HIV/AIDS
ရောဂါ တားဆီးကာကွယ်ရေး တိုက်ဖျက်ရေးလုပ်နေသော အဖွဲ့အစည်းများသို့လို့ ခေါင်းစဉ်လေးတပ်ပြီး
စာလေးတစ်စောင်လောက် ရေးလိုက်ချင်ပါတယ်။ ရေးမယ့်သာရေးရတယ် ကြိုပြောထားချင်တာကတော့ ကျွန်တော်က
ဘာမှတော့မဟုတ်ပါဘူး။ ကိုယ်တိုင်ကြုံတွေ့မြင်တွေ့ ကြား ခဲ့ရတာလေးကို ပြောပြချင်တာနဲ့
ဒီ HIV/AIDS ရောဂါ တားဆီးကာကွယ်ရေး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိရောက်အောင် လုပ်ကိုင်စေချင်တာလေး
တစ်ခုပါပဲ။ ဘယ်သူ့ ဘယ်သူကိုမှ ထိခိုက်စေသော စိတ်မပါဝင်ပါ။ အမှားပါခဲ့သော် ခွင့်လွှတ်ကြပါလို့
ကြိုတင်တောင်းပန်ပါတယ်။
ဖေဖေါ်ဝါရီလ
ကုန်ပိုင်းမှာ သူငယ်ချင်းတွေနဲ့ ခရီးတစ်ခုကို အတူ သွားဖြစ်ကြပါတယ်။ အညာမြေအနှံ့ခရီးဆန့်တယ်ပဲ
ဆိုပါတော့။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ထဲက အညာရွာလေးများကို ရောက်ဖြစ်ခဲ့ပါတယ်။
သွားကြတဲ့ သူငယ်ချင်းများအားလုံးကတော့ ခုအသုံးများနေတဲ့ စကားလုံးလေးနဲ့ သုံးမယ်ဆိုရင်
လိင်တူချစ်သူများပေါ့။
ဒီသူငယ်ချင်း
တစ်စုထဲမှာ HVI + ဖြစ်နေတဲ့ သူ ၃ ယောက်ပါပါတယ်။ အချိန်နဲ့ ဆေးမှန်မှန် သောက်နေရသူတွေပေါ့။
ဒါပေမယ့် ဘယ်သူကမှ ခွဲခြားဆက်ဆံခြင်းဆိုတာမရှိပဲ အားလုံး တူတူစား တူတူသွား ပါပဲ။ ရောက်ခဲ့တဲ့နေရာ
အားလုံး ၄၊ ၅ နေရာရှိပေမယ့် ခုပြောချင်တာက အဓိက တစ်နေရာမှာ ကြုံခဲ့ရတာလေးကိုပဲ ပြောပြချင်ပါတယ်။
အရင်ဆုံးရောက်သွားတဲ့
နေရာကတော့ အလောင်းတော် ကဿဖ သွားရာလမ်းမှာရှိတဲ့
မောင်းတုံ ဆိုတဲ့ရွာလေး ပေါ့။ မြန်မာလူမျိုး တော်တော်များများသိရင်လဲ သိမှာပါ။ အဲ့ဒီရွာလေးမှာ
အမေရေယဉ် နတ်ကွန်း ရှိပါတယ်။ ရိုးရာနတ်ပွဲ ကျင်းပတာပေါ့။ နတ်ပွဲဆိုတော့ အများသိတဲ့အတိုင်း
နတ်ကတော်တွေ လာကြတယ်လေ။ နတ်ကတော်အများစုကလဲ လိင်တူချစ်တူတွေပဲ များတာမလား။ ဒီတော့ နတ်ကတော်
လိင်တူချစ်တူတွေ သူတို့နဲ့ အတူပါလာသော လိင်တူချစ်သူတွေ နောက်ပြီး ကိုယ်တို့အဖွဲ့လိုမျိုး
သက်သက်ပျော်ချင်လို့ သွားကြတဲ့ လိင်တူချစ်တူတွေ နောက်နယ်ခံ လိင်တူချစ်တူတွေနဲ့ အညာမြေက
ရွာလေးက စည်ကားနေတော့တယ်လေ။
ဒီလို
လိင်တူချစ်တူတွေ အလာများတဲ့ နေရာဆိုတော့လဲ NGO တစ်ခုက ပွဲခင်းနား နေရာလေးတစ်နေရာမှာ
ပြခန်း၊ ရုံးခန်းသဘောမျိုးလေး လာဖွင့်ထားပါတယ်။ ရွာကို အတိအကျပြောထားတော့ ဘယ် NGO ဆိုတာတော့လဲ
နာမည်ထည့်မပြောတော့ပါဘူး။ သူတို့ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကိုတော့ မပြောတတ်ဘူး။ အဲ
