19
Jul

HIV/AIDS၊ မွတ်စ်လင်မ် နဲ့ မြန်မာနိုင်ငံ

၁၉၈၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ AIDS ရောဂါကြောင့် ကမ္ဘာပေါ်မှာ သေဆုံးသူဦးရေဟာ အခုဆိုရင် ၂၅ သန်းကျော်သွားပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပိုးကူးစက်ခံရသူဦးရေဟာ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၀.၆% ရှိပါတယ်။ HIV/AIDS ဟာ သာမန် ဆေးပညာဆိုင်ရာ ရောဂါတစ်ခုထက် ပိုတယ်လို့ ဆေးပညာရှင်တွေက ဆိုကြပါတယ်။ ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ အသိကြောင့် ရောဂါကူးစက်ခံရသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမြင့်မားတတ်ကြပါတယ်။ အဲဒါကြောင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံအများစု HIV/AIDS ကာကွယ်တားဆီးရေးနဲ့ ရောဂါပိုးကူးစက်ခံရသူတွေကို ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လာကြပါတယ်။

HIV ပိုးဟာ လူမျိုး၊ ဘာသာ၊ နေရာအစွဲမထားတတ်တာမို့ ဒီရောဂါဟာ မွတ်စ်လင်မ်နိုင်ငံနဲ့ အသိုင်းအ၀ိုင်းတွေကြားမှာလဲ လျစ်လျူရှုထားလို့မရတဲ့ ကိစ္စ တစ်ခုဖြစ်လာပါပြီ။ နိုင်ဂျီးရီးယားနဲ့ အီသီယိုပီးယားတို့လို မွတ်စ်လင်မ်လူဦးရေ ၅၀% အထက်ရှိတဲ့ နိုင်ငံတွေမှာ HIV ကူးစက်မှုနှုန်းဟာ နိုင်ငံလူဦးရေရဲ့ ၈-၁၀% ရှိပါတယ်။ တစ်ချိန်လုံး HIV ကင်းစင်ပါတယ်လို့ ဆိုခဲ့တဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာ ၂၀၀၆ ခုနှစ်မှာ နိုင်ငံအတွင်း HIV ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိကြောင်း  ကြေငြာခဲ့ပါတယ်။ တစ်ချိန်က HIV ရောဂါဟာ၊ အထူးသဖြင့် လိင်မှုဆိုင်ရာကိစ္စနဲ့ ဆက်စပ်မှုရှိတာကြောင့်၊ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းမှာ လက်သင့်မခံနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်က တခြားနေရာတွေမှာ အသုံးပြုနေတဲ့ HIV/AIDS ပညာပေးနည်းစနစ်တွေဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှာ ထိရောက်မှုမရှိဖြစ်ခဲ့ရပါတယ်။

အစောပိုင်းကာလတွေက အဲဒီလို အသိပေး၊ ပညာပေးမှုတွေ လုပ်နေတဲ့ကြားက HIV ပိုးရှိကြောင်းတွေ့ရှိတဲ့ သားဖြစ်သူကို မိသားစု သတိမေ့မျောတဲ့ထိ ရိုက်နှက်ပြီး အိမ်ကနေ မောင်းထုတ်တာ၊ ခင်ပွန်းသည်ကြောင့် ရောဂါကူးစက်ခံရတဲ့အမျိုးသမီးကို အသိုင်းအ၀ိုင်းက သပိတ်မှောက်ပြီး နေရပ်ကနေ မောင်းထုတ်တာစတဲ့ ပြဿနာတွေကို မွတ်စ်လင်မ်လူမှုအဖွဲ့အစည်းတွေ၊ အထူးသဖြင့် အာဖရိက မွတ်စ်လင်မ်နိုင်ငံတွေမှာ ကြုံခဲ့ရပါတယ်။

အဲဒါကြောင့် မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွင်းမှာ HIV/AIDS ဆိုင်ရာ အသိပညာပေးရေးအစီအစဉ် အတွက် နည်းလမ်းအသစ်တွေ လိုအပ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ အစ္စလာမ် သာသနာ့ပညာရှင်တွေနဲ့ ဘာသာရေးအဖွဲ့အစည်းကို ဦးဆောင်နေရာပေးပြီး ကြိုးပမ်းနိုင်ခဲ့တာကြောင့် အခုဆိုရင် ကမ္ဘာ့မွတ်စ်လင်မ် အသိုင်းအ၀ိုင်းတော်တော်များများကြားမှာ အဲဒီလို မလိုလားအပ်တဲ့ ပြဿနာတွေကို ကျော်လွှားလာနိုင်ပါပြီ။

