HIV/AIDS ရောဂါ ကူးစက်ခံနေရသူတွေဟာ ART ဆေးသောက်သုံးမှု တစ်ခုတည်းကို အားမကိုးပဲ စိတ်ဓါတ်ရေးရာ ကျဆင်းမှုမရှိအောင် သတိထားပြုမှု နေထိုင် မယ်ဆိုရင် ပိုမိုထိရောက်တဲ့ ကုသမှုဖြစ်တယ်လို့ ဒီဇင်ဘာလ (၂) ရက်နေ့က မင်္ဂလာဒုံ အထူးကုဆေးရုံကြီးမှာ ပြုလုပ်တဲ့ ကမ္ဘာ့ခုခံ အားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ရောဂါပညာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ အထူးကု ဆရာဝန်ကြီးတွေက ပြောပါတယ်။
HIV ပိုး ကူးစက်ခံနေရသူတွေကို မိသားစုနဲ့ ပတ်ဝန်းကျင်တွေက ပစ်ပယ်မှုတွေ မပြုလုပ်ပဲ ဝေဒနာရှင် ကိုယ်တိုင်ကလည်း စိတ်ဓါတ်ရေးရာ ကျဆင်းမှုမဖြစ်အောင် သတိထားပြုမူနေထိုင်မယ် ဆိုရင် HIV အဆင့်မှ AIDS အဆင့်ကို ရောက်ရှိဖို့ အချိန် ကြာနိုင်သလို ရောဂါကုသရေးအတွက်လည်း ထိရောက်တဲ့ ကုသမှုတစ်ခုဖြစ်တယ်လို့ မင်္ဂလာဒုံ အထူးကုဆေးရုံအုပ်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ HIV/AIDS ကူးစက်ခံစားနေရသူ တစ်သိန်းရှစ်သောင်းငါးထောင် ၀န်းကျင် ရှိပြီး မင်္ဂလာဒုံ အထူးကုဆေးရုံမှာ ART ဆေးထုတ်ယူတဲ့ လူကြီး (၅၄၆၇) ဦး၊ ကလေး (၆၁၀) ဦး စုစုပေါင်း လူ (၆၀၇၇) ဦးရှိတယ်လို့ သိရပါတယ်။
HIV/AIDS ကူးစက်ခံနေရသူ အများစုဟာ အသက် (၁၄) နှစ်ကနေ (၂၅) နှစ်အတွင်းဖြစ်ပြီး လိင်ဆက်ဆံမှုကနေ အများဆုံး ကူးစက်ခံနေရကာ နေ့စဉ် (၁၉) ဦးနှုန်းခန့် ကူးက်ခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ HIV/AIDS ကူးစက်ခံနေရသူ တစ်သိန်းရှစ်သောင်း ငါးထောင်ဝန်းကျင်မှာ ART ဆေးကုထုံး လိုအပ်မှုရှိသူဟာ တစ်သိန်းနှစ်သောင်းကျော်ရှိပြီး ART ဆေးကုထုံးကိုတော့ (၅၄) ရာခိုင်နှုန်းသာ ထောက်ပံ့မှု ရရှိနေတယ်လို့ သိရပါတယ်။
MRTV-4 - HIV/AIDS ခံစားနေရသူများ စိတ်ဒဏ်ရာ မရရှိအောင် နေထိုင်ပါက ရောဂါ ကုသမှုအတွက် အထောက်အကူဖြစ်




