မြန်မာနိုင်ငံ
မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း၊ တောင်ဥက္ကလာပ မြို့နယ်တွင် HIV/AIDS ရောဂါ
ဝေဒနာရှင်များ၏ မိသားစုဝင်များအား တက်ခွင့်ပြုသည့် သွားတု ကျွမ်းကျင်အကူ သင်တန်း
ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေး ရည်မှန်းချက် တစ်ခု ဖြစ်သည့်
HIV/AIDS ရောဂါ ဝေဒနာရှင်များ အိပ်ယာတွင် လှဲမနေဘဲ လူအများနှင့် ယှဉ်ကာ
နေထိုင်သွားလာ လှုပ်ရှားလုပ်ကိုင်နိုင်ရန် ဆိုသည့် PLHA (People Living with
HIV/AIDS) မိသားစုဝင် လူငယ်များအား ဦးစားပေးတက်ရောက်ခွင့်ပြုပြီး
ဆယ်တန်းမအောင်သော လူငယ်များအား ရွေးချယ်တက်ရောက်ခွင့် ပြုကြောင်း သိရသည်။
သင်တန်းကာလမှာ ၁၀ လ သတ်မှတ်ထားပြီး အထောက်အကူပြုပစ္စည်းနှင့် ကုန်ကျစရိတ်များ
အခမဲ့ဖြစ်ကာ သင်တန်းသား သင်တန်းသူများအား လစဉ် ခရီးစရိတ်တစ်သောင်း
ထောက်ပံ့ပေးကြောင်း သိရသည်။
သင်တန်းတွင် သွားအသေစိုက် (Bridge
jacket)နှင့် သွားအရှင်စိုက် (denture) နည်းပညာများအား သင်ကြားပေးပြီး
အင်္ဂလိပ်စာနှင့် သင်္ချာ အခြေခံများပါ ပူးတွဲသင်ကြားပေးပြီး အင်္ဂလိပ်စာနှင့် သင်္ချာကို
ကျွမ်းကျင်သူ ဆရာများဖြင့် လည်းကောင်း၊ သွားတုကျွမ်းကျင်အကူဆိုင်ရာ
အတတ်သင်ကြားခြင်းကို သွားတု ကျွမ်းကျင်အကူ ပညာကျွမ်းကျင် သူများ၊ ဒေါက်တာစောနိုင်
(b.d.s) တို့မှ နေ့စဉ်သင်ကြားပေးလျက်ရှိပြီး မြန်မာနိုင်ငံ သွားဖက်ဆိုင်ရာ
ဆရာဝန်များအသင်းမှ ဆရာဝန်များဖြင့်လည်း အားဖြည့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
“plha မိသားစုဝင်တွေထဲက လူငယ်တွေကို
ဦးစားပေးတက်ခွင့်ပြုတယ်။ အခြားလူငယ်တွေကိုတော့ ဆယ်တန်းမအောင်တဲ့ လူငယ်တွေကို
ဦးစားပေးတယ်။ ဆယ်တန်းမအောင်တဲ့သူက အတတ်ပညာတစ်ခုခု ရှိမှ အလုပ်အကိုင်ကောင်း တစ်ခု
ရနိုင်မှာမို့ ဦးစားပေးတာပါ။ အတတ်ပညာတစ်ခု တတ်ထားရင် အဲဒီအတတ်ပညာနဲ့
အသက်မွေးဝမ်းကျောင်းပြုနိုင်မယ်။ သွားဆေးခန်းတွေက အလုပ်အပ်နှံလာရင် သူတို့ကို
အလုပ်ပေးပြီး ရတဲ့ငွေကို ခွဲဝေ ပေးသွားမယ်။ သွားဆေးခန်းတွေမှာ
သွားတုကျွမ်းကျင်အကူလိုအပ်ရင် အလုပ်ဝင်လုပ်လို့ရမယ်။ မိန်းကလေးတွေကို သူနာပြု
အကူသင်တန်းပေးသလို သွားတု ကျွမ်းကျင် အကူသင်တန်းပေးတာပါ။ သွားအရှင်စိုက်နဲ့
အသေစိုက် နှစ်မျိုးလုံးကျွမ်းကျင်တဲ့ အထိ သင်ကြားပေးမှာပါ။ ဆယ်တန်းမအောင်ဘဲ
အလုပ်အကိုင်မရှိ ဖြစ်နေတဲ့ plha မိသားစုဝင် အပါအ၀င် အခုတက်ရောက်နေတဲ့ လူငယ်တွေက
သင်တန်းကာလ အတွင်းမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲသွားတယ်။
တည်ငြိမ်မှု ရလာတယ်လို့ ပြောလို့ရတယ်။ အရင်လို ပေါ့ပေါ့နေ ပေါ့ပေါ့စား မနေတော့ဘဲ
အလုပ်တစ်ခုကို စိတ်ဝင်တစား လုပ်ကိုင်လာတာတွေ့ရတယ်။ ရင့်ကျက်လာတဲ့ အသွင်အပြင်တွေကို
တွေ့ရတယ်။ ဒါဟာ လူငယ်တွေအတွက် ကောင်းမွန်တဲ့ လက္ခဏာပါ။ အခုတက်နေတဲ့ သင်တန်းသား၊
သင်တန်းသူတွေထဲမှာ မိခင်၊ အဒေါ် အမတွေ hiv/aids ရောဂါခံစားနေရတဲ့ plha မိသားစုဝင်
လူငယ် ၃ ဦးပါဝင်တယ် ” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း၊
တောင်ဥက္ကလာပ မြို့နယ် ဥက္ကဌ ဒေါက်တာ စောနိုင်က ပြောကြားသည်။
သွားတုကျွမ်းကျင်အကူသင်တန်းအား
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (ဗဟို) နှင့် မေတ္တာ
ဖောင်ဒေးရှင်းတစ်ခု ဖြစ်သည့် Burnet Institute & Paung ku မှ ပံ့ပိုးကူညီမှုဖြင့်
ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခု သင်တန်းပြီးဆုံးပါက ကွန်ပျူတာကဲ့သို့ သင်တန်းများ
တိုးချဲ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ngo အဖွဲ့အစည်းများမှ ယခု ကဲ့သို့
လက်တွေ့အကျိုးဖြစ်ထွန်းစေသည့် ဆောင်ရွက်ချက်များအား လူအများမှ ကြိုဆို လက်ခံကြပြီး
လူငယ်များ၏ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာ တိုးတက်မြင့်မားရေးနှင့်
အသက်မွေးဝမ်းကျောင်းအတတ်ပညာ တတ်မြောက်စေနိုင်ရေးအတွက် မြို့နယ်အလိုက် ngo များမှ
အစွမ်းကုန် တိုးချဲ့ ဆောင်ရွက်ပေးသင့်ကြောင်း သုံးသပ်သူအချို့က ပြော၍ သိရသည်။
(စောင့်ကြည့် သတင်းဂျာနယ် အတွဲ(၅)
အမှတ်(၃၁) ၃-၃-၂၀၁၀)




