ဘော့စ၀ါနာနိုင်ငံ၏
အစိုးရဌာနများတွင် အလုပ်အကိုင် ရရှိရန်အတွက် ကြိုတင် သတ်မှတ်ချက်အဖြစ် HIV ရောဂါပိုး
ရှိ၊ မရှိ စမ်းသပ်မှု ပြုလုပ်ဖို့ နိုင်ငံသားများအနေဖြင့် မလိုအပ်သော်လည်း နိုင်ငံသား
မဟုတ်သူများအတွက် လိုအပ်ပါသည်။ ထိုကဲ့သို့ ခွဲခြား ဆက်ဆံခြင်းသည် လူတယောက်၏ အခြေအနေ
တရပ်အပေါ် ပုံစံတမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံမှုများကို ပြုလုပ်နေခြင်းအား တိုက်ဖျက်
နေသူများအတွက် အာရုံစိုက်စရာ ဖြစ်စေခဲ့သည်။
နိုင်ငံတ၀ှမ်းရှိ
အလုပ်ခွင်များတွင် HIV/AIDS နှင့် ဆိုင်သည့် ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း တိုင်တန်းစာများ
အမြောက်အများ ရရှိနေသည်ကို ဘော့စ၀ါနာ လူမှုကွန်ယက် တခု၏ ဥပဒေအရာရှိ တဦးက အင်တာဗျူးတခုတွင်
ထုတ်ဖေါ် ပြောဆိုခဲ့သည်။
“အစိုးရ
ကဏ္ဍမှာရော ပုဂ္ဂလိက ကဏ္ဍမှာပါ ဒီလိုဖြစ်နေတာတွေကို အလေးအနက်ထားဖို့ လိုသလို၊ ဒါတွေဟာလည်း
HIV နဲ့ ပတ်သက်လို့ အလုပ်သမား ဥပဒေမျိုးတွေလို ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဥပဒေကြောင်းအရ
အကာအကွယ်ပေးမယ့် လုပ်ထုံး လုပ်နည်းတွေ မရှိတာကြောင့် ဖြစ်နေရတာပါ။ HIV ရှိနေတဲ့ သူတွေကို
ရှောင်ခွာ ပစ်ပယ်ထားတာတွေ၊ ခွဲခြား ဆက်ဆံနေတာတွေကို ဖယ်ရှားနိုင်ဖို့နှင့် လျှော့ချနိုင်ဖို့ဆိုတာ
တော်တော်လေးကို လုပ်ရဦးမှာပါ” လို့ ပြောဆို ပါသည်။
ဥပဒေ
မရှိခြင်းကြောင့် အစိုးရ၏ ကောင်းမွန်သည့် လုပ်ဆောင်နေမှုများမှာ မထိရောက်နိုင်ကြောင်း
ထိုကွန်ရက်၏ ညွှန်ကြားရေးမှူးက ပြောဆိုလိုက်သည်။
“အကာအကွယ်ပေးနိုင်တဲ့
ဥပဒေတွေ ချမှတ်ကျင့်သုံးဖို့နှင့် HIV ပိုး ရှိတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဖေါ်ထုတ်
ဖြေရှင်းပေးဖို့ ကျွန်တော်တို့ အစိုးရအနေနဲ့ တိုးမြှင့် ဆောင်ရွက်တာတွေ မဖြစ်မနေ လုပ်ရမှာပါ။
တခြားတဖက်မှာလည်း လူ့အသက်ကို သဘာဝအတိုင်း ဆွဲဆန့်နိုင်တဲ့ ARV ဆေးကို အခမဲ့ ရရှိနိုင်ဖို့
အစိုးရက အထောက်အပံ့တွေ ပေးသလို တဖက်မှာလည်း ဒီဆေးရဲ့ အာနိသင်ထူးကြောင့် ကျန်းမာသန်စွမ်းနေတဲ့
သူတွေ အလုပ်အကိုင် အခွင့်အရေး ဆုံးရှုံးနေတာ၊ တချို့တွေဆိုရင် အလုပ်ဖြုတ်ခံရတာတွေ ရှိနေပါတယ်”
လို့ ဆက်လက် ပြောဆို သွားပါသည်။
BONELA
အမည်ရှိသည့် ထိုလူမှုကွန်ရက်သည် ဘော့စ၀ါနာ နိုင်ငံ၏ HIV/AIDS တိုက်ဖျက်ရေး ကဏ္ဍတွင် ထိရောက်စွာ
ထုတ်ဖေါ်ပြောဆိုနိုင်သည့် ကွန်ရက်အဖြစ် ကျယ်ပြန့်ခိုင်မာ လာနေသည်။ HIV ပိုး ရှိနေသူများနှင့်
AIDS ဖြစ်နေသူများ၏ အခွင့်အရေး တို့ကို ကာကွယ် မြှင့်တင်ရန် စိတ်ပါဝင်စား ကြသည့် အဖွဲ့အစည်းများ၊
အုပ်စုလေးများ၊ သက်ဆိုင်ရာ နယ်ပယ်မှ တသီးပုဂ္ဂလများဖြင့် ဆက်စပ်ဆောင်ရွက်နေသည့် လူမှုကွန်ရက်
တခု ဖြစ်သည်။
BONELA
– Botswana Network on Ethics, Law and HIV/AIDS
(ဘော့စ၀ါနာနိုင်ငံသည်
အာဖရိကတိုက်တွင် တည်ရှိသည်။ လူဦးရေ နှစ်သန်းခန့်သာရှိသော်လည်း၊ လူ ၆ ယောက်လျှင် တယောက်
HIV ပိုး တွေ့ရှိထားသည်။)
မေသူ
26-08-2010
Sundaystandard
- HIV/AIDS ခွဲခြားဆက်ဆံမှုများ မြှင့်တက်လာနေ




