Plannet Forums
AIDS အကြောင်းကို လေ့လာမယ် ဆိုရင် HIV အကြောင်းကို အရင်လေ့လာမှသာ ပြီးပြည့်စုံမှာပါ။ အဲဒီလို ဆိုရင် HIV ဆိုတာ ဘာလဲ သိဖို့လိုလာပါပြီ။ ဟုတ်ကဲ့ ဖော်ပြပါမယ်။
<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
HIV ဆိုသည်မှာ AIDS ရောဂါဆိုးကြီးကို ဖြစ်ပွားစေသော ဗိုင်းရပ်စ် ပိုးသာဖြစ်တယ်။ HIV ရောဂါပိုးကို မျိုးရိုးဗီဇ သဘောတရားအရ HIV-1 နှင့် HIV-2 ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ထိုကဲ့သို့ နှစ်မျိုးရှိသည့် အနက် HIV-1 သည်သာ အဖြစ်များ၍ HIV-2 မှာအလွန် ရှားပါးပေသည်။ ကမ္ဘာတဝှမ်းလုံးတွင်ရှိသော AIDS ရောဂါများသည် HIV-1 ကြောင့်သာ ဖြစ်ရပေသည်။ HIV-2 ကို အာဖရိက အလယ်ပိုင်းဒေသ အချို့ တွင်သာ ရှားရှားပါးပါး တွေ့ရှိရပေသည်။ HIV ကို အောက်ပါအတိုင်း အဓိက အုပ်စု သုံးခု ခွဲခြားနိုင်ပေသည်။ ၎င်းအုပ်စုများမှာ-
(၁) M အုပ်စု(M, Major)
(၂) O အုပ်စု(O, Outlier)
(၃) N အုပ်စု(N, non-M non-O) တို့ဖြစ်ကြတယ်။
ထိုကဲ့သို့ အုပ်စု သုံးခု ရှိသည့်အနက် M အုပ်စုသာလျှင် ဖြစ်ပွားမှု အများဆုံး ဖြစ်ပေသည်။ ထို M အုပ်စုကိုထပ်မံ၍ မျိုးစိတ်ကွဲ ၁၁ မျိုး ခွဲထားလေသည်။ အလွယ်တကူ သင်္ကေတများ အဖြစ် A,B,C,D,E,F,G,H,I,J,K ဟူ၍ ဖြစ်ပေသည်။ ဖြစ်ပွားရာ နေရာဒေသ အပေါ် မူတည်၍ မျိုးစိတ်ကွဲများ မတူညီကြပေ။ အနောက် ဥရောပ ဒေသတွင် မျိုးစိတ်ကွဲ B အဖြစ်များ၍ အာဖရိက ဒေသတွင် မျိုးစိတ်ကွဲ D အဖြစ်များကာ အာရှဒေသ တွင်တော့ မျိုးစိတ်ကွဲ E အဖြစ် များပေသည်။ အဓိက ကူးစက်နိုင်သော နည်းလမ်းများမှာလည်း မျိုးစိတ်ကွဲများ အပေါ် မူတည်၍ ကွဲပြားခြားနားပေသည်။ E မျိုးစိတ်မှာ လိင် ဆက်ဆံရာမှ အများဆုံး ကူးစက်ပြီး B မျိုးစိတ်မှာ မသန့်ရှင်းသော ဆေးထိုးအပ်/သွေး တို့မှ အဓိက ကူးစက်နိုင်ပေသည်။ အကယ်၍ ကာကွယ်ဆေး ပေါ်လာ မည် ဆိုလျှင်တောင် ဆေးတစ်မျိုးတည်း နှင့် မျိုးစိတ်ကွဲများကို မကာကွယ်နိုင်ပေ။ မျိုးစိတ်တစ်ခုကို ဆေးတစ်မျိုး ပေါ်လာမှာသာ ရပေမည်။ HIV ရောဂါပိုး စတင် ပေါ်ပေါက်လာပုံနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုး် ကွဲပြားခြားနား ကြလေသည်။
ယူဆချက်(၁)
အနောက် အာဖရိက ဒေသ နှင့် အလယ်ပိုင်း အာဖရိက ဒေသ တို့တွင် မျောက်သားကို ဟင်းလျာအဖြစ် တွင်ကျယ်စွာ ရောင်းချလျက်ရှိသည်။ အချို့  အိမ်များတွင် မျောက်များကို အိမ်မွေးတိရိစ္ဆာန် အဖြစ် မွေးမြူ တတ်ကြသည်။ မျောက်များတွင် HIV နှင့် မျိုးရိုးဗီဇ သဘောတရား နီးစပ်သော SIV ပိုး ကိုတွေ့ရသည်။ ထို့ကြောင့် မျောက်သားကို စားရာမှဖြစ်စေ ဆော့ကစားရာမှ ဖြစ်စေ လူထံသို့ ကူးစက်နိုင်သည်။ထို့ကြောင့် HIVပိုးမှာ မျောက်ကနေ ကူးစက်သည် ဟု တစ်ချို့  က ယုံကြည်ကြသည်။
