12
Sep

HIV/AIDS အဖွဲ့ငယ်များ ဝန်ကြီးဌာနလက်အောက် သွတ်သွင်းမည်



HIV/AIDS
ဝေဒနာသည်များအား အကူအညီ ပေးနေသည့် အဖွဲ့ငယ်များအား စစ်အစိုးရ ကြီးကြပ်မှု အောက်သို့
သွတ်သွင်းတော့မည် ဖြစ်သည်။

ပြီးခဲ့သည့်လဆန်းတွင်
ကျန်းမာရေးဝန်ကြီးဌာန လက်အောက် အမျိုးသား ကျန်းမာရေး အစီအစဉ် (NHP) မှ HIV ပိုး သယ်ဆောင်သူများ
ကွန်ယက် အဖွဲ့များကို သီးခြားအမည်ဖြင့် ဖွဲ့စည်းခြင်းမပြုဘဲ ဝန်ကြီးဌာနလက်အောက်
STD ခေါ် လိင်ဆက်ဆံရာမှ ဖြစ်ပွားသည့် ရောဂါနှင့် HIV ကာကွယ်ရေးနှင့် ကုသရေး အဖွဲ့အောက်တွင်
လုပ်ဆောင်ရန် တရားဝင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“အဖွဲ့တွေ၊
နာမည်ပေးတာမျိုး မလုပ်စေချင်ဘူး။ မရှိစေချင်ဘူးပေါ့ဗျာ” ဟု HIV/AIDS လုပ်ငန်း လုပ်ဆောင်သည့်
ရန်ကုန်ရှိ နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (INGO) တခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက
ပြောသည်။

သီးခြားအဖွဲ့အနေဖြင့်
ရပ်တည်လိုပါက မှတ်ပုံတင်ခြင်းကို မြို့နယ်နှင့်တိုင်းအဆင့် ကောင်စီနှင့် ပြည်ထဲရေး
ဝန်ကြီးဌာနတွင် အဖွဲ့အစည်းဆိုင်ရာ ဥပဒေများအရ အဆင့်ဆင့် မှတ်ပုံတင်ရန် ညွှန်ကြားထားသည်။

“ဘယ်လိုမှ
မှတ်ပုံတင်ဖို့ မဖြစ်နိုင်ပါဘူး။ တင်ရင်လည်း ကျလာမှာ မဟုတ်ပါဘူး။ ဒါမျိုးက မြန်မာပြည်မှာ
ဖြစ်နေကျပါ” ဟု INGO တာဝန်ရှိသူက ဆိုသည်။

နေပြည်တော်ရှိ
အမျိုးသား ကျန်းမာရေးအစီအစဉ် NHP (National Health Promramme) က ပေးပို့ခဲ့သည့် စာကို
ရရှိသည့် INGO အဖွဲ့၏ တာဝန်ရှိသူတဦးကလည်း “မှတ်ပုံမတင်ရင် အရေးယူမယ် ဆိုတာမျိုးတော့
မရေးထားပါဘူး။ လုပ်နေတဲ့ အလုပ်တွေကို ဆက်လုပ်နေပါတယ်” ဟု ပြောသည်။

မီးအိမ်ရှင်၊
တက်မြန်မာ၊ ပဒုမ္မာ ကွန်ယက်အဖွဲ့များတွင် HIV ပိုး သယ်ဆောင်သူများ ကိုယ်တိုင် ပါဝင်ဖွဲ့စည်းထားပြီး
မြန်မာနိုင်ငံတဝှမ်းရှိ HIV ဝေဒနာသည်များအား လူမှုရေးဆိုင်ရာ အားပေးကူညီများ ပြုလုပ်နေသည်။

“peer
to peer လုပ်တာက အချင်းချင်းပိုပြီး နားလည်မှုရတယ်။ စာနာနိုင်တယ်။ ကျနော်တို့
positive အချင်းချင်း အားပေးကူညီနိုင်ပါတယ်” ဟု ကိုယ်တိုင် HIV ပိုးသယ်ဆောင်သူလည်းဖြစ်
Myanmar Positive Group
MPG အဖွဲ့က တာဝန်ရှိသူတဦးက ပြောသည်။

၂၀၀၄
ခုနှစ်မှစတင်ကာ အဖွဲ့များ လှုပ်ရှားလာရာမှ ယခုအခါ မြန်မာတဝှမ်း ကွန်ယက်ငယ်ပေါင်း ၁ဝဝ
ကျော်ရှိနေသည်။

ထိုအဖွဲ့ငယ်များကို
နည်းပညာပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ ကူညီပံ့ပိုးနေသည့် ဗြိတိန်အခြေစိုက် နိုင်ငံတကာ
HIV/AIDS မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတဦးက “သာမန်လူတွေလို လူမှုရေးလွတ်လပ်ခွင့်၊ အကျိုးခံစားခွင့်နဲ့
လူတွေစွန့်ပယ်တာတွေကို တယောက်နဲ့တယောက် အပြန်အလှန် အားပေးကူညီနိုင်ဖို့ အဓိက ဖွဲ့ထားကြတာပါ”
ဟု ပြောသည်။

