မေး - မဖြူဖြူသင်းရဲ့ ငယ်စဉ်ဘဝ ဖြတ်သန်းမှုနဲ့ ကိုယ်ရေးအကျဉ်းလေးကို ပြောပြပေးပါ။
ဖြေ - အဖေ ဦးလှထွန်း အမေ ဒေါ်ခင်ဆွေတို့မှ ၂၃-၁၂-၁၉၇၁ ခုနှစ်မှာ ကျမကို မွေးဖွားခဲ့ပါတယ်။ အဖေရော အမေပါ ဗုဒ္ဓဘာသာ ဗမာလူမျိုးတွေဖြစ်ပြီး တောင်ဥက္ကလာပ မြို့နယ် ၇ ရပ်ကွက် ၁၁ လမ်းမှာ ငယ်စဉ်ကနေ ခုထိ နေထိုင်နေတာပါ။ အစ်မဖြစ်သူ မစံပယ်ဦး၊ ညီမ မာလာထွန်း၊ မောင်လေး အောင်မျိုးနိုင်တို့ ရှိပါတယ်။ ငယ်စဉ် သူငယ်တန်းကနေ အဌမတန်းထိ အလက (၂) တောင်ဥက္ကလာပမှာ ပညာသင်ပြီး နဝမတန်းကနေ ဒဿမတန်းကိုတော့ အထက (၁) တောင်ဥက္ကလာပမှာပဲ ဆက်လက်သင်ကြားခဲ့တာပါ။ တက္ကသိုလ်ဝင်ဖို့ စောင့်နေရင်းနဲ့ အားလုံးသိကြတဲ့ ဗမာပြည်ရဲ့ အကြီးကျယ်ဆုံး လူထုလှုပ်ရှားမှုကြီးကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခဲ့ရပါတယ်။ အဲဒီကာလတုန်းက ဥက္ကလာပမှာ ကောင်စီလူကြီးတွေ၊ ရဲတွေကို ဒေါသဖြစ်နေတဲ့ လူထုက ခေါင်းဖြတ်သတ်တာမျိုးလည်း ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီ အဖြစ်ဆိုးတွေကို မနှစ်မြို့ခဲ့ပေမယ့် ဟန့်တားနိုင်စွမ်းလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီကတည်းက အကြမ်းဖက်မှုကို လက်မခံ မကျင့်သုံးနိုင်ဘူး ဆိုတာတော့ အလိုလို သန္နိဌာန်ချ ထားခဲ့ပြီးသားပါ။
၁၉၉ဝ ရွေးကောက်ပွဲ အောင်နိုင်ရေးအကို တက်တက်ကြွကြွ လှုပ်ရှားခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးတော့ မိဘရဲ့ လက်ငုတ်လက်ရင်း အလုပ်ဖြစ်တဲ့ ဆေးလိပ်ခုံလုပ်ငန်းကို ဦးစီးလုပ်ကိုင်ရင်း ကျောင်း တက်ဖို့ စောင့်ရပါတယ်။ ကျောင်းတက်ခွင့်ရတော့ သမိုင်းဘာသာ အဓိကနဲ့ တက္ကသိုလ်များနယ်မြေ (လှိုင်) မှာ တက်ရောက်ခွင့် ရခဲ့ပါတယ်။ ကျောင်းသူဘဝမှာလည်း ရှစ်လေးလုံးနောက်ပိုင်းက အကြီးကျယ် ဆုံး ကျောင်းသားလှုပ်ရှားမှုတစ်ခုထဲကို ပါဝင်ခဲ့ရပြန်ပါတယ်။ အဲဒီ အဖြစ်အပျက်ကတော့ ၁၉၉၁ ခုနှစ် လူထုခေါင်းဆောင် ဒေါ်အောင်တဆန်းစုကြည်ကို ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးအပ်ပွဲကို ကျောင်းသား လှုပ်ရှားမှု ပြုလုပ်ပြီး ထောက်ခံပွဲလုပ်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒီလှုပ်ရှားမှုကိုလည်း