အခု လက်ရှိ ပြည်တွင်း HIV/AIDS လုပ်ငန်းများ ဆောင်ရွက် ရာမှာ လိုအပ်တဲ့ ငွေရဲ့ ၉၅ ရာခိုင်နှုန်း ခန့်ဟာ အပြည်ပြည်ဆိုင်ရာ အလှူရှင် အဖွဲ့အစည်းများရဲ့ လှူဒါန်းမှု များမှ တစ်ဆင့် ရရှိနေတာ ဖြစ်တယ် လို့ မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း အရ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ ကမ္ဘာ့ရန်ပုံငွေ အဖွဲ့ The Global Fund ဟာ ၂၀၁၁ ခုနှစ်က စတင်ပြီး ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာ ကာလ စီမံကိန်း အတွက် ရန်ပုံငွေ ထောက်ပံ့ ပေးဖို့ သဘောတူခဲ့ပြီး ဖြစ်ပါတယ်။
အဲ့ဒီ ရန်ပုံငွေဟာ ART ဆေးကုသမှု လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ဖို့နဲ့ HIV ပိုးကူးစက်ဖို့ အခွင့်အလမ်းများသူ လူအုပ်စုများ အတွင်း ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ဖို့ ထောက်ပံ့ ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုလို ဘဏ္ဍာငွေများ ရရှိဖို့နဲ့ ရန်ပုံငွေ ထည့်ဝင်မှုများ တိုးမြှင့်ခြင်း၊ အခြား ဘဏ္ဍာငွေ ပံ့ပိုးတဲ့ အဖွဲ့အစည်း များဖြစ်တဲ့ ရောဂါသုံးမျိုး ရန်ပုံငွေအဖွဲ့ 3 Diseases Fund ၊ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ အဖွဲ့ The Global Fund to Fight AIDS, TB and Malaria စတဲ့ အဖွဲ့တွေ ကလည်း ဘဏ္ဍာငွေများ ရရှိဖို့ ကြိုးပမ်း ဆောင်ရွက်ခြင်း များကို သက်ဆိုင်ရာမှ ပြုလုပ်လျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။




