ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက် ရောဂါ အမျိုးသား မဟာဗျူဟာ စီမံကိန်း ၂၀၁၁-၂၀၁၅ကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပြီး အဆိုပါ စီမံကိန်းရဲ့ ပထမ ၂ နှစ်တာ ကာလ အတွင်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် အကုန်ကျခံ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသား မဟာဗျူဟာ စီမံကိန်းဟာ ကျန်းမာရေး ၀န်ကြီးဌာနမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းက စတင် လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မဟာဗျူဟာ စီမံကိန်းမှာ HIV/AIDS ရောဂါ ကူးစက်မှု ပပျောက်စေရေး အတွက် မဟာ ဗျူဟာများ ချမှတ် ဆောင်ရွက် လျက်ရှိပါတယ်။ အဆိုပါ စီမံကိန်းမှာ ဆောင်ရွက် လျက်ရှိတဲ့ လုပ်ငန်းစဉ်များ အနေနဲ့ အန္တရာယ် ရှိတဲ့ လိင်ဆက်ဆံမှုနဲ့ မူးယစ်ဆေးဝါး ထိုးသွင်းမှု တို့ကြောင့် HIV ပိုးကူးစက်ခြင်းကို ကာကွယ်ရေးနဲ့ HIV ပိုးကူးစက် ခံရသူများ၊ AIDS လူနာများ အတွက် စဉ်ဆက်မပြတ် ပြီးပြည့်စုံတဲ့ ပြုစု ကုသ စောင့်ရှောက်ရေး လုပ်ငန်းများ ပါဝင်ပါတယ်။ ဒါ့အပြင် HIV ပိုးကူးစက် ခံရသူများ AIDS လူနာများနဲ့ ၎င်းတို့ရဲ့ မိသားစုများ အပေါ် ဆိုးကျိုး သက်ရောက်မှုများ လျော့နည်း စေရေးနဲ့ HIV ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းစဉ်များကို ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။
အဆိုပါ အမျိုးသားမဟာဗျူဟာ စီမံကိန်းမှာ ၂၀၁၁-၂၀၁၂ ၂ နှစ်တာ ကာလ အတွင်းမှာ ခန့်မှန်း ကုန်ကျစရိတ် အနေနဲ့ အမေရိကန် ဒေါ်လာ ၁၁၁.၇ သန်း ခန့်မှန်း ကုန်ကျမှာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ စီမံချက် ကာလ ၅ နှစ်တာ ကာလ အတွင်း မှာတော့ အမေရိကန် ဒေါ်လာ ၃၄၃.၆ သန်း ခန့်မှန်း ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စီမံချက် ဆောင်ရွက်ရန် အတွက် ဘဏ္ဍာငွေ ထောက်ပံ့မှု ကိုတော့ ကမ္ဘာ့ရန်ပုံငွေ အဖွဲ့ The Global Fund မှ ရန်ပုံငွေ ထောက်ပံ့ပေးဖို့ သဘောတူညီ ထားပြီး လက်ရှိ အနေအထား အရ နိုင်ငံအတွင်း HIV/AIDS လုပ်ငန်းများ ဆောင်ရွက်ရာမှာ လိုအပ်တဲ့ ငွေရဲ့ ၉၅ ရာခိုင်နှုန်း ခန့်ကို အပြည်ပြည် ဆိုင်ရာ အလှူရှင် အဖွဲ့အစည်း များမှ လှူဒါန်းလျက် ရှိတယ်လို့ အဆိုပါ အမျိုးသား မဟာဗျူဟာ စီမံကိန်း အရ သတင်း ရရှိပါတယ်။
MRTV-4 - HIV/AIDS ရောဂါ မဟာဗျူဟာ စီမံချက်ကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်ကျခံ ဆောင်ရွက် လျက်ရှိ




