မြန်မာနိုင်ငံတွင်
ခုခံအားကျဆင်းမှု ပညာပေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေကြောင်း လူငယ်ဖွံ့ဖြိုးရေးနှင့်
HIV/AIDS ဝေဒနာရှင်များကို ကူညီနေသူများက ပြောသည်။
HIV/AIDS
ကူးစက်ခံရသူများအနက် အများစုဖြစ်နေသည့် လူငယ်များအကြား ပိုမိုအာရုံစိုက်၍ လုပ်ဆောင်ရန်
လိုအပ်ကြောင်း ယနေ့ ကျရောက်သည့် “ကမ္ဘာ့ AIDS နေ့” တွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“လူငယ်တွေအတွက်
ကျန်းမာရေး အသိပညာပေးဖို့ လိုတယ်။ HIV ဘယ်လိုကူးစက်တယ်ဆိုတာ ပြောဖို့လိုတယ်။ အခု လူငယ်တွေ
ဖြစ်တာက အပျော်အပါးကြောင့်ပါပဲ” ဟု ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ ဆရာဝန်များ အသင်း၏
‘ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်း’ မှ သင်တန်းဆရာ ဦးဇင်မိုးဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင်
HIV ပိုးရှိသူ ၂ သိန်း ၄ သောင်းခန့် ရှိပြီး၊ အသက် ၃၄ နှစ်အောက်မှာ သုံးပုံ နှစ်ပုံခန့်
ပါဝင်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောဆိုထားသည်။ စစ်အစိုးရ အာဘော်များ၌မူ သက္ကရာဇ် ၂၀၀၀
တွင် HIV ဖြစ်ပွားမှု ၁ ဒဿမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၀ ဒဿမ ၆၇ ရာခိုင်နှုန်းအထိ
လျော့ကျခဲ့သည်ဟုသာ ဖော်ပြထားပြီး အရေအတွက်ကိုမူ အတိအကျ ဖော်ပြထားခြင်း မရှိပေ။
မူးယစ်ဆေးကို
ဆေးထိုးအပ်ဖြင့် အကြောတွင်း ထိုးသွင်းသူ ၃ ဦးလျှင် တဦးကျနှင့် ပြည့်တန်ဆာ အမျိုးသမီးများ၏
၁၈ ရာခိုင်နှုန်းကျော်တွင် HIV ပိုး စွဲကပ်နေသည်ဟုလည်း ဆိုသည်။
HIV
ဝေဒနာရှင်များကို အကူအညီပေးနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ မဖြူဖြူသင်းကမူ
ပညာပေးရေး၌သာမက ကုသရေးဘက်တွင်လည်း ARV ဆေးများ အရေးတကြီး လိုအပ်နေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်
AIDS ဆက်စပ်ရောဂါများဖြင့် သေဆုံးသူ ၂ သောင်းခွဲကျော်ရှိပြီး antiretroviral
therapy ART ဆေး အရေးတကြီး လိုအပ်သူ ၇၅,ဝဝဝ ကျော်ရှိကြောင်း ကျန်းမာရေးအကူအညီများ ပေးနေသည့်
နယ်စည်းမခြား ဆရာဝန်များအသင်း MSF ကလည်း ဖော်ပြထားသည်။
စစ်အစိုးရကမူ
ရန်ကုန်မြို့တွင် ART ဆေး တိုက်ကျွေးခြင်းကို ဝေဘာဂီနှင့် မင်္ဂလာဒုံ အထူးကု ဆေးရုံကြီး
အပါအဝင် ပြည်နယ်နှင့် တိုင်း ဆေးရုံကြီးများတွင် ဆောင်ရွက်ပေးနေသည်ဟု သတင်းစာများတွင်
