HIV, AIDS ဖြစ်ပွားနေသူများ မှ G-mail သို့မဟုတ် ဖုန်းများဖြင့် အခမဲ့ ကျန်းမာရေး ဆွေးနွေး နိုင်မည်ဖြစ်ကြောင်း တာဝန်ယူ လုပ်ကိုင်နေသည့် ကမ္ဘာ့ဆရာဝန်များ အဖွဲ့ Medecins Du Monde – MDM မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စီမံချက်၏ အဓိက ရည်ရွယ်ချက်မှာ ကိုယ်တိုင် လာ၍ဆွေးနွေးရမည် ကိုရှက်သည့် ယောက်ျားချင်း လိင်တူဆက်ဆံသူ တွေနဲ့ ခန္ဓာကိုယ်နှင့် အသက်မွေးဝမ်းကျောင်းပြု သူများကို တယ်လီဖုန်းမှ တစ်ဆင့် နှစ်သိမ့်ပညာပေးဆွေးနွေးပေးမည် ဖြစ်သည်။
ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသူ၏ အချက်အလက် အားလုံးကိုလည်း လျှို့ဝှက်ပေးသွား မည်ဖြစ်သည်။ ၀က်ဘ်ဆိုဒ်အနေဖြင့် maungdoeywar.com တွင် HIV, AIDS နှင့်ပတ် သက်၍ အသေးစိတ် အချက်အလက်များကို ဖတ်ရှု လေ့လာနိုင်မည်ဖြစ်ပြီး လိင်ဆက်ဆံ ရာမှတစ်ဆင့် ကူးစက်နိုင်မှုများ နှင့်ဆောင်ရန် ရှောင်ရန် အချက်များ၊ HIV အမေးအဖြေများ၊ ကာလသား ရောဂါနှင့်ပတ်သက်သည့် အကြောင်း အရာများ ကဏ္ဍစုံလင်စွာ ဖော်ပြထားသည်ကို မြင်တွေ့ ရမည်ဖြစ်သည်။
“မောင်တို့ရွာဝက်ဘ်ဆိုဒ်မှာက ဥပမာ- ကွန်ဒုံး ပေါက်သွားရင် ဘာလုပ်ရ မလဲဆိုတာ မျိုးကို အသေးစိတ် အချက်အလက်တွေ နဲ့ အကျယ် တ၀င့်ပြန်ရှင်းပြ ထားမှာပါ။ စိတ်ငြိမ် ငြိမ်ထား သင့်ပါတယ်။ HIV ပိုးနဲ့ ထိတွေ့တိုင်း ပိုးကူးစက်တာ မဟုတ်ပါဘူး” ဟု Medicines Du Monde – MDM မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောသည်။
ကမ္ဘာ့ ဆရာဝန်များ အဖွဲ့ MDM သည် ပြင်သစ်နိုင်ငံ၏ အဓိက ထောက်ပံ့ငွေဖြင့် မြန်မာ နိုင်ငံသို့ ၁၉၉၁ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ စတင်၍လိင်တူချင်း ဆက်ဆံ သူများနှင့် လိင်မှု ဆိုင်ရာ အသက်မွေး ၀မ်းကျောင်း လုပ်သူများအတွက် လိင်ပိုင်း ဆိုင်ရာ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ စတင် လုပ်ဆောင်ခဲ့သည်။ အဆိုပါ ကျန်းမာရေးဆွေးနွေးမှုကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ နံနက် ၉ နာရီမှ ည ၉ နာရီ အချိန်ထိ ဖုန်း-၀၉၇၃၁၂၂၅၆၆ နှင့် hotlin-ecounselor@gmail.com တို့သို့ တိုက်ရိုက် ဆက်သွယ် စုံစမ်းမေးမြန်း နိုင်မည်ဖြစ်သည်။
စိန်ဝင်း၊ သားလတ်
မြန်မာပို့စ် - HIV, AIDS ဖြစ်ပွားနေသူများမှ Gmail သို့မဟုတ် ဖုန်းများဖြင့် အခမဲ့ ကျန်းမာရေး ဆွေးနွေး နိုင်မည်