မွတ်စ်လင်မ် နိုင်ငံတော်တော်များမှာ အဲဒီလို ဘာသာရေးဆိုင်ရာဦးဆောင်ပုဂ္ဂိုလ်တွေကို ၁၉၉၀ ခုနှစ်စောပိုင်းကာလတွေကတည်းက ပညာပေးအစီအစဉ်တွေ၊ အသိပေးလှုံ့ဆောင်မှု (Advocacy) တွေ လုပ်ထားကြတာကို တွေ့ရပါတယ်။

ယူဂန်ဒါနိုင်ငံမှာ Islamic Medical Association of Uganda (IMAU) အဖွဲ့က ကုရ်အာန်၊ ဟဒီးစ်တွေနဲ့ ကိုက်ညီတဲ့ HIV ပညာပေးအစီအစဉ်တစ်ရပ် စတင်ဖို့  ၁၉၈၀ နှောင်းပိုင်းကာလတွေမှာ စတင်ကြိုးစားခဲ့ပါတယ်။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းမှာ သြဇာအထိရောက်ဆုံး ဆိုတာကို တွေ့ရှိပြီးတဲ့နောက် IMAU က ရှေ့ဆောင်ဆရာ (အီမာမ်) တွေကို စုစည်းပြီး HIV ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲဒီ အလုပ်ရုံဆွေးနွေးပွဲ ကာလအတွင်းမှာ HIV ဆိုင်ရာအချက်အလက်တွေကို သိပ္ပံနည်းကျနားလည်လာပြီးတဲ့နောက် ယူဂန်ဒါနိုင်ငံရဲ့ ဓမ္မသတ်မှူးချုပ်က AIDS ဆန့်ကျင်ရေးဂျီဟဒ် (Jihad on AIDS) အဖြစ် ကြေငြာခဲ့ပါတယ်။ အဲဒီအချက်ဟာ “အီမာမ်များဦးဆောင်သော မိသားစု AIDS ပညာရေးနှင့် ကာကွယ်ရေး အစီအစဉ်´´ (Family AIDS Education and Prevention through Imams – FAEPTI) ကို အကောင်အထည်ဖော်ဖို့ IMAU အတွက် အဓိက အထောက် အကူပြုခဲ့ပါတယ်။

အဲဒီနောက် အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အီမာမ်တွေကို လူထုကြား ကျန်းမာရေးပညာပေး လုပ်ငန်းတွေမှာ ပါဝင်စေခဲ့ပါတယ်။ သောကြာနေ့တရားပွဲနဲ့ တခြားလူစည်ကားတဲ့နေရာတွေမှာ အဲဒီ အီမာမ်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။ အဓိကကတော့ ဝေဒနာသည်တွေရဲ့ အိမ်တွေကို သွားပြီး ၀တ်ပြုဆုတောင်း၊ ဒိုအာလုပ်ပေးတာ၊ ဝေဒနာသည်တွေကို အားပေးစကားပြောတာတွေကို လုပ်ကြပါတယ်။ အီမာမ်တွေကိုယ်တိုင်ဦးဆောင်တဲ့အတွက် ပတ်ဝန်းကျင်ကလည်း ဝေဒနာသည်တွေကို ပစ်ပယ်ထားတဲ့ အခြေအနေကနေ ပုံမှန်အတိုင်းဆက်ဆံမြဲဆက်ဆံပြီး လိုအပ်ရင် ဖေးမကူညီတဲ့ အခြေအနေကို ရောက်လာတယ်ပေါ့လေ။ ကက်ရှ်မီးယားမှာ HIV/AIDS ပညာပေးလုပ်တဲ့ အဖွဲ့အစည်းတစ်ခုကလည်း တခြားနည်းလမ်းတွေ (IEC၊ ရေဒီယို၊ တယ်လီဗေးရှင်း၊ ဟောပြောပွဲ စသဖြင့်) အသုံးချပြီးတဲ့နောက်ဆုံး ဘာသာရေးပညာရှင်တွေကို အသုံးပြုတာက အထိရောက်ဆုံးဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

