အမေး - ကျွန်တော့်မှာ HIV ကူးစက်ခံထားရကြောင်းကို လွန်ခဲ့တဲ့ တစ်နှစ်က သိရှိပြီးဖြစ်ပါတယ်။ စစပြခြင်း ကျွန်တော့ရဲ့ CD4 Account က (430) ပါ။ နောက်(3)လချိန်းလို့ ထပ်ပြတော့ (560)ကျော်ဖြစ်သွားပါတယ်။ နောက်(6) လ တစ်ခါ ထပ်ပြတဲ့အခါမှာ CD4 က (605) အထိ တက်လာပါတယ်။ လူကလည်း ကျန်းမာရေး ကောင်းနေတော့ ဆေးခန်းက ထွေထွေ ထူးထူး ဆေးစစ်မှုတွေ မလုပ်တော့ဘဲ နောက်ထပ် (6) လ ထပ်ချိန်းပါတယ်။ အခု ရက်ချိန်းမပြည့်ခင် (2) လလောက် အလိုမှာ တီဘီ လက္ခဏာလို့ ကိုယ့်ကိုယ်ကို သံသယရှိတာနဲ့ သလိပ်စစ် ၊ ဓာတ်မှန်ရိုက်ကြည့်တော့ တီဘီပိုးမတွေ့ရပါဘူး။ နောက်ဆုံး လည်ပင်းက အကြိတ်ကို ခွဲပြီး စစ်ကြည့်တော့မှ တီဘီပိုးတွေ့ရပါတယ်။
အခုဆိုရင် တီဘီဆေးသောက်တာ ရက်(20)ကျော်သွားပါပြီ။ ကျွန်တော်သိချင်တာက ကျွန်တော့်မှာ HIV ရှိတာကို အခုပြနေတဲ့ တီဘီဌာနမှာ ပြောပြသင့်/မပြောပြသင့်ပါ။ တီဘီကုထုံးမှာ HIV ရှိ/မရှိ သိမှ ဖြစ်မယ်ဆိုရင်တော့ ကျွန်တော်ပြောပြဖို့အဆင်သင့်ပါပဲ။ မလိုအပ်ရင်တော့ မပြောပြချင်ပါဘူး။ ကျွန်တော့်ကိုယ်တွေ့အရ ဆေးကုသမှုလွယ်ကူစေချင်လို့ ပွင့်ပွင့်လင်းလင်းပြောပြကာမှ ပိုဆိုးသွားတာ တစ်ခါမကတော့ပါဘူး။
အဖြေ - တီဘီကုတဲ့ ဌာနကို HIV ရှိကြောင်း အသိပေး ပြောပြသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ တီဘီကုထုံးနဲ့ HIV စပ်ဆက်နေလို့ပါ။
HIV နဲ့ TB က လင်မယားလိုပဲ တွဲပြီးဖြစ်တတ်တဲ့ရောဂါတွေပါ။ အခု နောက်ဆုံး စစ်ထားတဲ့ CD4 ကောင်းနေတဲ့ အတွက် တီဘီဆေး သောက်မယ်ဆိုရင် အဆင်ပြေမှာပါ။
ဖြစ်နိုင်ရင်တော့ ဆေးစစ်တဲ့ ဆေးခန်းမှာ ထပ်ပြီး CD4 ထပ်စစ်စေချင်ပါတယ်။ တီဘီဆေးမသောက်ခင် စီဒီဖိုးအကြောင်း သိထားရင် ပိုအဆင်ပြေစေပါတယ်။
တီဘီဆေး မသောက်ခင် စီဒီဖိုးအရေတွက်နဲ့ သောက်နေတုန်းအရေတွက်၊ သောက်ပြီး အရေတွက်တွေကို နှိုင်းယှဉ်ခြင်းအားဖြင့် HIV ပိုးအခြေနေကိုပါ ခန့်မှန်းနိုင်ပါတယ်။
တီဘီဆေးသောက်တာကတော့ အထူးဂရုစိုက်ရပါမယ်။ အချိန်မှန်မှန်နဲ့ ညွှန်းတဲ့ကာလ အတိုင်း သောက်ရင် တီဘီကို အရှင်း ပျောက်အောင်ကုနိုင်ပါတယ်။ အခုချိန်မှာ တီဘီဆေးကို စနစ်တကျသောက်ပါမှ ကိုယ်ခံအားကောင်းမှာဖြစ်ပါတယ်။
ထပ်ပြီးသိလိုတာရှိရင်လည်း ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
လေးစားလျက်-
လမင်းကို




