ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တွင်ရှိသော HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာများသို့ ဝေဒနာရှင်များ မှီခိုအားထားမှု တိုးပွားလာခြင်းကြောင့် နေရာ မလုံလောက်မှုနှင့် အလှူရှင် နည်းပါးလာသည့် အတွက် အခြားအခက်အခဲများ ကြုံတွေ့နေရသည်ဟု အဆိုပါစောင့်ရှောက်ရေး ဂေဟာ တည်ထောင်ထားသူ ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။
HIV/AIDS ဝေဒနာရှင်များအတွက် မေတ္တာရှင် ဆရာတော် အရှင်ဇ၀နမှ လှူဒါန်းထားသည့် မြေနေရာပေါ်၌ အဆောက်အဦး ဆောက်လုပ်ခွင့် ခွင့်ပြုချက် ရရှိလာပါက စောင့်ရှောက်ရေး ဂေဟာတစ်ခုကို ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဟု သိရသည်။
မြောက်ဒဂုံနှင့် တောင်ဒဂုံတို့ရှိ စောင့်ရှောက်ရေးဂေဟာ ၂ ခုတွင်မှီခိုနေသည့် ဝေဒနာရှင်များအတွက် နေရာ ထိုင်ခင်းအပြင် ဆေးဝါးကုသခြင်း၊ တရားထိုင်ခြင်း၊ အလုပ်အကိုင်ဖန်တီးခြင်း အစရှိသည် တို့ကို ပြုလုပ်ပေးနိုင်ရန် ပြင်ဆင်ထားသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းထံမှ သိရသည်။
“အဓိကက နေရာက တော်တော်ကို အခက်အခဲ ရှိတယ်။ လူနာတွေက များလာတော့ နေရာက အရမ်းကို ကျပ်တည်းလာတဲ့ အခါကျတော့ နေရာအသစ်လုပ်ဖို့တော့ ပြင်နေကြတယ်။ ဒီနှစ်ထဲမှာတော့ အကောင်အထည် ဖော်ဖို့ လုပ်နေတယ်။ ဒီလထဲမှာတော့ အဆောက်အဦး ဆောက်ဖို့တို့ ပါမစ်ကျဖို့ အဲ့လိုတွေပေါ့ လုပ်ဖို့ ပြင်နေပြီ။”ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
တောင်ဒဂုံမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်ရှိ HIV/AIDS ဝေဒနာရှင်များအား စောင့်ရှောက်ပေးသည့် ဂေဟာတို့တွင် လက်ရှိ အချိန်၌ ဝေဒနာရှင်ပေါင်း ၂၁၀ ဦးရှိနေပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် ဝေဒနာရှင်များ အပါအ၀င် ၃၀၀ နီးပါး ရှိနေသည်ဟု သိရသည်။
လက်ရှိအချိန် မြန်မာနိုင်ငံ၌ HIV ရောဂါဝေဒနာရှင်ပေါင်း ၂ သိန်းခွဲဝန်းကျင်ရှိနေသည်ဟု ကျန်းမာရေးဝန်ကြီး ဌာနမှ ခန့်မှန်းထားပြီး ရောဂါပြန့်ပွားမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်၌ ၀ ဒသမ ၉၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၀၇ ခုနှစ် တွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု သိရသည်။
“အလှူရှင်တွေကို အမြဲမျှော်ပါတယ်။ ဆရာမကြီးတစ်ယောက်ထဲ ရုံးကန်နေရတာ။ ဒီမှာရယ် မြောက်ဒဂုံမှာရယ် လေးထောင့် ကန်မှာရယ်ဆိုတော့ ဆရာမကြီးတစ်ယောက်ထဲ ချာချာလည်နေတာ။ တစ်ခါက ၁၈၄ ယောက်ထိ ဖြစ်သွားလို့ အားလုံး ကျပ်ညပ်ပြီး နေခဲ့ကြရတယ်။” ဟု တောင်ဒဂုံ HIV ဂေဟာ မှ ဦးသိန်းဌေးက ပြောသည်။
ယခုအခါ တောင်ဒဂုံ HIV/AIDS ဂေဟာ၌ဝေဒနာရှင် ကျား ၆၁ ဦး၊ မ ၆၀ နှင့် ကလေး ၈ ဦးတို့ မှီခိုလျှက်ရှိကာ ဝေဒနာရှင်များ အတွက် လေးထောင့်ကန်တွင် စက်ချုပ်သင်တန်းပေး၍ အလှူရှင်မရှိသည့် ကာလများ၌ အဆိုပါ လုပ်ငန်းမှရရှိသည့် ၀င်ငွေဖြင့် ရပ်တည်နေရသည်ဟု သိရသည်။ တောင်ဒဂုံနှင့် မြောက်ဒဂုံ HIV/AIDS ဂေဟာတွင် စားစရိတ်၊ ဆေးဖိုး အစရှိသည်တို့အတွက် ၇ ရက်(တစ်ပတ်) လျှင် ၁၅ သိန်းဝန်းကျင်ခန့် ကုန်ကျစရိတ်ရှိနေကြောင်း သိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာလုံးဆိုင်ရာ HIV/AIDS နေ့တွင် ဝေဒနာရှင်များအတွက် ဆေးဝါးလုံလောက်စွာ ရရှိမှု၊ ပညာပေးမှု၊ ခွဲခြားဆက်ခံမှုပပျောက်ရန် အစိုးရအနေနှင့် ယခုထက်ပိုမို လုပ်ဆောင် ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ကြေငြာချက်တစ်စောင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။
ကမ္ဘာပေါ်၌ နေ့စဉ် HIV ရောဂါ ကူးစက်ခံရသူ ၆၈၀၀ ခန့် ရှိပြီး အေအိုင်ဒီအက်စ် ရောဂါဖြင့် ၅၇၀၀ ခန့် သေဆုံး ကာ ကမ္ဘာ တစ်ဝန်း HIV/AIDS ရောဂါရှိသူ ၃၃ သန်းခန့် ရှိနေကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်သည့် စာရင်းများအရသိရသည်။
မြစ်မခ - HIV/AIDS ဝေဒနာရှင် တိုးပွား၍ အခက်အခဲများ ရင်ဆိုင်နေရသည့် ဒေါ်ဖြူဖြူသင်း




