23
Feb

HIV/AIDS ရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၅)

ကဲ HIV ပိုး စတင် ဖြစ်ပေါ် လာပုံနှင့် ပြောင်းလဲပုံကို ဖော်ပြပြီး ဖြစ်လို့ ဒီတစ်ခါတော့ အဲဒီရောဂါပိုး ပြန့်ပွား ကူးစက် တတ်သော နည်းလမ်းတွေကို ဖော်ပြပေးပါမယ်။ ဒီလို ဖော်ပြတဲ့ နေရာမှာ လွဲမှားလေးတွေ ရှိမယ် ဆိုရင်တော့ နားလည် ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်ကနေ လိုအပ်တယ် ထင်တဲ့ အချက်အလက်လေးတွေကို ထုတ်နှုတ် တင်ပြတဲ့ အတွက်ကြောင့်ပါ။ လာရောက် ဖတ်ရှုသူများမှ ဒီထက် ပိုပြီး သိထားတာများ ရှိရင်လည်း ဝေဖန် အကြံပေးစေလိုပါတယ်။ နောက် ပြီး ဆေးပညာပိုင်းဆိုင်ရာ စာအုပ်လေးတွေ ရှိမယ်ဆိုရင်လည်း ကျွန်တော့်ကို ဝေငှပေးပါလို့ တောင်းဆိုပါတယ်။ ကဲ HIအကြောင်းကို ဆက်လိုက်ရအောင်နော်။

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" /> 

HIV ရောဂါ ကူးစက်ပြန့်ပွားပုံ

 

HIV ရောဂါပိုးသည် စတင်ဝင်ရောက်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်သည့် တိုင်အောင် ရောဂါလက္ခဏာ မပြပဲ နေနိုင်သည်။ ဤကြားကာလတွင် လူပေါင်း မြောက်မြားစွာကို ကူးစက်နိုင်ပါသည်။ ဘာကြောင့်လဲ ဆိုတော့HIV ရောဂါပိုးသည် အခြားသော ရောဂါပိုးများနှင့် မတူပဲ တဖြည်းဖြည်းချင်း စိမ့်ဝင်ကူးစက်ပျံ့ နှံ့ တတ်သောသဘာဝ ရှိသောကြောင့် ဖြစ်ပေသည်။ ရောဂါပိုး ကူးစက်နိုင်ရာ အဓိက လမ်းကြောင်းမှာ သုံးမျိုး ရှိပေသည်။

 

(၁) မသန့်ရှင်းသော သွေး/ ဆေးထိုးအပ် တို့မှ တဆင့် ကူးစက်ခြင်း

(၂) လိင်တူ/လိင်ကွဲ ဆက်ဆံရာမှ တဆင့် ကူးစက်ခြင်း

(၃) ကိုယ်ဝန်ဆောင် မိခင်မှ တဆင့် သန္ဓေသားထံသို့ ကူးစက်ခြင်း

တို့ ဖြစ်ကြသည်။

 

(၁) မသန့်ရှင်းသော သွေး/ဆေးထိုးအပ် တို့မှ တဆင့် ကူးစက်ခြင်း

 

တစ်ကြိမ်ဆို တစ်ကြိမ် အသေချာဆုံးသော ကူးစက်နိုင်သော လမ်းကြောင်း ဖြစ်ပေသည်။ သွေးကြော အတွင်း သို့ မူးယစ်ဆေးသွင်းသူများ၊ သွေးမခဲသော ရောဂါကြောင့် မကြာခဏ သွေးသွင်းရသူများ၊ ဆေးမှင်ကြောင် ထိုးတတ်သူများ နှင့် အခြားသော ရောဂါ တစ်ခုခုကြောင့် သွေးသွင်း ခံရဖူးသော သူများတွင် ကူးစက်မှု ဖြစ်ပွားနိုင်ပါသည်။ မူးယစ်ဆေး သုံးစွဲသူများသည် ဆေးထိုးအပ်ကို မျှဝေ သုံးစွဲမှုကြောင့် ကူးစက်ရခြင်း ဖြစ်ပေသည်။ အချို့ သော ဆေးခန်းများတွင် တခါသုံး ဆေးထိုးအပ်ကို မသုံးစွဲလျှင်လည်း ကူးစက်နိုင်ပါသည်။ ထို့ကြောင့် မလိုအပ်ပဲ သွေးသွင်းမှု မပြုလုပ်ခြင်း၊ တခါသုံး အပ်များကို အသုံးပြုခြင်း တို့ဖြင့် ရောဂါ ကူးစက်မှု ကို ကာကွယ်နိုင်ပါသည်။

