၂၀၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ တောင်ဒဂုံနဲ့ မြောက်ဒဂုံရှိ HIV/AIDS ဂေဟာများမှာ လူနာအရေအတွက်များပြားလာခြင်းကြောင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ ဂေဟာသစ်တစ်ခုဆောက်လုပ် နေတယ်လို့ သိရပါတယ်။
တောင်ဒဂုံနဲ့ မြောက်ဒဂုံရှိ HIV/AIDS စောင့်ရှောက်ရေးဂေဟာများမှာ ၂၀၁၀ ကာလက အိတ်ခ်ျအိုင်ဗွီဝေဒနာရှင် ၈၀ ကျော်ရှိခဲ့ရာမှ လက်ရှိအချိန်မှာ အိတ်ခ်ျအိုင်ဗွီဝေဒနာရှင် ၂၅၀ ကျော်တိုးမြင့်လာတဲ့ အတွက် နေရေးထိုင်ရေးအခက်အခဲရှိတယ်လို့ ဂေဟာတည် ထောင်သူ ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။
အခုလို ဝေဒနာရှင်တွေ ပိုများလာတာဟာ နယ်ကဝေဒနာရှင်တွေက အများစုလို့သိရပြီး နယ်မြို့တွေမှာ ဆေးထုတ်ယူလို့မရဘဲ ရန်ကုန်မှာ ဆေးလာထုတ်ယူရာမှာ အဆင်ပြေစေဖို့ ဂေဟာမှာ လာရောက်ခိုလှုံကြတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဝေဒနာရှင် တွေအတွက် ဂေဟာသစ်ကိုတော့ ပြီးခဲ့တဲ့ ၆ လပိုင်းက ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ခါတော်မှီလမ်း၊ ၆ ရပ်ကွက်မှာ ဆောက်လုပ်နေတာဖြစ်ပြီး ကုတင် ၄၅၀ ဆန့် ၃ ထပ်အဖြစ် ဆောက်လုပ်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အိတ်ခ်ျ အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါဖြစ်သူဦးရေဟာ ၂၀၀၅ ခုနှစ်မှာ ၂ သိန်းကျော်ရှိပြီး သေဆုံးသူ ဦးရေ ၁၅၀၀၀ ထိရှိခဲ့ကာ ၂၀၁၃ ခုနှစ်မှာတော့ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါဖြစ်သူဦးရေ ၁၉၀၀၀၀ ကျော်အထိရှိခဲ့ရာ သေဆုံးသူ ဦးရေ ၁၁၀၀၀ အထိရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားမှုမှာ ၀.၆ ရာခိုင်နှုန်းရှိတယ်လို့ UN AIDS ရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှ သိရပါတယ်။




