မေး။ ။ အေအိုင်ဒီအက်စ် ဖြစ်နေတဲ့ သူရဲ့ ရောဂါလက္ခဏာတွေက ဘာတွေပါလဲ။
ဖြေ။ ။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရပြီသူ ၆၀%-၈၀% ဟာ ၅ နှစ်မှ ၁၀ နှစ် အတွင်း ဆိုးဝါးတဲ့ အေအိုက်ဒီအက်စ် ရောဂါ ဖြစ်လာပြီး အသက်ဆုံးရှုံးရလေ့ ရှိပါတယ်။ အေအိုင်ဒီအက်စ်ရဲ့ အဓိက လက္ခဏာတွေကတော့ ကိုယ်အလေးချိန် ၁၀% ထက်ပိုလျော့ကျခြင်း၊ ပိန်ကျသွားမယ်ပေါ့။ (ဥပမာ - အစက ပေါင် ၁၀၀ ရှိတဲ့သူဟာ အခုပေါင် ၉၀ောအက်ပဲ ရှိမယ်)။ တစ်လထက်ပိုပြီး ဝမ်းဆက်တိုက်သွားခြင်း၊ တစ်လထက်ပိုပြီး အဖျား ဆက်တိုက်တက်နေခြင်း တို့ဖြစ်ပြီး အေအိုင်ဒီအက်စ်ရဲ့ သာမည လက္ခဏာတွေကတော့ -
- တစ်လထက်ပိုပြီး ချောင်းဆိုးခြင်း၊
- ရေယုန်များ ခန္ဓာကိုယ်အနှံ့ ပေါက်ခြင်း၊
- အကြိတ်များ တစ်ကိုယ်လုံး အနှံ့အပြား ထွက်ခြင်း၊
- ပါးစပ်ထဲမှာ မှက္ခရုများ ထွက်ခြင်း၊
- တစ်ကိုယ်လုံး အရေးပြား ယားယံယောင်းယမ်းခြင်း တို့ ဖြစ်ပါတယ်။
မေး။ ။ ကလေးတွေမှာ ရောဂါဖြစ်ရင် ဘယ်လို လက္ခဏာတွေမျိုးတွေ တွေ့ရပါသလဲ။
ဖြေ။ ။ များသောအားဖြင့် ကလေးအသက် ၈ လခန့်မှ ရောဂါလက္ခဏာတွေ စပေါ်လာပါတယ်။ တစ်ခါတလေလည်း မွေးစအချန်ကတည်းက စတင်ပေါ်ပေါက်တတ်ပါတယ်။
- ကလေး ကြီးထွားမှု မရှိခြင်း၊ ကြီးထွားမှု နှေးကွေးခြင်း။
- အသည်း၊ ဘေလုံး၊ အကြိတ်များ ကြီးထွားနေခြင်း။
- မကြာခဏဖျားနားခြင်း၊ ကူးစက်ရောဂါများ ခံစားခြင်း စတဲ့ လက္ခဏတွေ တွေ့ရပါတယ်။
မေး။ ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိမှန်း သိရင် ဘာတွေကို ရှောင်သင့်ပါသလဲ။
ဖြေ။ ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သေချာရင် ဖြစ်ဖြစ်၊ ရောဂါပိုး ရနိုင်တဲ့ အပြုအမှုလုပ်ခဲ့မိလို့ ကိုယ်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သံသယ ဝင်နေရင်ဖြစ်ဖြစ်၊ သူများဆီက တခြားရောဂါတွေ ကိုယ့်ဆီမရောက်အောင် ဂရုစိုက်နေထိုင်သလို မိမိရဲ့ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးဟာ သူတစ်ပါးဆီကို ထပ်မံကူးစက် မသွားအောင် ပြုမှုနေထိုင်နေရပါမယ်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။ ဆေးထိုးအပ်ဆေးထိုး ပြွန်နဲ့ အရေပြားဖောက်တဲ့ ပစ္စည်းတွေကို တခြားသူနဲ့ မျှဝေသုံးတာကို ရှောင်ပါ။ သွေးမလှူပါနဲ့။ မျက်ကြည့လွှာလှူတာ၊ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းလှူတာကိုလည်း ရှောင်ရပါမယ်။