ဆိုတော့..ဒီစီမံကိန်းဟာ ထိရောက်မှုရှိတဲ့အတွက်ကြောင့် UNAIDS အဖွဲ့က မွတ်စ်လင်မ်အသိုင်းအ၀ိုင်းတွင်း HIV/AIDS ပညာပေးလုပ်ငန်းအစီအစဉ်မှာ အကောင်းဆုံးစံစီမံကိန်းအဖြစ် သတ်မှတ်ခံရပါတယ်။ အခုနောက်ပိုင်း မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအတွင်း HIV/AIDS အစီအစဉ်တွေနဲ့ ပတ်သက်ရင် မွတ်စ်လင်မ်နိုင်ငံတွေကရော၊ မွတ်စ်လင်မ်နိုင်ငံမဟုတ်တဲ့နိုင်ငံတွေကပါ ဒီပုံစံ (Model) ကို စံထား အသုံးပြုလာကြပါတယ်။ ပါကစ္စတန်နိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံနဲ့ အီသီယိုပီယားနိုင်ငံအပါအ၀င် တခြားကမ္ဘာ့မွတ်စ်လင်မ်နိုင်ငံအများစုက HIV/AIDS အပေါ်ဂျီဟဒ် ကြေငြာခဲ့ပါတယ်။

ဒါ့အပြင် IMAU က ကြီးမှူးပြီးတော့ နိုင်ငံတကာ HIV/AIDS ဆိုင်ရာ မွတ်စ်လင်မ် ဘာသာရေးခေါင်းဆောင်များတိုင်ပင် ဆွေးနွေးပွဲ သုံးခုကို ကမ်ပါလာ (ယူဂန်ဒါ) မှာ ၂၀၀၁ ခုနှစ်၊ ကွာလာလမ်ပူ (မလေးရှာ) မှာ ၂၀၀၃ ခုနှစ်နဲ့ အက်ဒစ်အဘာဘာ (အီသီယိုပီးယား) မှာ ၂၀၀၇ ခုနှစ်တို့မှာ ကျင်းပခဲ့ပါတယ်။

အဲဒီတိုင်ပင်ဆွေးနွေးပွဲတွေကနေ အစ္စလာမ့်နည်းကျ HIV/AIDS ပြဿနာ ချဉ်းကပ်နည်း လုပ်ငန်းခွင်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် (Operational Definition of the Islamic Approach to HIV/AIDS) တစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာလည်း ၁၉၉၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာရေးပညာရှင်များ HIV/AIDS ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပပြီး အလားတူ မူဘောင် တစ်ခုကို ရေးဆွဲထားပါတယ်။

အဲဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ မူဘောင်တွေမှာ အဓိကပါဝင်တာကတော့ ရောဂါသည်တွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးဖို့ပါ။ ရောဂါသည်တွေကို ပုံမှန်ဆက်ဆံဖို့၊ အားပေးကူညီဖို့၊ အစ္စလာမ့်ထုံးတမ်းဓလေ့တွေကို သာမန်လူတွေအတိုင်း ကျင့်သုံးနိုင်ဖို့ (ဥပမာ – ထိမ်းမြားလက်ထပ်ခြင်း၊ ကလေးငယ်များ အရေပြား လှီးဖြတ်ခြင်း၊ အသုဘအခမ်းအနားစသဖြင့်)၊ လင်မယားကွာရှင်းမှုဆိုင်ရာ (ဖသ်ဝါ) ဥပဒေများ ကြေငြာခြင်း စတာတွေ ပါဝင်ပါတယ်။

တစ်ဖက်မှာ ကမ္ဘာပေါ်မှာ ဒီလို စနစ်တကျ အကောင်အထည်ဖော်နေတာတွေရှိရဲ့နဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဒီကိစ္စက ဘာသာရေးဆရာတွေ ကြားမှာ အခုထိ စိမ်းနေသေးတာက အနည်းငယ် ထူးဆန်းနေပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီရောဂါဟာ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းကြားမှာ ကူးစက်ပြန့်ပွားနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကံအကြောင်းမလှစွာပဲ ကူးစက်ခံရသူတွေဟာ တခြားနိုင်ငံ၊ ဒေသတွေက မွတ်စ်လင်မ်တွေလို အခွင့်အရေးမရရုံမက အနှိမ်ခံ၊ အပယ်ခံ ဘ၀ကို ရောက်ပြီး အခြေအနေ ဆိုးသထက် ဆိုးသွားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်၊ HIV ဆိုင်ရာ အသိချို့တဲ့ချိန်က အာဖရိကတိုက်မှာ ကြုံခဲ့ရတာမျိုး ကျွန်တော်တို့ ကြုံနေရပါတယ်။

