HIV/AIDS ရောဂါပိုး ကူးစက်ခံရ သူများအတွက် လျှို့ဝှက်သွေး စစ်ပေးမှုများ ပြုလုပ်ပေးနေ သော်လည်း လာရောက် စစ်ဆေးခံသူ နည်း ပါးသောကြောင့် အသိပညာပေးလှုပ်ရှားမှုများစွာ လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု HIV/AIDS ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင် ရွက်နေသည့် ဘားနက်အင်စတီကျုမှ ဌာနေကိုယ်စားလှယ် ဒေါက်တာဖုန်းမြင့်ဝင်းက ပြောသည်။
၎င်းက ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၊ UMFCCI ရှိ ခန်းမတွင် ပြုလုပ်သော ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ဂုဏ်ပြုအခမ်းအနားအပြီးတွင် မဇ္ဈိ၏ မေးမြန်းမှုကို ဖြေကြားခြင်းဖြစ်သည်။
လျှို့ဝှက် သွေးစစ်ပေးမှုကို ၂၀၁၄ ခုနှစ် မေလအတွင်းက စတင် ဆောင်ရွက်ပေးနေသော်လည်း လာရောက် စစ်ဆေးမှု ခံယူသူမှာ နည်းပါးနေသည် ဟု ဒေါက်တာ ဖုန်းမြင့်ဝင်းက ဆိုသည်။
၎င်းက “လာရောက်စစ်ဆေးမှုခံယူသူက တကယ်ဖြစ်နိုင်တဲ့ အရေအတွက်ထက် ကျွန်တော်ထင်တယ် ၂၀ ရာခိုင်နှုန်း မကျော်ဘူး။ ဒီတော့ အသိပညာပေး လှုပ်ရှားမှုများစွာ လုပ်ပေးဖို့ လိုနေသေးပါတယ်။” ဟု ဆိုသည်။
လျို့ဝှက်သွေး စစ်ပေးခြင်း ဆိုသည်မှာ သွေးစစ်ပြီးထွက် ရှိလာသော အဖြေကို လျှို့ဝှက်ပေးထားခြင်း ဖြစ်ပြီး UNAIDS ၏ ၂၀၁၃ စစ်တမ်းများ အရ မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်မှုနှုန်းသည် သာမန်ပြည်သူများကြား အသက် ၁၅ မှ ၄၉ နှစ်ကြားတွင် ၀ ဒသမ ၄၇ ရာခိုင်နှုန်း၊ အဓိက ဦးတည်အုပ်စု သုံးခုဖြစ်သည့် မူးယစ်ဆေးသုံးစွဲသူများတွင် ၁၈ ရာခိုင်နှုန်း၊ လိင်တူချစ်သူများတွင် ၁၀ ရာခိုင်နှုန်း၊ လိင်လုပ်သားများတွင် ရှစ်ရာခိုင်နှုန်း အထိကူးစက်မှုရှိနေသော်လည်း လာရောက် စစ်ဆေးမှု နည်းပါးနေခြင်းဖြစ်သည်။
ဒေါက်တာ ဖုန်းမြင့်ဝင်းက “HIV/AIDS လျော့ကျဖို့ ကွန်ဒုံးသုံးရမယ်ဆိုတာတော့ သိတဲ့ သူများတယ်။ သွေးစစ်တာက တောတော်နည်းတယ်။ သွေးစစ်ဖို့ကို နည်းနည်းတွန့်နေကြတယ်။” ဟု ဆိုသည်။
ယင်းကဲ့သို့ သွေးစစ်မှု လျော့နည်းခြင်းနှင့် ပတ်သက်ပြီး Myanmar Drug User Network မှ ကိုကျော်သူက “လူငယ်တွေ တော်တော် များများ ကသွေးစစ် ဖို့ရှောင်ကြတယ်။ ကျွန်တော်တို့လည်း အစကတော့ သွေးမစစ်ချင်ခဲ့ဘူး။ ကိုယ်ဆေးသုံးတာ လူမသိစေချင်တာမျိုး၊ HIV/AIDS ရှိနေမှာမျိုး စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောက်ကြတယ်” ဟုဆိုသည်။
လျှို့ဝှက်သွေးစစ်ပေးခြင်းသည် အဖြေကို လျှို့ဝှက်ထားသဖြင့် တခြားသူမသိနိုင်သည့် အားသာချက်ရှိသော်လည်း နှစ်သိမ်းဆွေးနွေး ပညာပေးခြင်း မပါဝင်ပါက ထိရောက်မှု အားနည်းနိုင်သည်ဟု တော်ဝင်ခရေ (sex worker network) မှ ဥက္ကဋ္ဌ မဇာကြီးကပြောသည်။
ဘားနက်အင်စတီကျု အနေဖြင့် လျှို့ဝှက်သွေးစစ်ဆေးပေးခြင်းကို နယ်မြို့များတွင် ယခုနှစ် မေလမှ စတင်ဆောင်ရွက်ပေးနေပြီး ရန်ကုန်တွင် ဇူလိုင်လမှ စတင်၍ ဆောင်ရွက်ပေးခဲ့သည်။
မဇ္ဈိမ (ရန်ကုန်) - HIV/AIDS ကူးစက်ခံရသူများ လျှို့ဝှက် သွေးစစ်ပေးမှု အတွက် အသိပညာပေးမှုများ ပြုလုပ်ရန် လိုအပ်