အခန်းမှာတော့ ဆိုင်းဘုတ် ချိတ်ထားပြီး လူ ၂ ယောက် ၃ ယောက်ထိုင်နေတာတော့ တွေ့ခဲ့တာပါပဲ။
ဒီမှာပြောချင်တာက
ရွာသားတွေဟာ HIV ဆိုတာ ဘာလဲ AIDS ဆိုတာဘာလဲ သေချာမသိကြဘူးလို့ ထင်ပါတယ်။ ကျွန်တော့်
အမြင်ကိုပြောတာပါ။ ကွန်ဒုံးဆိုတာဘာလဲ ဆိုတာလဲ သူတို့ သေချာမသိကြလောက်ဘူးလို့ ထင်တာပါပဲ။
ဘာလို့ ဒီလိုပြောရသလဲဆိုရင် ကျွန်တော်တို့ အဖွဲ့ထဲမှာ ပါလာတဲ့ သူတစ်ချို့က ရွာခံ ကောင်လေးများနဲ့
ပျော်ပါးပါတယ်။ ဒီလိုရွာလေးများမှ ပြည့်တန်ဆာ ဆိုတာမျိုးလဲ မရှိတော့ ခုလို လိင်တူချစ်တူတွေ
ရောက်လာတဲ့ အချိန်မျိုးမှာ ရွာခံ ယောက်ျားလေးများ အနေနဲ့ ခုလိုပဲ အပျော်ရှာတတ်ကြတာပဲလို့
ထင်မိပါတယ်။
ဒီနေရာမှာ
ပြောချင်တာ ၂ ခုရှိလာပါတယ်။ တစ်ခုက ရွာခံကောင်လေးများမှာ HIV နဲ့ ပတ်သက်တဲ့ အခြေခံဗဟုသုတ
မရှိကြခြင်းပါ။ ခုလိုပွဲမျိုးလုပ်တဲ့ အချိန်မှာလာပြီး ရုံးခန်းဖွင့်ရုံနဲ့ အလုပ်လာလုပ်ပြရုံနဲ့
သူတို့က သိသွားမှာ မဟုတ်ပါဘူး။ ပညာပေးလုပ်ငန်းတွေကို ခုလို ပွဲမျိုးမစခင် ပွဲလုပ်မယ့်
ရွာအပါအ၀င် နီးစပ်ရာ ဒီပွဲကို လာမယ့် ရွာတွေထိလုပ်သင့်ပါတယ်။ အခက်အခဲအမျိုးမျိုး ရှိမယ်ဆိုတာ
သိပါတယ်။ အခက်အခဲရှိလဲ လုပ်စရာ ရှိတာကိုတော့ လုပ်ရမှာပါပဲ။ ပွဲဖြစ်လာမှ လာလုပ်တာထက်
ကြိုတင်လုပ်ထားတော့ ပိုပြီး ထိရောက်နိုင်တာပေါ့။
ဒါပေမယ့်
ဒီရွာလေးတွေမှာ အဲ့ဒီ NGO က ၀န်းထမ်းတွေ ခန့်ထားပြီး ပညာပေးလုပ်ငန်းကို လုပ်နေပေမယ့်
လုပ်နေတဲ့ လုပ်ငန်းတွေကစာရွက်တွေ ပေါ်မှာပဲ ရှိတယ်လို့ ထင်ပါတယ်။ ဘာလို့ ဒီလိုပြောရသလဲဆိုတော့
အဲ့ ဒီ NGO က ၀န်ထမ်းတစ်ယောက်ပြောတာကို ကိုယ်တိုင်နားနဲ့ ဆတ်ဆတ်ကြားခဲ့ ရတာကတော့
"ကျွန်တော်တို့က
လစာရဖို့ အဓိကပဲလေ ရွာမှာ ပုံမှန် လယ်ထဲလိုက်ရင် ၃၊ ၄ သောင်း လောက်ပဲရတာ ဒီမှာလုပ်တော့
၈သောင်း ၁ သိန်းရတယ် " တဲ့ ကဲ ဘယ်လိုလုပ်ကြမလဲ။ သူတို့လုပ်နေတဲ့ လုပ်ငန်းတွေ ထိရောက်သလား
ဆိုတာကို ကျွန်တော်တော့ ဒီစကားလေး တစ်ခွန်းနဲ့ သံသယတွေ ဖြစ်လာပါတော့တယ်။ ဒါကတော့ ဒီလိုနယ်လေးတွေမှာ
လုပ်နေတဲ့ HIV/AIDS နဲ့ ပတ်သက်သော NGO တွေရဲ့ လုပ်ငန်းတွေ အကျိုးရှိ ထိရောက်သလား။ ဘယ်လိုများ
ကြီးကြပ်ဆောင်ရွက်ကြသလဲ။ NGO များရဲ့ အထက်ပိုင်းက လူကြီးများကရော ဒီလိုကိစ္စတွေကို သိကြသလား။
ဒါက ပထမတစ်ချက်ပါ။
နောက်တစ်ချက်က
ဘာလဲဆိုတော့ ဒါနဲ့ ဆက်စပ်နေပါတယ်။ ဒီလိုပညာပေး လုပ်ငန်းတွေ ထိရောက်မှု မရှိတော့ ရွာခံတွေ
အနေနဲ့ ဒီ HIV/AIDS ရောဂါတွေကို သေချာဂဏစွာ မသိကြပါဘူး။ ဆိုတော့ သူတို့ဟာ ဒီရောဂါက
