23
Feb

HIV/AIDS အကြောင်းသိကောင်းစရာ အပိုင်း (၆)

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)

M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />  

ယနေ့အချိန်တွင် ကမ္ဘာ့ကပ်ရောဂါတစ်ခုသဖွယ်ဖြစ်နေသောရောဂါတစ်ခုမှာ AIDS ရောဂါ ဖြစ်သည်။ AIDS ရောဂါမှာ Human Immuno deficiency virus HIV ဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဖြစ်သော ရောဂါတစ်ခုဖြစ်၏။ ကံဆိုးစွာပင် ယင်းရောဂါကူးစက်ခံရသူ၏ ၅ဝရာခိုင် နှုန်းမှာ အသက် ၁၅နှစ်မှ ၂၄နှစ်ကြား လူငယ်လူရွယ်များဖြစ်နေခြင်းပင်ဖြစ်ပါသည်။

 

လူငယ်လူရွယ်များသည် စူးစမ်းလိုစိတ်ရှိကြသည်။ မမြင်ဖူးတာမြင်ချင်၊ မလုပ်ဖူးတာ လုပ်ချင်၊ မကြုံဖူးတာကြုံချင်စသည်ဖြင့် စမ်းသပ်လိုသော သဘောရှိကြ၏။ သို့သော် အတွေ့အကြုံ ဗဟုသုတ နည်းပါးကြသေးသည်။ အမှား၊ အမှန်စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိကြသေးပေ။ အားကျမခံလိုစိတ်ရှိကြသည်။ စိုးရိမ်ကြောက်ရွံ့မှုနည်းသည်။ HIV/AIDSနှင့်ပတ်သက်၍လည်း ဗဟုသုတနည်းခြင်း၊ အယူ အဆမှားယွင်းခြင်းနှင့်စိတ်ဆန္ဒအလိုလိုက်လျောတတ်မှုတို့ကြောင့် ကူးစက်မှုများပြားခြင်းဖြစ်နိုင်ပါသည်။

 

HIV/AIDS ရောဂါကာကွယ်တားဆီးရာတွင် လူငယ်လူရွယ်များအား အသိပညာပေးခြင်းသည် အဓိကကျသည်ဟုဆိုနိုင်သည်။ အထက်တွင်ဖော်ပြထားသကဲ့သို့ ရောဂါဖြစ်ပွားသူများ၏ ၅ဝရာခိုင်နှုန်းမှာ လူငယ်လူရွယ်များဖြစ်နေကြခြင်းကြောင့်ပင် ဖြစ်ပါသည်။ လူငယ်လူရွယ်အား မှန်ကန်သောဗဟုသုတ များဝေငှနိုင်မည်ဆိုပါလျှင် HIV/AIDS ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် အကျိုးထိရောက်မှုရှိမည်မှာ မလွဲဧကန်ဖြစ်ပေသည်။

 

HIV/AIDS ရောဂါနှင့်ပတ်သက်၍ ပြည်သူများ သိထားသင့်သော အချက်တစ်ချက်ရှိပါသည်။ ကျန်းမာရေးဌာနမှသတင်းစာများတွင်လည်းမကြာခဏ ကြေညာလျက်ရှိပါသည်။ ယနေ့အချိန်အထိ AIDS ရောဂါကို အမြစ်ပြတ် ပျောက်ကင်းစေသော ဆေးဝါးမရှိသေးကြောင်း၊ ကာကွယ်ဆေးလည်းမရှိသေးကြောင်း အများသိပြီးဖြစ်ပါလိမ့်မည်။

 

HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမှာလည်း အဓိကမှာ ရောဂါပိုးရှိသူနှင့်လိင်တူ၊ လိင်ကွဲဆက်ဆံခြင်းကြောင့်ဖြစ်၏။ HIV ပိုးသည် မသန့်ရှင်းသောဆေးထိုးပြွန်၊ ဆေးထိုးအပ်မှတစ်ဆင့် ကူးစက်နိုင်သည်။ ရောဂါပိုးရှိသောသွေးသွင်းခြင်း သို့မဟုတ် သွေးနဲ့ ဒဏ်ရာအနာ ထိတွေ့မိခြင်းဖြင့်လည်း ကူးစက်တတ်သည်။ ကိုယ်ဝန်ဆောင်မိခင်မှလည်း ကလေးငယ်သို့ကူးစက်တတ်ပါသည်။ HIV ဗိုင်းရပ်စ်ပိုးရှိသော အမျိုးသမီးသည် ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့်ရင်သွေးအား နို့ချိုတိုက်ကျွေးစဉ် ရောဂါပိုး ကူးစက်နိုင်ပါသည်။ မတော်တဆမှုဖြင့် ကူးစက်ခြင်းများရှိနိုင်သော်လည်း ရာနှုန်းအားဖြင့် အင်မတန် နည်းပါးပါသည်။ ကျန်းမာရေးဝန်ထမ်းများအဖို့ HIV ဗိုင်းရပ်စ်ပိုးရှိသူအား ပြုစုစောင့်ရှောက်ကုသရာတွင် လူနာအား အသုံးပြုသော အပ်၊ ခွဲစိတ်ကိရိယာ ပစ္စည်းများနှင့် မတော်တဆထိခိုက်မှုကြောင့် ကူးစက်နိုင်ကြောင်း တွေ့ရပါသည်။