 

(၂) လိင်တူ/လိင်ကွဲ ဆက်ဆံရာမှ တဆင့် ကူးစက်ခြင်း

 

အကြမ်းဖျင်းအားဖြင့် အဓိက အကျဆုံးသော ကူးစက်ရာ လမ်းကြောင်းဟု သတ်မှတ်နိုင်ပါသည်။ သာမန်အား ဖြင့် ဆိုရသော် HIV ပိုးသည် အရေပြား (သို့မဟုတ်) ကျန်းမာမှုရှိသော အသားနု တို့ကို မဖြတ်သန်းနိုင်ပါ။

သို့သော်လည်း ပေါက်ပြဲနေသော အရေပြား နှင့် ရောင်ရမ်းနေသော အသားနု တို့ကို လွယ်ကူစွာ ဖြတ်သန်း နိုင်ပါသည်။ လိင်ဆက်ဆံရာတွင် မျက်လုံးဖြင့် မမြင်နိုင်သော အရေပြား ပေါက်ပြဲမှုများ ဖြစ်ပေါ်ပေသည်။ထိုအခါ ရောဂါ ရှိသူနှင့် ဆက်ဆံမိပါက ထိုနေရာများမှ တဆင့် HIV ပိုး အလွယ်တကူ ဝင်ရောက် နိုင်ပါသည်။

 

လိင်တူ/လိင်ကွဲ ဆက်ဆံမှုမှ တဆင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြစ်သည့် ကာလသားရောဂါ၊ ဆီးပူ ညောင်းကျရောဂါ တို့ကြောင့် လိင်အင်္ဂါ တဝိုက်တွင် ရောင်ရမ်းမှုများ ဖြစ်ပေါ်တတ်သည်။ ထိုအချိန်တွင် ရောဂါပိုးရှိသူနှင့် ဆက်ဆံမိပါက HIV ပိုးမှာ လွယ်လင့်တကူ ဝင်ရောက်နိုင်ပါသည်။ သာမန် နမ်းရှုံ့ ခြင်းဖြင့် ရောဂါ မကူးစက် နိုင်သော်လည်း ပါးစပ်တွင် အနာ အပေါက်အပြဲများ ရှိသည် ဆိုပါက HIV ပိုး ကူးစက်နိုင် ပါသည်။ ရောဂါပိုး ဝင်ရောက်နိုင်ရန်မှာ အခြေအနေ နှစ်ရပ် မရှိမဖြစ် လိုအပ်ပေသည်။

 

(၁) ရောဂါကူးစက်မှု ခံရမည့်သူတွင် အရေပြား ပေါက်ပြဲမှု (သို့မဟုတ်) အသားနုများ ရောင်ရမ်းမှု ရှိရမည်။

(၂) ရောဂါပိုး ရှိသူ၏ သွေးစ (သို့မဟုတ်) လိင်အင်္ဂါမှ အရည်များ လာရောက် ထိတွေ့ရမည်။

ဤ အချက် ၂ရပ် နှင့် ပြည့်စုံပါက HIV ပိုး လွယ်လင့်တကူ ကူးစက်နိုင်ပေသည်။

 

(၃)ကိုယ်ဝန်ဆောင် မိခင်မှ တဆင့် သန္ဓေသားထံ သို့ ကူးစက်ခြင်း

 

ရောဂါပိုး ရှိသော မိခင်မှ တဆင့် အပြစ်မဲ့သော ရင်သွေးငယ် ထံသို့ ကူးစက်ခြင်း ဖြစ်ပါသည်။ ကူးစက်မှု နှုန်းမှာ ဒေသ တစ်ခုနှင့် တစ်ခု မတူညီကြပေ။ ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၅၀ HIV ပိုးရှိသော မိခင်၏ ရင်သွေးငယ်မှာ ရောဂါ ကူးစက်မှု ခံရပေသည်။ ကူးစက်မှု ခံရသော အဓိက အချိန်သုံးခု ရှိသည်။

 

