ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့ သစ်တွင် ဖွင့်လှစ်ထားသော HIV/AIDS prevention and care centre သို့ UNAIDS ဌာန ကိုယ်စားလှယ် မစ္စာ မာဖီနှင့် ထိုင်းနိုင်ငံမှ ကြက်ခြေနီ အသင်းတို့ လာရောက်လေ့လာ ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အဖွဲ့အား HIV/AIDS prevention and car centre တာဝန်ခံ၊ လင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လက်ခံ တွေ့ဆုံခဲ့ပြီး လုပ်ငန်း ဆိုင်ရာများကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။
"အဓိကကတော့ သူတို့ အခုလို လာရောက်တာဟာ ဒီမှာ လုပ်ကိုင်ဆောင်ရွက်နေတာတွေကို လေ့လာချင်လို့ ဖြစ်ပါတယ်။ နောက်ပြီး လူနာတွေအတွက် ART ဆေးဝါး ရရှိမှု အခြေအနေနဲ့ တကယ်လို့ သူတို့ ဘက်က လုပ်ကိုင်ဆောင်ရွက်ပေး နိုင်တာရှိရင် ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာ သိချင်လို့ ဖြစ်ပါတယ်။ သူတို့ကတော့ ပြောတယ်.. တကယ်လို့ ဆေးဝါးတွေ လှူမယ်ဆိုရင် အစိုးရပိုင်း အနေနဲ့ ပြဿနာ ရှိနိုင်သလားပေါ့နော်၊ အစ်မကတော့ မရှိနိုင်ဘူးလို့တော့ ပြောလိုက်တယ်။ ဒါပေမဲ့ အခွန်ကိစ္စတို့ ဘာတို့တော့ လိုက်လုပ်ရမှာပေါ့။ ဒီလောက်ပါပဲ ကျန်တာတော့ ဘာမှ ပြဿနာ မရှိပါဘူး" ဟု တာဝန်ခံ ဒေါ်ဖြူဖြူသင်း က မြန်မာ့ခေတ် ကို ပြောကြားသည်။
ထို့နောက် UNAIDS ဌာန ကိုယ်စားလှယ် မစ္စာ မာဖီနှင့် ထိုင်းကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများဟာ ဒေါ်ဖြူဖြူသင်း ကူညီစောင့်ရှောက်မှု ပေးနေသော လူနာများအား လိုက်လံ အားပေးစကား ပြောကြား ခဲ့ပြီး ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ၊ ၁၉
မြင့်ကျော် - The Myanma Age
သစ်ထူးလွင် - HIV/AIDS ကာကွယ်ရေးနှင့် စောင့်ရှောက်ရေး ဂေဟာသို့ ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်း လာရောက်တွေ့ဆုံ