ဖော်ပြထားသည်။
NLD
က ယနေ့ ကျရောက်သည့် ကမ္ဘာ့ AIDS နေ့တွင် HIV ဝေဒနာရှင် ၂ဝဝ ကျော်ကို အခမ်းအနားများဖြင့်
အားဆေးလက်ဆောင်များ လှူဒါန်းခဲ့သည်။
အလားတူပင်
အစိုးရကလည်း MSF အဖွဲ့ အပါအဝင် အခြားသော အစိုးရမဟုတ်သော အဖွဲ့ (NGO) များနှင့် ပူးပေါင်းကာ
ကမ္ဘာ့ AIDS နေ့ အခမ်းအနားကို နေပြည်တော်၌ ယနေ့ ကျင်းပခဲ့ကြောင်း အခမ်းအနား တက်ရောက်ခဲ့သည့်
လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသူတဦး အဆိုအရ သိရသည်။
“အခု
အဖွဲ့တိုင်းက HIV/AIDS နဲ့ ပတ်သက်တဲ့ ပညာပေး သင်တန်းတွေ ပေးတယ်။ ဆေးကုသမှုတွေ ပေးတယ်။
ဒါပေမဲ့ အဲဒီ သင်တန်းတွေ ပေးပြီးတော့လည်း ပြန်လည် လက်တွေ့လုပ်နိုင်ဖို့ လုပ်နေကြတာ
အားနည်းနေတာပေါ့။ ပြီးတော့လည်း ပြည်သူလူထု ပညာပေးဖို့ လုပ်ငန်းတွေလည်း တော်တော် အားနည်းနေပါသေးတယ်''
ဟု သူက ပြောသည်။
မူးယစ်ဆေးဝါး
သုံးစွဲမှု အသိပညာပေးခြင်းကြောင့် ပြည်သူကြား အသိပညာ တိုးပွားလာသော်လည်း ၎င်းတို့ ပြောင်းလဲလိုသည့်
အခြေအနေများကို ပံ့ပိုးပေးမှုများ မရှိသဖြင့် ရာခိုင်နှုန်းပြည့် အောင်မြင်မှု မရရှိသေးကြောင်း
သူက ဆက်ပြောသည်။
ဤအဖွဲ့သည်
မူးယစ်ဆေးဝါး သုံးစွဲမှု ကြိုတင်ကာကွယ်ရေးကို ရန်ကုန်၊ မန္တလေး၊ လားရှို၊ မူဆယ်မြို့တွင်
3D Fund အဖွဲ့များနှင့် အဓိက ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်။
Global
Fund ခေါ် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ကြီးက HIV/AIDS ၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်
မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ၍ ကူညီရန် လျာထားသည်။ စစ်အစိုးရ၏ တင်းကျပ်သည့်
စည်းမျဉ်းများကြောင့် ၂၀၀၅ ခုနှစ် သြဂုတ်လအတွင်းက အကူအညီရပ်တန့်ခဲ့ရာမှ ပြန်လည်ပေးအပ်လာခြင်း
ဖြစ်သည်။
အရှေ့တောင်နှင့်
တောင်အာရှဒေသတွင် HIV ပိုးရှိနေသူ လျော့နည်းသွားပြီး ၂၀၀၈ စာရင်းအရ ၃ ဒဿမ ၈ သန်းခန့်
ရှိကြောင်း UNAIDS က ထုတ်ပြန်ထားပြီး အာရှတိုက်တခုလုံးတွင် AIDS ဆက်စပ်ရောဂါဖြင့် သေဆုံးသူ
၃ သိန်း ၃ သောင်း ရှိကြောင်း သိရသည်။
တကမ္ဘာလုံးတွင်မူ
HIV ပိုး ရှိသူ ၃၃ သန်းကျော်ပြီး နှစ်စဉ် အသစ်ကူးစက်သူ ၂ သန်းကျော် ရှိသည်။ ယမန်နှစ်က
AIDS ဆက်စပ်ရောဂါဖြင့် သေဆုံးသူ ၂ သန်းခန့်ရှိကြောင်း သိရသည်။
မဇ္ဈိမ -
HIV/AIDS
ပညာပေး လုပ်ငန်းများ တိုးမြှင့်ရန် လှုပ်ရှားနေသူများ ပြောဆို




