မြန်မာနိုင်ငံ၏ HIV/AIDS တိုက်ဖျက်ရေး အတွက် ကမ္ဘာ့ရန်ပုံငွေ အဖွဲ့ (Global Fund) က အမေရိကန်ဒေါ်လာ သန်း ၁၆၀ ထောက်ပံ့ရန် ထုတ်ပြန်ထားသည့် အထဲမှ အမျိုးသား AIDS တိုက်ဖျက်ရေး စီမံချက်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆၇ သန်း ရရှိကြောင်း အဆိုပါ စီမံချက် လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက The Voice သို့ ပြောကြားသည်။
အဆိုပါ ရန်ပုံငွေများကို HIV/AIDS တားဆီး ကာကွယ်ရေးနှင့် ကုသရေးပိုင်းတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ “ကျန်းမာရေး ဝန်ကြီးဌာနက သီးသန့် အသုံးစရိတ် ခွဲပေးတာမရှိဘူး။ Global Fund က လိုအပ်ချက် ရှိတယ် ဆိုရင်တော့ ဖြည့်ပေးဖို့ ရှိတယ်” ဟု ၎င်းက ဖြည့်စွက်ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ART ဆေး ရပေးနိုင်သည့်နှုန်း ၄၃ ရာခိုင်နှုန်းကျော် ရှိပြီး ကျန်းမာရေး ဝန်ကြီးဌာန အနေနှင့် ၂၀၁၃ ခုနှစ် အကုန်တွင် ၅၀ ရာခိုင်နှုန်းကျော် အထိ တိုးမြှင့်ပေးသွားရန် စီစဉ်လျက် ရှိကြောင်း ဒေါက်တာ ထွန်းညွန့်ဦးက ပြောဆိုသည်။
ယခုကဲ့သို့ ART ဆေးတိုးမြှင့်ရန် ကျန်းမာရေး ဝန်ကြီးဌာနက စီစဉ်ထားသော်လည်း လက်ရှိ ဆေးသောက်သုံးရန် လိုအပ်သူ ၁၂၀,၀၀၀ ဦး ရှိသည့်အနက် ကျန်းမာရေး ဝန်ကြီးဌာန အပါအဝင် ပြည်တွင်း၊ ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများက ပေးနေသော လူဦးရေ ၅၃,၀၀၀ ဦးခန့်သာ ရှိသည်။
“အားလုံးက ပြောင်းလဲနေပြီ။ HIV ပိုးနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ပြောရေးဆိုရေး လူမှုဆက်ဆံရေး တိုးမြှင့်ပေးဖို့လည်း လိုတယ်” ဟု HIV/AIDS နှင့် နေထိုင် သူများအား နှစ်သိမ့် ဆွေးနွေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေသူ ဦးသီဟကြိုင်က The Voice သို့ ပြောဆိုသည်။
ပြည်သူ့ဆေးရုံများတွင် ART ဆေး သွားရောက်ယူရာ၌ ဆေးရုံ ကျန်းမာရေး ဝန်ထမ်းများ၏ ပြောဆို ဆက်ဆံမှုပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် လူနာများအတွက် အခက်အခဲများ ပေါ်ပေါက်လာပြီး ငွေကြေး တတ်နိုင်သူ များက ပြည်တွင်း ဆေးကုမ္ပဏီများရှိ ART ဆေးများကို ရွေးချယ် သောက်သုံးကြကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် Care and Support Working Group အဖွဲ့ဝင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် အမျိုးသား ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေး စီမံချက်တို့က HIV/AIDS နှင့် နေထိုင်သူများ အတွက် ART ဆေးဝါးများ ပံ့ပိုး ကူညီလျက် ရှိသည်။
ရန်ကုန်၊ ဇူလိုင် ၃
The Voice Weekly - HIV/AIDS တိုက်ဖျက်ရေး စီမံချက် ၂ နှစ်စာ ရန်ပုံငွေ ဒေါ်လာ ၁၉ သန်း ကျော်ရရှိ