(က) ကိုယ်ဝန်ဆောင်စဉ် ကာလ၌ ကူးစက်ခြင်း

(ခ) မီးဖွားစဉ် ကာလ၌ ကူးစက်ခြင်း

(ဂ) မိခင် နို့တိုက်ကျွေးစဉ် ကာလ၌ ကူးစက်ခြင်း

ဟူ၍ သုံးမျိုးရှိလေသည်။

 

(က) ကိုယ်ဝန်ဆောင်စဉ် ကာလ၌ ကူးစက်ခြင်း

 

မိခင်၏ သားအိမ်အတွင်း ရှိစဉ်မှာပင် သန္ဓေသားကို ကူးစက်ခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင် ကာလ ကိုးလ ရှိသည့်အနက် ဒုတိယလနှင့် နောက်ဆုံး သုံးလ ၌ ကူးစက်ခံရခြင်း ဖြစ်သည်။ သားအိမ်ရောင်ခြင်း၊ မိခင်၏ HIV ရောဂါ လက္ခဏာ အဆင့်၊ CD-4 အရေအတွက် တို့နှင့် တိုက်ရိုက် ဆက်စပ်မှု ရှိပေသည်။

 

(ခ) မီးဖွားစဉ်ကာလ ၌ ကူးစက်ခြင်း

 

မီးဖွားစဉ် ကာလ၌ ရင်သွေး၏ အရေပြားတွင် မမြင်နိုင်သော အပေါက်အပြဲများ ဖြစ်ပေါ်ပြီး ထိုနေရာများမှ တဆင့် မိခင်၏ သွေးစိမ့်ဝင်ပြီး ရင်သွေးငယ် ထံသို့ ကူးစက်ခြင်း ဖြစ်ပေသည်။

 

(ဂ) မိခင် နို့တိုက်ကျွေးစဉ် ကာလ၌ ကူးစက်ခြင်း

 

မိခင်နို့ရည်တွင် ပါရှိသော HIV ပိုးများမှ ရင်သွေးငယ် ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်ပြီး ကူးစက်ခြင်း ဖြစ်ပေသည်။

 

မိခင်မှ တဆင့် ကူးစက်ခြင်း ခံရသော ကလေးငယ်များမှာ အသက် ၆ လအတွင်း ရောဂါ လက္ခဏာများ ပေါ်လေ့ရှိသည်။ ကလေးငယ် ဖွံ့ ဖြိုးကြီးထွားနှုန်း အလွန်နှေးခြင်း၊ ပါးစပ်တွင် နာတာရှည် မှက်ခရုများ ပေါက်ခြင်း၊ ဝမ်းလျောခြင်း နှင့် အဆုတ်ယောင်ခြင်း တို့ ဖြစ်လေ့ရှိသည်။ အချို့ သော ကလေးငယ်များမှာ နှစ်နှစ်မှ သုံးနှစ် အထိ အသက်ရှင်ကြသည်။ ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူမည် ဆိုပါက အသက် ၁၀ နှစ်မှ ၁၅ နှစ် အထိ အသက်ရှင်ကြသည်။

 

အခြား ကူးစက်တတ်သော နည်းလမ်းများ

 

မသန့်ရှင်းသော ပစ္စည်းများကို အသုံးပြု၍ အပ်စိုက်ကုသခြင်း၊ ရောဂါပိုး ရှိသူထံမှ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အစားထိုး ခွဲစိတ် ကုသခြင်းတို့ဖြင့်လည်း ကူးစက်နိုင်ပါသည်။ ရောဂါပိုးရှိသူ အကိုက်ခံ ရသဖြင့် ရောဂါ မကူးစက်နိုင်ပါ။ သို့သော်လည်း အကိုက်ခံရသူ၏ ဒဏ်ရာမှာ ဆိုးဝါးပြီး ရောဂါပိုး ရှိသူ၏ သွားဖုံးမှ သွေးယိုစီးမှုရှိမည် ဆိုပါက ကူးစက်မှု ခံရပေမည်။ ခြင်ယင်မှက် စသည်တို့ အကိုက်ခံရသဖြင့် ရောဂါပိုး မကူးစက်နိုင်သလို ရောဂါပိုး ရှိသူ နှင့် တအိမ်တည်း အတူတူ နေရုံဖြင့်လည်း ရောဂါပိုး မကူးစက်နိုင်ပါ။

 

မှီငြမ်းကိုးကားချက်။              ။ဒေါက်တာ သီဟ၏ HIV မှတ်စုများ (Planet Forums )


AIDS ရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၅)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top