မေး။ ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေသူ တစ်ယောက်အနေနဲ့ ဘာတွေကို လိုက်နာဆောင်ရွက်ရပါမလဲ။
ဖြေ။ ။ အာဟာရ ပြည်ဝတဲ့ အစားအစာ၊ လက်ဆတ်တဲ့ အစာတွေကိုစားပါ။ ငါး၊ အသား၊ အသည်းစတဲ့ အသားဓာတ်တွေ၊ ထမင်း၊ ဂျုံ၊ ပေါင်မုန့်စတဲ့ ကစီဓာတ်တွေ အသီးအရွက်စတဲ့ ဗီတာမင် ဓာတ်ပါတဲ့ အစားသောက်တွေကို အလေးထားပြီး စားပါ။ ဆေးလိပ်၊ အရက် ရှောင်ပါ။ မျှော်လင့်ချက်ထားပါ။ အကောင်းဘက်ကို တွေးပါ။ စိတ်ဓာတ်မကျပါနဲ့။ စိတ်ပျော်အောင် နေပါ။ ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ်ကို မလုပ်ပါနဲ့။ အိပ်ရေးဝအောင် အိပ်ပါ။ သင့်တွေတဲ့ ကိုယ်ကာယ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ ဘာသာရေး ကိုင်းရှိုင်းပါ။ တရားထိုင်ပါ။ အများအကျိုးရှိမယ့်အလုပ်တွေ လုပ်ပါ။ မိသားစု၊ သူငယ်ချင်းတွေနဲ့ မှန်မှန်တွေ့ဆုံပြီး စကားပြောပါ။ သူတို့ရဲ့ အားမေးမှုကို ခံယူပါ။ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်ခံယူပါ။ ဆရာဝန် လမ်းညွှန်တဲ့အတိုင်း လိုက်နာပါ။ အဲဒီလို နေမယ်ဆိုရင် တခြားနောက်ဆက်တွဲ ရောဂါတွေအဖြစ်နည်းပြီး၊ အသက်ရှည်ရှည်နေနိုင်ပါလိမ့်မယ်။
မေး။ ။ အေအိုင်ဒီအက် ဖြစ်နေတဲ့ သူငယ်ချင်းကို သနားပါတယ်။ သူကို အားတက်အောင် ဘယ်လို ဘယ်ပုံ အားမေးကူညီရပါမလဲ။
ဖြေ။ ။ လေ့လာချက်တွေအရ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေရဲ့ ပုံပိုးမှုနဲ့ အားမေးမှုကို ပြည့်ပြည့်ဝဝရတဲ့ သူတွေဟာ ပိုပြီး နေကောင်းကြပါတယ်။ သူငယ်ချင်း အိမ်ကို မကြာခဏ သွားလည်ပါ။ လူမမာအနေနဲ့ စကားပြာဖို့၊ ဆေးခန်းပြဖို့ အဖော်လိုရင် အချိန်ပေး ကူညီပါ။ မျှော်လင့်ချက် ထားဖို့၊ စိတ်ဓာတ်မကျဖို့၊ လုပ်စရာရှိတာ လုပ်သင့်တာ တွေကို ဆက်လုပ်ဖို့ အားပေးပါ။ နှစ်သိမ့်ပါ။ တတ်နိုင်တဲ့ အကူအညီပေးပါ။ ဒီလိုလူနာတွေက ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးပမ်းရာမှာ လွယ်ကူအောင် ၊ လုပ်ချင်စိတ်တွေ အရှိန်မကျအောင်၊ စိတ်ဓာတ်ကျပြီး ရောဂါနဲ့ လောကကို အရှုံးပေးချင်တဲ့စိတ်တွေ လွှမ်းမိုးမသွားရအောင် ပတ်ဝန်းကျင့်ရဲ့ ပံ့ပိုးအားပေးမှု အင်မတန်လိုပါတယ်။ လူမမာရဲ့ ပူပန်သောကတွေဟာ များပြားရှုပ်ထွေးလွန်းလို့ တာခါတရံ သာမန်လူတွေက နှစ်သိမ့်ဖြေရှင်း မပေးနိုင်တာတွေ ရှိပါတယ်။ အဲဒီအခါ နှစ်သိမ့်ဆွေးနွေး ပညာပေး အဖွဲ့ရှိတဲ့ နေရာကို ခေါ်သွားပေးပါ။
ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




