19
Aug

HIV/AIDS ဝေဒနာရှင် တစ်ထောင်ကို အေအာရ်တီဆေး အခမဲ့ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ HIV/AIDS ဝေဒနာရှင် တစ်ထောင်ကို အေအာရ်တီဆေး အခမဲ့ထောက်ပံ့လျက် ရှိကြောင်း စစ်ကိုင်းတိုင်း AIDS တိုက်ဖျက်ရေးအဖွဲ့ ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းက ပြောကြားသည်။

အေအာရ်တီဆေး တိုက်ကျွေးသည့် နေရာများမှာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မုံရွာဆေးရုံကြီး အပါအဝင် ရွှေဘို၊ စစ်ကိုင်း၊ ဟုမ္မလင်း၊ ကလေး၊ တမူးမြို့တို့တွင် တိုက်ကျွေးလျက်ရှိပြီး မကြာခင် အချိန်တွင် ရေဦးနှင့် ချောင်းဦးမြို့ တို့တွင်လည်း ဆက်လက် တိုးချဲ့သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ အေအာရ်တီဆေးကို အခမဲ့တိုက်ကျွေးခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မည်သည့်နေရာတွင် နေထိုင်သူမဆို HIV/AIDS ရောဂါဝေဒနာ ကူးစက်ခံရပါက မိမိဆန္ဒအလျောက် ဆေးဝါး ကုသခွင့် ရှိကြောင်း၊ အဆိုပါဆေးများကို ကျန်းမာရေးဝန်ကြီးဌာန မုံရွာဆေးရုံကြီး ခုခံအားနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့် UNION INGO အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မုံရွာဆေးရုံကြီးမှ တာဝန်ရှိ ဆရာဝန်တစ်ဦးက ဆိုသည်။

“အရင်က ဆဲလ်အရေအတွက် ၃၅၀ အောက်ရောက်မှ အေအာရ်တီဆေးပေးတာ၊ အခု ဆဲလ်အရေအတွက် ၅၀၀ အောက်ပါ အေအာရ်တီဆေး တိုက်ဖို့ဆောင်ရွက်နေပါတယ်” ၎င်းကပင် ထပ်မံပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လူနာများအနေနှင့် အေအာရ်တီဆေးကို အခမဲ့ရရှိသော်လည်း ဓာတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ခြင်းနှင့် ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ရသည့်အခါ ရက်အနည်းငယ် ကြာမြင့်သည့်အတွက် ရပ်ဝေးမှ ဝေဒနာသည်များ အတွက် မုံရွာမြို့တွင် လာရောက် ကုသချိန်တွင် နေရေးထိုင်ရေးမှာ အခက်အခဲ ဖြစ်နေရကြောင်း ဝေဒနာသည် အချင်းချင်း ရိုင်းပင်းကူညီရေး အဖွဲ့တွင် ပါဝင်သည့် ဝေဒနာရှင် အမျိုးသား တစ်ဦးက ပြောကြားသည်။

မုံရွာ၊ သြဂုတ် ၁၇

The Voice WeeklyHIV/AIDS ဝေဒနာရှင် တစ်ထောင်ကို အေအာရ်တီဆေး အခမဲ့ထောက်ပံ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top