ယူဆချက်(၂)
ဖွံ့ ဖြိုးပြီး နိုင်ငံများသည် ဇီဝလက်နက်ဆန်းများကို ထုတ်လုပ်ရန် ကြိုးစားကြပေသည်။ ၁၉၇၀ ပြည့်နှစ်တွင် အမေရိကန် ကာကွယ်ရေးဌာန တစ်ခု၏ အစီရင်ခံစာတွင် "ခုခံအားကို ဖျက်ဆီးနိုင်သော ပိုးမွှားများ ထုတ်လုပ်ရေး" ဟူသော အစီရင်ခံစာကို လေ့လာတွေ့ရှိကြသည်။ အာဖရိကတောင်ပိုင်းရှိ အမေရိကန်ပိုင် ဓာတ်ခွဲခန်းများမှ HIV ပိုးများကို ထုတ်လုပ်ပါသည်ဟု စွပ်စွဲချက်များလည်း ရှိခဲ့သည်။ ထို့ကြောင့် HIV သည်
ဇီဝလက်နက်ဆန်းများကို ထုတ်လုပ်ရာမှ ပေါ်ထွက်လာသည် ဟူသော ယူဆချက်လည်း ရှိသည်။
ယူဆချက်(၃)
ခုခံအားစနစ်၏ ဗိုင်းရပ် တစ်မျိုးကို အိမ်မွေးတိရိစ္ဆာန် ကြောင်များတွင်လည်း လေ့လာ တွေ့ရှိရသည်။ ထို ဗိုင်းရပ်ပိုးမှာ ကြောင်များကို အသက်ဆုံးရှုံးစေသည် အထိ ခုခံအားကို ကျဆင်းစေသည်။ ထို့ကြောင့် HIV မှာ ကြောင်မှ တစ်ဆင့် ကူးစက်သည် ဟူ၍လည်း ယူဆကြသည်။
ရောဂါ စတင်ဖြစ်ပေါ်ရာ ၁၉၈၁ မှစ၍ ယနေ့အချိန်ထိ ဤရောဂါပိုး မည်သို့ ပေါ်ပေါက် လာရသည် ဆိုသောအချက်ကို သိပ္ပံပညာရှင်များ ငြင်းခုံနေကြဆဲ ဖြစ်ပေသည်။ တိတိကျကျ မသိရှိရသေးပေ။ သို့သော် HIV-1 သည် အာဖရိက အလယ်ပိုင်းဒေသ မှစတင် ဖြစ်ပွား၍ HIV-2 မှာ အာဖရိက အနောက်ပိုင်းဒေသ များမှ စတင်ဖြစ်ပွားသည် ဟုပြောကြားကြသည်။
HIV ပိုးသည် အလွန်သေးငယ်ပြီး ကိုယ်ပိုင် ရပ်တည်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် လူခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သည်နှင့် တပြိုင်နက် CD-4 အမှတ်အသားရှိသော သွေးဖြူဥများ အတွင်းသို့ ဝင်ရောက်ကြပေသည်။ CD-4 ဆိုသည်မှာ ခုခံစွမ်းအား ဆဲလ်များ၏ အပြင်ဘက်နံရံတွင် ရှိသော အမှတ်အသားများ ဖြစ်ကြသည်။ HIV မှာ ထိုအမှတ်အသား ရှိသော နေရာများကိုသာ ဝင်ရောက်နိုင်ပေသည်။ သို့သော် ၎င်း အမှတ်အသားမှာ ခုခံအား၏ အဓိကစနစ် ဖြစ်သည့် သွေးဖြူဥများ တွင်သာ ရှိပေရာ HIV ပိုးသည် သွေးဖြူဥများ အတွင်းသို့ လွယ်လင့်တကူ ဝင်ရောက် နိုင်ပေတော့သည်။
HIV သည် လူ့ခန္ဓာကိုယ် အတွင်းသို့ ရောက်ရှိသည်နှင့် တပြိုင်နက် သူတို့၏ မျိုးရိုးဗီဇကို ပြောင်းလဲကာ ဆက်လက် ရပ်တည်နိုင်ရေး အတွက် သွေးဖြူဥများ အတွင်း ဆက်လက်မျိုးပွားကြသည်။ ထိုအခါတွင် သွေးဖြူ ဥ အရေအတွက်မှာ ကျဆင်းလာပေသည်။ HIV ပိုး ၃၃၀၀၀ ထက်များလာလျှင် ခုခံအား အဖွဲ့အစည်းသည် ဆိုးဝါးစွာ ပျက်ဆီးသွားပြီ ဖြစ်သဖြင့် AIDS ဝေဒနာရှင် ဟုသတ်မှတ် ကြပေသည်။
HIV ရောဂါပိုး ရှိသူကို ရောဂါ လက္ခဏာ အဆင့်လေးဆင့် ဖြင့် ခွဲခြားနိုင်သည်။ ၎င်းတို့မှာ
(၁) ရောဂါပိုး စတင် ဝင်ရောက်ခြင်း အဆင့်
(၂) ရောဂါ လက္ခဏာ မပြသေးသော အဆင့်