 

HIV ဗိုင်းရပ်စ်ပိုးသည် ခြင်မှတစ်ဆင့်ကူးစက်ခြင်းမရှိပါ။ ပစ္စည်းများ(အိမ်သာ၊ အိုးခွက်ပန်းကန်၊ အိမ်အသုံးအဆောင်ပစ္စည်းများ)မျှဝေသုံးစွဲခြင်းဖြင့်လည်း မကူးစက်နိုင်ပါ။ ရေကူးကန်တွင် ရေအတူကူးခြင်း၊ အတူကစားခြင်း၊ အတူစားသောက်ခြင်း၊ ချောင်းဆိုး၊ နှာချေခြင်း စသည်တို့ဖြင့်လည်းကူးစက်မှုမရှိပါ။

 

HIV ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုကို ယင်းပိုးအား ခုခံစွမ်းအားစနစ်မှ ဆန့်ကျင်ရန်ထုတ်သော ပဋိ ပစ္စည်းများ(Antibodies)ရှိ၊ မရှိစစ်ဆေးခြင်းဖြင့်သိရှိနိုင်ပါသည်။ ယင်းပဋိပစ္စည်းမှာ ရောဂါပိုးကူးစက်ခံ ရပြီး ၃လမှ၆လထိ ကြာမြင့်ပြီးမှ သွေး၌တွေ့ရှိရတတ်သည်။ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး ဖြစ်သော်လည်း သွေး၌ ပဋိပစ္စည်း လုံလောက်စွာဖြစ်ပေါ်မှု မရှိသေးသဖြင့် စမ်းသပ် စစ်ဆေးရာတွင် အဖြေသည် Negative ထွက်ပါလိမ့်မည်။ ဤကာလကို ဆေးပညာ သဘောအရ Window Period ဟုခေါ်ပါသည်။ ယင်းကာလ၌ ရောဂါ ကူးစက်နိုင်ပါသည်။

 

ယခင်တစ်ချိန်က HIV/AIDS ရောဂါနှင့်ပတ်သက်၍ ဘယ်သူမပြု မိမိမှုဟုဆိုကာ မိမိအပြစ်ဒဏ် မိမိခံရခြင်းဟု လက်ခံထားခဲ့ကြသည်။ HIV ဗိုင်းရပ်စ်သည် မိမိ၏ လော်မာမှုကြောင့်မဟုတ်ဘဲ ကူးစက်ခံရမှုများရှိကြောင်း သိရှိလာသောအခါ ရောဂါရှင် များအပေါ် သနားကြင်နာကရုဏာပိုလာရတော့သည်။ မိမိ၏ဇနီး၊ ခင်ပွန်း သစ္စာမဲ့မှုကြောင့် HIV ကူးစက်ခံရသူများ၊ HIV ဗိုင်းရပ်စ်ရှိသူမိဘကြောင့် ကူးစက် ခံရသော ရင်သွေးငယ်များ၊ မတော်တဆမှုကြောင့် ကူးစက်ခံရသော သူများမှာ အပြစ်မဲ့ သူများ ဖြစ်ကြသည်။

 

ဥပမာအားဖြင့် ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာရောဂါအပါအဝင် ခန္ဓာကိုယ်၌ ရောဂါပေါင်းမြောက်မြားစွာကိုဖြစ်စေနိုင်သည်။ ဆေးလိပ်အန္တရာယ်မှာ ကိုယ်တိုင် ဆေးလိပ်သောက်မှသာ မဟုတ်ပေ။ တစ်ဆင့်ခံ ဆေးလိပ်သောက်သူ  (Second Hand Smoke) ဆေးလိပ် သောက်သူများနှင့် အနီးကပ် နေထိုင်ရသဖြင့် ဆေးလိပ်ငွေ့ ရှူရှိုက်ကြရသူများ အတွက်လည်း အလားတူရောဂါများ ဖြစ်ပွားစေနိုင်သည်။ HIV ဗိုင်းရပ်စ်ပိုး ရှိနေသော်လည်း နှစ်ကာလ ကြာမြင့်စွာ လူကောင်း ပကတိကဲ့သို့ ရှိနေနိုင်သဖြင့် လူတစ်ဦးတစ်ယောက်၌ HIV ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိကို အပြင်ပန်းကြည့်၍ မသိနိုင်ပေ။ သို့ဖြစ်ရာ လူငယ်လူရွယ်များအဖို့ HIV/AIDS ရောဂါအကြောင်း ဗဟုသုတကြွယ်ဝစွာ သိရှိနားလည်ကြပြီး ကူးစက်နိုင်မည့် အန္တရာယ်များကို ရှောင်ကြဉ်ကြပါရန် တိုက်တွန်းလိုက်ရပေသည်။

 

Plannet Forums HIV အကြောင်းသိကောင်းစရာ အပိုင်း (၆)

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top