ထိုကွန်ယက်များက
HIV ကုထုံးဆေး ARV ဆေးဝါး မရရှိသောသူများကို ဆေးဝါးကူညီပေးအဖွဲ့များနှင့် ချိတ်ဆက်ပေးခြင်း၊
ဆေးရုံတက်ရောက် ကုသမည့်သူများကို လူနာစောင့်ပေးခြင်းနှင့် လက်ကမ်း စာစောင် ဖြန့်ဝေခြင်းများ
ပြုလုပ်ကြသည်။

၂၀၀၈
ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် နယ်စည်းမခြား ဆရာဝန်များအသင်း၏ ကြေညာချက်တွင် မြန်မာနိုင်ငံ၌
HIV/AIDS ကူးစက်ခံရသူပေါင်း ၂ သိန်း ၄ သောင်းခန့်ရှိပြီး၊ ၎င်းတို့အထဲမှ ၇ သောင်းခွဲကျော်သည်
ရောဂါပိုးမွှား တိုက်ဖျက်ရေးကုထုံး (ဝါ) ARV အရေးပေါ်လိုအပ်နေကြောင်း ပါရှိသည်။ လက်ရှိဆေးရရှိနေမှု
အခြေအနေသည် ၂၀ ရာခိုင်နှုန်းထက် နည်းပါးကြောင်း ဆိုထားသည်။

ARV လိုအပ်နေသဖြင့်
အစားထိုး ပဋိဇီဝဆေး Septrin (Anti-biotic) တိုက်ကျွေးနေရကြောင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင်
လက်တွေ့ကွင်းဆင်း လုပ်ဆောင်နေသည့် ဗြိတိန်အခြေစိုက် နိုင်ငံတကာ HIV/AIDS အဖွဲ့မှ ဦးဆောင်လုပ်ကိုင်နေသူ
တဦးက ပြောသည်။

“အဖွဲ့အနေနဲ့
မြန်မာတပြည်လုံးမှာ ARV ဆေးကို ၁၂၀ ယောက်ကိုပဲ ပေးနိုင်ပါတယ်။ ကျန်တဲ့ ဝေဒနာရှင်တွေကို
ရောဂါထိန်းထားနိုင်ဖို့ဆိုပြီး Septrin ဆေးတွေကိုပဲ ပေးထားနိုင်ပါတယ်။ အကျိုးအာနိသင်တော့
နည်းတာပေါ့” ဟု သူက ပြောသည်။

၎င်းတို့အဖွဲ့က
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မန္တလေးမြို့အပါအဝင်၊ ပုဂံ၊ ပုပ္ပါး၊ ရေနံချောင်း၊ မြင်းခြံ၊
စစ်ကိုင်း၊ မုံရွာ အစရှိသည့် မြို့နယ်များတွင် HIV/AIDS ပိုးသယ်ဆောင်သူ လူနည်းစုကိုသာ
ဆေးပေးဝေနိုင်သော်လည်း အများစုမှာ အရေးပေါ် လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။

 

နိုင်ငံတကာ
ကူညီရေးအဖွဲ့က တာဝန်ရှိသူတဦးကလည်း “အစိုးရကလည်း တနိုင်တပိုင်ပေးတာ ရှိတယ်။ မကွေးမှာဆို
အယောက် ၅၀ ပဲ ပေးနိုင်တယ်။ လိုတဲ့သူက ဒီထက်များတယ်” ဟု ပြောသည်။

၂၀၀၅
ခုနှစ် သြဂုတ်လက တကမ္ဘာလုံးရှိ HIV/AIDS ၊ တီဘီနှင့် ဌက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်
အထောက်အကူ အများဆုံးပေးနေသည့် Global Fund အဖွဲ့က မြန်မာနိုင်ငံကို ကူညီပံ့ပိုးမှု ရပ်ဆိုင်းခဲ့သည်။

စစ်အစိုးရက
လူသားချင်း စာနာထောက်ထားသည့်လုပ်ငန်း လုပ်ကိုင်သူများအား မြန်မာနိုင်ငံအတွင်း သွားလာလှုပ်ရှားမှု
ကန့်သတ်လိုက်ပြီးနောက် Global Fund က ကူညီပံ့ပိုးမှုများ ရပ်တန့်ခဲ့ရာမှ ၂၀၀၆ ခုနှစ်တွင်
Three Diseases Fund - 3DF အသွင်ဖြင့် ရောဂါသုံးမျိုး ဖြစ်သည့် HIV/AIDS ၊ ဌက်ဖျားနှင့်
တီဘီရောဂါ တိုက်ဖျက်ရန် ထောက်ပံ့ကူညီငွေ ပြန်လည်ချပေးခဲ့သည်။

၂၀၀၆
ခုနှစ် အောက်တိုဘာအတွင်း အလှူရှင်နိုင်ငံ ၆ နိုင်ငံဖြစ်သည့် သြစတြေးလျား၊ ဥရောပကော်မရှင်၊
နယ်သာလန်၊ နော်ဝေး၊ ဆွီဒင်နှင့် ဗြိတိန်က မြန်မာနိုင်ငံတွင် ရောဂါသုံးမျိုး တိုက်ဖျက်ရန်
(3DF) အကူငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ၂၀၁၁ ခုနှစ်အထိ သုံးစွဲရန် ပေးခဲ့သည်။

 

http://www.mizzimaburmese.com

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top