စစ်အာဏာရှင်တွေက ဖမ်းဆီးအကြမ်းဖက် ဖြိုခွဲခဲ့ပြန်ပါတယ်၊ သူငယ်ချင်း အများစုကတော့ လက်နက်ကိုင်တော်လှန်ဖို့ တောခို သွားကြပေမယ့် လက်နက်ကိုင် တော်လှန်ရေးကို မယုံကြည်လို့ ကျန်နေခဲ့ပြီး ကံကောင်းထောက်မစွာ ဖမ်းဆီးတာလည်းမခံခဲ့ရပါဘူး။ အဲဒါတွေပြီးနောက် တတိယနှစ်ရောက်တော့ အများစုက main လို့ခေါ်တဲ့ ရန်ကုန် တက္ကသိုလ်ကနေပြီး သမိုင်းဘာသာ အဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား နေခဲ့ရပါတယ်။
မေး - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဘာကြောင့် ဝင်ခဲ့ပါသလဲ။ ဘာတွေ တာဝန်ယူခဲ့ရပါသလဲ။
ဖြေ - ၉၅-၉၆ မှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်က ဦးဆောင်ပြီး ဒေါ်အေင်ဆန်းစုကြည်ရဲ့ ခြံရှေ့တရားပွဲတွေကို နေပူပူ မိုးရွာရွာ တစ်ရက်မပျက် သွားရောက်နားထောင်ရင်းနဲ့ အန်တီ့အပေါ် ပိုမိုလေးစား ကြည်ညိုခဲ့ရပါတယ်။ နိုင်ငံရေးအပေါ် ပိုမို စိတ်ဝင်စားလာခဲ့ပြီးတော့ ၉၈ ခုနှစ်မှာ NLD ပါတီဌာနချုပ်ကို ရောက်သွားပါတယ်။ အပတ်စဉ် အင်္ဂါနေ့ ပြည်သူကို ဆန်ဝေတာ၊ ကလေးငယ်တွေကို ဆေးပေးတာ၊ အာဟာရ တိုက်ကျွေးတဲ့ လုပ်ငန်းတွေကို လုပ်နေခဲ့ပါတယ်။ တနင်္လာ၊ သောကြာ ဟောပြောပွဲတွေမှာ လုံခြုံရေးတာဝန်ယူ နှစ်ပတ်ခြားတစ်ခါ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး နှစ်ပတ်ခြား တခါ ပြုလုပ်တဲ့ ကြာသာပတေးနေ့တိုင်း ပြုလုပ်တဲ့ စာဖတ်ဝိုင်း တက်ပြီး ကြီးမားတဲ့တာဝန် မယူခဲ့ရပါဘူး။
အဲသလို ဖြတ်သန်းနေရင်းကနေ ၂ဝဝဝ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၊ မန္တလေးခရီးစဉ်ကို လိုက်ပါပို့ဆောင်ရင်း ၂၁ ရက် စက်တင်ဘာမှာ စစ်ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်။ ဖမ်းဖမ်းချင်း အင်းစိန် အကျဉ်းထောင်ကို ပို့လိုက်ပြီး လေးရက်ဆက်တိုက် စစ်ကြောရေးလုပ်ပါတယ်။ ငါးရက်မြောက်မှာတော့ အင်းစိန်အကျဉ်းထောင်ကနေ မျက်စိကို အဝတ်စီး၊ ဗမာပြည်မှာ အဆိုးဆုံး စစ်ကြောရေးလို့ နာမည်ကြီး တဲ့ ရေကြည်အိုင်ကို ခေါ်သွားပြီ လေဝင်ပေါက်တောင်မရှိတဲ့ အခန်းကျဉ်းလေးထဲကို ထည့်ပြီး ခြောက်ရက်ကြာအောင် တရကြမ်း စစ်ကြောရေးဝင်ပါတယ်။ ရေဆာချိန် မသောက်ရ၊ ထမင်းဆာလို့ မစားရ၊ မှောင် မိုက်နေတဲ့ အခန်းထဲမှာ နေရတဲ့ အမျိုးသမီးတစ်ယောက်အတွက်တော့ လောကငရဲပါပဲ။ နောက်တော့လည်း အင်းစိန်အကျဉ်းထောင်ကို ပြန်ပို့၊ လေးလနဲ့ လေးရက် ချုပ်ထားပြီးတဲ့နောက် ၂၅-၁-၂ဝဝ၁ မှာ ပြန်လွှတ် ခဲ့ပါတယ်။ ထောင်က လွတ်ခါနီး ICRC လာလို့ ထောင်ဝင်စာ ၂ ခါရလိုက်ပေမယ့် ရှေ့သုံးလကျော်လောက်ကတော့ ထောင်ထမင်းနဲ့ ဟင်းပါပဲ။
ထောင်က ထွက်လာတော့ ယုံကြည်ချက်ဟာ ပိုမိုခိုင်မာလာခဲ့ပါတယ်။ ၅-၅-၂ဝဝ၂ နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ဖွဲ့စည်းခိုင်းတဲ့ မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ လူငယ်တွေကို စည်းရုံးပြီး တောင် ဥက္ကလာမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့နိုင်ခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မြို့နယ်လူငယ်အဖွဲ့မှာ တာဝန်ခံ တယောက်ပါပဲ။ အဲဒီရက်ရဲ့ နောက်တစ်ရက်မှာတော့ လူငယ်ရေးရာတာဝန်ခံ ဒေါ်စု အကျယ်ချုပ် ကနေ ပြန်လွန်မြောက်လာခဲ့ပါတယ်။
မေး - အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး လူမှုကူညီရေးလုပ်ငန်းကို ဘယ်လိုကနေ စပြီး လုပ်ဆောင်ခဲ့ပါသလဲ။
ဖြေ - ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက် မြို့နယ်ရုံးခွဲတွေ ဖွင့်ပါတယ်။ အဲဒီမှာ ကလေးတွေကို စာသင်၊ နောက် အစည်းအဝေးရှိရင် ရုံးချုပ်သွား၊ မြို့နယ်ရုံးနဲ့ ရုံးချုပ်ကြား လွန်းထိုးသွားနေ ရတာပါပဲ။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့ HIV/AIFS ဆိုင်ရာ ပညာပေးသင်တန်းကို ၂-၈-၂ဝဝ၂နေ့မှာ လူငယ် ၁၉ ဦးနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ သင်တန်းဆင်းတော့ NLD ရုံးချုပ်မှာ HIV/AIDS prevention and care deer education centre ကို ဖွင့်လှစ်ခဲ့ပါတယ်။ စစချင်းမှာပဲ တောင်ဥက္ကလာပ၊ သာကေတမြို့နယ်တွေမှာ HIV ပညာပေး ဟောပြောပွဲတွေ ကျင်းပနိုင်ခဲ့ပေမယ့် အာဏာပိုင်တွေ ရဲ့ နှောင့်ယှက်မှုကြောင့် တစ်နိုင်ငံလုံး အတိုင်းတာနဲ့ လုပ်ချင်တဲ့ ဆန္ဒ မပြည့်ဝခဲ့ပါဘူး။ ဒါပေမဲ့လည်း NLD က ဒီအလုပ်ကို စတင်လုပ်ကိုင်နေပြီဆိုတဲ့ သတင်းကြားတာနဲ့ HIV ကူးစက်ခံရပြီး သား ဝေဒနာသည်တွေ လာရောက် ဆက်သွယ်ပါတော့တယ်။ စလုပ်စဉ်ကတော့ လူငယ် ၁၉ ဦးစလုံး တက်တက်ကြွကြွ လုပ်ကိုင်ကြပေမယ့် နောက်ပိုင်းမှာတော့ ပင်ပန်းဆင်းရဲလွန်းတာကို မခံနိုင်ကြတော့လို့ လူနည်းသွားပါတယ်။ ခုဆို သင်တန်းသား ၁၉ ဦးထဲက ကျမတယောက်တည်း ဆက်လက်လုပ်ကိုင်နေတာပါ။
မေး - ဒီလိုလုပ်ဆောင်ရာမှာ ဘယ်လိုအခက်အခဲမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါသလဲ။ အတွေ့အကြုံအချို့ကို ပြောပြပေးပါ။
ဖြေ - ဒီအလုပ် စတင်လုပ်ကိုင်စဉ်က နည်းနာလည်း သိပ်မသိ၊ ARV ဆေးဝါး တန်ကြေးကလည်း တစ်လကို ဆယ်သိန်းဝန်းကျင် ဖြစ်နေတော့ CD4 Count နည်းပါးနေတဲ့ လူနာတွေ ပျက်စီးသွားတာ၊ ကိုယ့်လက်ပေါ် မှာပဲ အသက်ပျောက်သွားတာကို ဒီအတိုင်း စိတ်မကောင်းစွာနဲ့ ထိုင်ကြည့်နေရင်း လူတွေကို ပိုသနားဂရုဏာသက်ပြီး ဒီအလုပ်ကို ဒီရောဂါပျောက်တဲ့ ဆေးဝါးပေါ်တဲ့ထိ ဆက်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။ ၂ဝဝ၂ ပတ်ဝန်းကျင်က ကမ္ဘာ့တိုင်းပြည် တော်တော်များများမှာ ဝေဒနာသည်တွေအတွက် ARV ဆေးဝါး အဆင်ပြေပေမယ့် ဗမာပြည်မှာတော့ မကြားဖူးသေးတဲ့ အဆင့်ပါ။ အစိုးရပိုင် ဆေးရုံတွေဆို ဒီရောဂါသည်တွေ မသွား ချင်ကြပါဘူး။ ဆေးထိုးသတ်တယ်ဆိုတဲ့ ကောလဟလတွေကြောင့်ပါ။ အမှန်တကယ်တော့ လူနာတွေရဲ့ အခြေနေဆိုးတာနဲ့ ဆေးရုံပေါ်ရောက်တဲ့အခါ လိုအပ်တဲ့ ဆေးဝါးမရလို့ ဆုံးပါးကုန်တာပါ။
၂ဝဝ၅ ခုနှစ်ကျမှ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားတဲ့ သဇင်ဆေးခန်းတွေကနေ သူတို့သတ်မှတ်ထားတဲ့ ဧရိယာမှာ နေထိုင်တဲ့ လူနာကို ဆေးပေးမယ်လို့ သိရလို့ လှိုင်သာယာမှာ အိမ် ၂ လုံး၊ ဒေါပုံမှာ အိမ် တစ်လုံး ငှားပြီးထားပေးပါ။ လှိုင်သာယာမှာ ပြဿနာမရှိပေမယ့် ဒေါပုံက အိမ်ကိုတော့ အာဏာပိုင်တွေက ပြဿနာရှာပါတယ်။ ၁ဝ-၉-၂ဝဝ၇ နေ့မှာ ဒေါပုံမြို့နယ် မယက၊ အက်စ်ဘီ စတာတွေက ကျမ လူနာတွေနဲ့ အတူရှိနေစဉ် လာရောက်ခေါ်ဆောင်ပြီး ၅ နာရီကြာ စစ်မေးပါတယ်။ HIV နဲ့ပတ်သက်လို့ ပထမဆုံး နှောင့်ယှက်မှုကို စတင်တာပါ။ နောက်တခါ သာကေတကို ရွှေ့ပါတယ်။ အဲဒီမှာလည်း အာဏာပိုင်တွေ က ရပ်ကွက်နဲ့ လှည့်တိုက်ပေးလို့ ရပ်ကွက်လူထုက လာရောက်ဆဲဆို၊ ခဲနဲ့ထုလို့ လူနာတစ်ဦး အထိတ်တလန့်နဲ့ တိမ်းပါးပါတယ်။ ဒီအဖြစ်ကြောင့် မိသားစုနဲ့ တိုင်ပင်ပြီး အမှတ် ၃၇၆ ကမ္ဘောဇ ၂ လမ်း ၁၈ ရပ်ကွက် တ/တဂုံက မိသားစုပိုင်အိမ်ကို လူနာဂေဟာအဖြစ် ထားခဲ့တာ ဒီနေ့ထိပါပဲ။ နောက်ပိုင်းတော့ တိုင်းနဲ့ ပြည်နယ်အသီးသီးက လူငယ်တွေကို ဒီလုပ်ငန်းအကြောင်း ပြောဆိုစည်းရုံးနိုင်ခဲ့လို့ အလုပ်က ပိုများလာပြီး လူနာတွေ လည်း များလာပါတယ်။ တာဝန်ကလည်း ပိုကြီးလာပါတယ်။ ခုဆို လူနာ ၂ဝဝဝ ကျော်သွားပါပြီ။ ပုံမှန်အတိုင်းဆို မနက်မိုးလင်းတာနဲ့ နယ်က ရောက်လာတဲ့ လူနာတွေကို counseling (နှစ်သိမ့်ဆွေးနွေး) ပါတယ်။
နောက်တော့ သွေးစစ်ဌာနကိုသွား၊ အဲဒီလူနာကို ဂေဟာမှာ ပြန်နားခိုင်း၊ မင်္ဂလာဒုံ ဆေးရုံကိုသွားပြီး ကိုယ့်လူနာတွေရော၊ ကိုယ့်လူနာမဟုတ်တဲ့ လူတွေကောပါ လိုက်တွေ့ အားပေးစကားပြော ပြုစု၊ နောက်တော့ ဌာနချုပ်ကိုပြေး ရုံးမှာစောင့်နေတဲ့ လူနာတွေကို ဆေးပေးစရာရှိတာပေး၊ တာဝန်ရှိတဲ့ လူတစ်ချို့နဲ့ နိုင်ငံရေးကိစ္စ တိုင်ပင် ညနေကျတော့ အထူးကုဆရာဝန်နဲ့ ပြစရာလိုတဲ့ လူနာတွေကို ဆေးခန်းလိုက်ပြပေးပြီး အိမ်ပြန်၊ အိမ်ပြန်ရောက်တော့လည်း အနီးအနားက လူနာတွေက အိမ်မှာ စောင့်နေကြလို့ စကားပြော၊ လမ်းညွှန်စရာရှိတာ ညွှန်ပြပြီးတော့မှ ညစာစား၊ အိပ်ရာဝင်ချိန်မဟာ ၁၁ နာရီခွဲလောက်ပုံမှန်ပါပဲ။ ဒီအလုပ်တွေ ကို နေ့စဉ်နဲ့အမျှ နားရက်မရှိ လုပ်ခဲ့ရတာ ၇ နှစ်တိုင်ခဲ့ပါပြီ။ အဓိပ္ပာယ်ကတော့ လူနာကို သွေးစစ်ဖို့ပညာပေး ဆေးရုံဆေးခန်းပို့ နောက်ဆုံး လက်လျှော့လိုက်ရတဲ့ လူနာကို မြေချပေးတဲ့အထိ တစ်ဦးတည်း ဒိုင်ခံ လုပ်ရတာပါ။ ကူသူရှိတယ် ဆိုပေမယ့်လည်း တခါတရံပါပဲ။ ဒီလိုလုပ်ပေးနေရင်း နိုင်ငံရေး အကျဉ်းသားဟောင်းတဦး၊ ထောင်ထဲမှာ ရောဂါရလာတဲ့ ပုဂ္ဂိုလ်တဦး ကွယ်လွန်ပါတယ်။ ဘဝတူ လူနာတွေက သူ့ အတွက် ကောင်းမှုကုသိုလ် ပြုလုပ်ပေးဖို့ ပြောတာကြောင့် ကျမ ဦးဆောင်ပြီး ခု ချိပ်ပိတ်ခံထားရတဲ့ နာမည်ကျော် မဂ္ဂင်ကျောင်းမှာ ဝါဆိုသင်္ကန်း ကပ်လှူပေးခဲ့ပါတယ်။
ချိုးလင်းပြာ - HIV/AIDS ဝေဒနာသည်များရဲ့ ဂရုဏာရှင် စေတနာ့ ဝန်ထမ်း မဖြူဖြူသင်းနှင့် တွေ့ဆုံခြင်း