အဲဒီ အချက်တွေကြောင့် HIV/AIDS လုပ်ငန်းနဲ့  ဆက်စပ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြတဲ့ မွတ်စ်လင်မ် လူငယ်တွေဟာ မွတ်စ်လင်မ် ဝေဒနာသည်တွေ တွေ့တဲ့အခါမှာ ထိထိရောက်ရောက် ဆက်လက်ကူညီဖို့ အခက်အခဲ  တွေ့ရပါတယ်။ တခြားဘာသာဝင်တွေအတွက် ဘာသာရေး ဆိုင်ရာအစီအစဉ်တွေနဲ့ ကူညီအားပေးနေတဲ့အချိန်မှာ ကိုယ့်မွတ်စ်လင်မ်တွေကတော့ ဘာသာရေးအသိုင်းအ၀ိုင်းက ပစ်ပယ်ခြင်းခံနေရတာကို ကြုံရတာကြောင့် စိတ်ပျက်ညည်းညူသံတွေကိုလည်း ကြားရပါတယ်။ လူငယ်တွေ၊ HIV/AIDS ဆိုင်ရာ ပညာရှင်တွေဟာ အတွေးအခေါ်၊ အတွေ့အကြုံတွေရှိပေမယ့် အဲဒီလို ဘာသာရေးအသိုင်းအ၀ိုင်းက ပွင့်လင်းစွာ လက်မခံမှုကြောင့် ရှေ့ဆက်လုပ်ငန်းဆောင်ရွက်ဖို့ နှောင့်နှေးရပါတယ်။ ဒါပေမယ့် တဖက်မှာ မနှောင့်နှေးပဲ အရှိန်နဲ့ ဆက်သွားနေတာက HIV/AIDS ရောဂါသည်တွေရဲ့ ဝေဒနာပါ။ ခင်ပွန်းသည်ကြောင့် ရောဂါပိုးကူးစက်ခံရသူအမျိုးသမီးတွေ၊ မိဘက တဆင့် ကူးဆက်ခံရတဲ့ ရင်သွေးငယ်လေးတွေ၊ ဆေးထိုးအပ်က ကူးစက်ခံရသူတွေ၊ ဘ၀ကို ရိုးရှင်းစွာဖြတ်သန်းနေလျှက်က ဘာကြောင့်မှန်း မသိဘဲ ကူးစက်ခံရသူတွေ…အများစုဟာ မိမိကိုယ်တိုင်ကြောင့် မဟုတ်ဘဲ ရောဂါပိုး ကူးစက်ခံရသူတွေပါ။ ကျွန်တော်တို့ရဲ့ အတ္တတွေကြောင့် သူတို့၊ သူတို့တွေ၊ ကိုယ့်ရဲ့ မွတ်စ်လင်မ်သွေးသားတွေ ဝေဒနာပေါ် ဝေဒနာဆင့်ခံစားရမယ်ဆိုရင်…ဒါဟာ..အလ္လာဟ်အရှင်မြတ်နဲ့ အလ္လာ့ဟ်ရဲ့ တမန်တော်က လိုလားတဲ့ အစ္စလာမ်အသိုင်းအ၀ိုင်းလို့ ပြောဖို့ ခက်သွားပါလိမ့်မယ်။

သာသနာ့ပညာရှင်တွေဟာ သာသနာ့အလံကို ကိုင်ဆောင်ထားသူတွေဖြစ်တယ်ဆိုတဲ့အတိုင်း အဲဒီ ကိစ္စကို အထိရောက်ဆုံး ဦးဆောင်ဖြေရှင်းပေးနိုင်တာ ကတော့ သာသနာ့ဦးဆောင်ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာလိုပဲ သာသနာ့ပညာရှင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ ဒီလုပ်ငန်းမှာ တက်ကြွစွာ ပါဝင်လာမယ်ဆိုရင် အဲဒီဝေဒနာသည်လေးတွေရဲ့ ဘ၀တွေ တဖန်ပြန် လန်းဆန်းလာပါလိမ့်မယ်။ ငြိမ်းချမ်းတဲ့ သာသနာရဲ့ ရင်ခွင်မှာ အေးမြတဲ့ ဘ၀တွေကို ပြန်လည် ပိုင်ဆိုင်နိုင်လာပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်..ကျွန်တော်တို့ နောက်မကျသေးပါဘူး။ ကောင်းတဲ့ လုပ်ငန်းတွေအတွက် ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး…..

ကိုဇော်ထက် စီစဉ်တင်ပြသည်။

MMSY - HIV/AIDS၊ မွတ်စ်လင်မ် နဲ့ မြန်မာနိုင်ငံ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top