ဘယ်လိုကူးတယ် ဘယ်လိုကာကွယ်ရတယ် ဆိုတာကို မသိတဲ့ အတွက် ကိုယ့်လက်ထဲ ကွန်ဒုံးရှိနေလို့တောင်
သုံးရကောင်းမှန်း မသိကြပါဘူး။ ဟုတ်ပြီ မသိတဲ့ သူက သုံးရကောင်းမှန်း မသိလို့ မသုံးတဲ့
အချိန်မှာသိရက်နဲ့ ဒါ့ပြင် ကိုယ့်မှာလဲ ရောဂါရှိနေရက်နဲ့ ကွန်ဒုံး မသုံးတဲ့ ကိစ္စတွေ ရှိလာပါတယ်။ ကျွန်တော်
ကြားလိုက်ရတဲ့အချိန်မှာ တော်တော့်ကို ခေါင်းနပန်း ကြီးသွားတဲ့အပြင် စိတ်ထဲမှာလဲ တော်တော်ဒေါသဖြစ်
ခံပြင်းသွားရပါတယ်။
ဒါဟာ
လူသားမဆန် လူ့ အသိစိတ်ဓါတ်မရှိ ယုတ်မာမိုက်ရိုင်းတာပါပဲ။ မသိနားမလည်သူအပေါ်မှာ အခွင့်ကောင်းယူ
တာပါပဲ။ ဒီလိုပြုလုပ်သူဟာ ကျွန်တော်တို့ အဖွဲထဲမှာ ပါလာတဲ့ သူတစ်ယောက် ဖြစ်နေပါတယ်။
ဒီတော့ ကျွန်တော့မှာတော့ ဒီလိုအဖြစ်ကို မတားဆီးနိုင်ခဲ့တဲ့အတွက် ခုထိကို ကိုယ့်မှာ
အပြစ်ရှိသလို ခံစားနေရပါတယ်။ လုပ်တဲ့ သူကိုလဲ အင်မတန်မှကို မုန်းတီး ရွံရှာသွားမိပါတယ်။
သူ့မျက်နှာကို မကြည့်ချင်တော့ပါဘူး။ ဒီဖြစ်ရပ်အတွက် ဘယ်လိုများ လုပ်ရင် ကောင်းမလဲဆိုတာကို
ခုထိစဉ်းစားနေရင်း ဒီစာကို ရေးမိပါတယ်။
သူငယ်ချင်းတစ်ယောက်က
ပြောပါတယ်။ ဒီလိုလူမျိုးကို သူတို့ကို ဆေးပေးနေတဲ့ အဖွဲ့အစည်းကို တိုင်ရင်ရတယ်တဲ့။
သူလဲ တစ်ခါတိုင်ဖူးတော့ အဖွဲ့အစည်းက ဆေးပေးတာ ရပ်လိုက်ရာမှာ အဲ့ဒီ တစ်ယောက် ဆုံးပါးသွားတယ်တဲ့။
သူငယ်ချင်းလဲ သူ့ကြောင့် လူတစ်ယောက် သေသွားရတယ်လို့ ခံစားမိလို့ ခုကိစ္စကို ထပ်သိတဲ့
အချိန်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူး ဖြစ်နေရပါတယ်တဲ့ အရေးယူမှု တစ်ခုခု မလုပ်လို့
ဒီလိုလူက နောက်ထပ်နောက်ထပ် ခုလိုမျိုးတွေ ထပ်လုပ်နေမယ်ဆိုရင် အပြစ်မဲ့တဲ့ လူငယ်လူရွယ်လေးတွေရဲ့
ဘ၀လေးတွေ ဘယ်လိုဖြစ်ကုန်တော့မလဲလို့ ကျွန်တော်က ခံစားမိပါတယ်။ နောက်သူငယ်ချင်းတစ်ယောက်က
ပြောရာမှာတော့ ခုလိုမျိုး မိမိကိုယ်တိုင်က HIV positive ဖြစ်နေလို့ ဆေးကို မှန်မှန်သောက်နေရသော်လည်းပဲ
လိင်ဆက်ဆံရာမှာ ကွန်ဒုံးကို အသုံးမပြုသူတွေဟာ ၁၀၀ မှာ ၇၅ယောက်လောက် တောင်ရှိနေနိုင်ပါတယ်တဲ့
တချို့ဆိုရင် ကိုယ်ကိုတိုင် positive ကိုယ်ကိုတိုင် ဒီလိုပညာပေး အဖွဲ့အစည်းမှာ ပါဝင်သူတွေတောင်
ဖြစ်နေပါတယ်တဲ့။
ကဲ
မြန်မာနိုင်ငံရဲ့ အနာဂတ်ကြီး ဘယ်လိုတွေ ဖြစ်ကုန်တော့မလဲ စဉ်းစားသာကြည့်ကြပါတော့။ ကျွန်တော်ဘာလုပ်သင့်လဲ
တာဝန်ရှိသူတွေရော ဘာလုပ်ကြမှာလဲ။
HIV/AIDS
ရောဂါ တားဆီးကာကွယ်ရေး တိုက်ဖျက်ရေးလုပ်နေသော အဖွဲ့အစည်းများသို့