(၃) ရောဂါ လက္ခဏာများ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာသော အဆင့်
(၄) ခုခံအား ပျက်ဆီးသွားသော အဆင့်
ဟူ၍ လေးမျိုး ခွဲခြားနိုင်ပေသည်။
(၁) ရောဂါပိုး စတင် ဝင်ရောက်ခြင်းအဆင့်
HIV ပိုး စတင်ဝင်ရောက်ပြီး ၂ ပတ်မှ ၈ ပတ် အတွင်း၌ ဤ လက္ခဏာများကို တွေ့ရှိရတတ်သည်။
(က) အဖျားကြီးခြင်း
(ခ) လည်ချောင်းနာခြင်း
(ဂ) ခေါင်းကိုက်ခြင်း
(ဃ) အကြိတ်များ ထွက်လာခြင်း
(င) အကွက်များပေါ်လာခြင်း
(စ) အထက်လှန် အောက်လျှော ဖြစ်ခြင်း နှင့်
(ဆ) ပါးစပ်တွင် မှိုစွဲနာ ပေါက်ခြင်း တို့ဖြစ်ပေသည်။
သို့သော်လည်း ထိုရောဂါ လက္ခဏာများမှာ လေးပတ်မျှသာ ခံစားရပြီး ကုသခံယူမှု မလုပ်သည့်တိုင် အလိုလိုပျောက်ကင်းသွားတတ်သည်။ အကယ်၍ လေးပတ် ပိုခံစားရလျှင်တော့ AIDS အဆင့်သို့ လျင်မြန်စွာ ပြောင်းတတ်ပေသည်။
(၂) ရောဂါ လက္ခဏာ မပြသေးသော အဆင့်
ရောဂါပိုး စတင် ဝင်ရောက်ပြီး ၆လမှ ၁၁နှစ် အထိ ကျန်းမာသန်စွမ်းစွာ ရှိနေနိုင်ပေသည်။ ရောဂါပိုးအား ခုခံအားစနစ်မှ တန်ပြန်တိုက်ခိုက်၍ ပထမ အဆင့်ထက် HIV ပိုးမှာ လျော့နည်းလာပေသည်။ သို့သော်လည်း
သွေးဖြူဥများမှာ တဖြည်းဖြည်း လျော့နည်းလာပေသည်။
(၃) ရောဂါ လက္ခဏာများ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာသော အဆင့်
ဤ အဆင့်တွင်လည်း လပေါင်းများစွာ ကြာရှည်စွာ နေနိုင်ပေသည်။ တစ်ရက်ထက်တစ်ရက် CD-4 သွေးဖြူဥအရေအတွက် လျော့နည်းလာပြီး ကိုယ်ခံစွမ်းအားမှာလည်း သိသိသာသာ ကျဆင်းလာပေသည်။ မစားချင် မသောက်ချင် ဖြစ်၍ မကြာခဏ အဖျားတက်နိုင်သည်။ အများဆုံးသော တွေ့ရနိုင်သော ရောဂါ လက္ခဏာများမှာ အောက်ပါ အတိုင်းဖြစ်သည်။
(က) မကြာခဏ ဖျားခြင်း
(ခ) ကိုယ်အလေးချိန် ကျဆင်းလာခြင်း
(ဂ) အပင်ပန်း မခံနိုင်ခြင်း၊ မအီမသာ ခံစားရခြင်း
(ဃ) စားချင်သောက်ချင်စိတ် မရှိခြင်း
(င) ဝမ်းလျောခြင်း
(စ) ညဘက်ချွေးထွက်ခြင်း
(ဆ) အကြိတ်များ ကြီးလာခြင်း တို့ဖြစ်ပေသည်။
(၄) ခုခံအား ကျဆင်းသွားသော အဆင့်
သွေး တစ်မီလီမီတာတွင် CD-4 ပမာဏ ၂၀၀ ထက်လျော့နည်းသွားပြီ ဆိုပါက AIDS အဖြစ် သတ်မှတ်သည်။ HIV ရောဂါပိုးရှိသူ အတွက် နောက်ဆုံး အဆင့်လည်း ဖြစ်သဖြင့် ခုခံအားစနစ်ကြီး ပျက်ဆီး ဆုံးရှုံးသွားကာ HIV ရောဂါပိုးကို သော်လည်းကောင်း၊ အခြားသော ရောဂါပိုးများကို သော်လည်းကောင်း မတားဆီးနိုင်တော့ ပေ။ အများဆုံး တွေ့ရသော ရောဂါ လက္ခဏာများမှာ-
(က) အဆက်မပြတ် အဖျားကြီးခြင်း
(ခ) ကိုယ် အလေးချိန် သိသိသာသာ ကျဆင်းလာခြင်း
(ဂ) ပါးစပ်တွင် မှိုစွဲလာခြင်း
(ဃ) ရေယုန် နှင့် အခြား အရေပြားရောဂါ များ ဖြစ်ပေါ်လာခြင်း
(င) အဆက်မပြတ် ချောင်းဆိုးခြင်း နှင့် ဝမ်းလျှောခြင်း
တို့ဖြစ်ပေသည်။
ကိုးကားချက်။ ။ဒေါက်တာ သီဟ၏ HIVမှတ်စုများ




