၀၀ ဖြင့် ရောင်းချကာ ကင်မရာ ယူဆောင် လာပါက ဘတ် ၃၀၀ အခွန်ဆောင်ရပြီး ဗီဒီယို ကင်မရာကို မူ ယူဆောင်ခွင့်မရှိကြောင်း သိရပါသည်။
IC အဖွဲ့မှ စီးလာသောကားကို ပွဲကျင်းပသည့်နေရာ မတိုင်မှီနေရာတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး တားမြစ်ထားခြင်းကြောင့် (၇) နာရီတွင် ကျင်းပရန် မှန်းထားသော်လည်း ည ၈ နာရီတွင် ကျင်းပနိုင်ခဲ့သည်။
ထိုသို့ ဖြစ်ရခြင်းမှာ IC အဖွဲ့ ၏ ပတ်စ်ပို့စ်သည် ဖျော်ဖြေရေးဗီဇာ မပါသောကြောင့် နာရီဝက်ကြာ ညှိနှိုင်းခဲ့ပြီးမှ ပွဲစခဲ့ရခြင်း ဖြစ်သည်။ ထိုပွဲကို အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ် နှင့် ကြိုးကြာတို့က ပါဝင်ဖျော်ဖြေခဲ့ပါသည်။
ဖမ်းဆီးထားသော မြန်မာနိုင်ငံ အလုပ်သားများကို နယ်စပ်သို့ ပြန်ပို့ရန် ရှိသည်ဟု ဆိုသည်။
သတင်းကို “ဤနေရာ” တွင်ရယူပါသည်။




