8
Dec

HIV/ART နဲ့ အသက်ရှည်မှု အမေး၊ အဖြေ

အမေး။       ။ HIV ပိုး ရှိသူဟာဆေးမှန်မှန်သောက်နေရင် သက်တမ်း ဘယ်လောက်ရှည်နိုင်ပါသလဲ ဆရာ?

အဖြေ။        ။ သက်တမ်း ဘယ်လောက်နေနိုင်သလဲဆိုတာ အတိအကျ တွက်ချက်ရခက်ပါတယ်။

HIV ပိုးရှိသူရဲ့ သက်တမ်းကို လွမ်းမိုးတဲ့ အချက်တွေက -
၁) ပိုးရှိသူရဲ့ ခုခံအား
၂) ပိုးရှိသူရဲ့ ပိုးပမာဏ
၃) ပိုးရှိသူရဲ့ အပြုအမူ အနေအထိုင် စတာတွေဖြစ်ပါတယ်။

ဒီအပြုအမူ အနေအထိုင်မှာ ဘာတွေပါလဲ ဆိုတော့ ကိုယ့်ကိုကိုယ် ဘယ်လောက်ကျန်းမာရေး ဂရုစိုက်သလဲဆိုပြီး ပြန်မေးရပါတယ်..
ကျန်းမာရေးလို့ ပြောရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုပိုင်းဆိုင်ရာ ကျန်းမာရေး အားလုံးပါဝင်ပါတယ်...

ဥပမာ - ပုံမှန် ဆေးကုသမှုခံယူတာ၊ ဆရာဝန်/ဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးတာ လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ အစားအသောက် ဂရုစိုက်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်တာ၊ ဂီတ၊ ပန်းချီစတဲ့ စိတ်အပန်းဖြေစရာတွေ လုပ်တာ၊ မိတ်ဆွေတွေနဲ့ အခင်မင်မပျက် ပေါင်းသင်းနေထိုင်တာ၊ ဘာသာရေး လူမှုရေး လုပ်ငန်းတွေပါဝင်တာ မူးယစ်ဆေး၊ အရက်၊ ဆေးလိပ်စတာတွေ ရှောင်တာ လိင်ဆက်ဆံတိုင်း အမြဲ ကွန်ဒုံးသုံးတာ၊ ကာသလားရောဂါတွေရှိရင် အချိန်မီ ကုသတာ၊ ART ဆေးသောက်နေသူဖြစ်ရင် ဆေးကို အချိန်မှန်မှန်သောက်တာ၊ ဆေးမီးတိုတွေနဲ့မကုပဲ ကျွမ်းကျင်တဲ့ ကျန်းမာရေး ၀န်ထမ်းတွေနဲ့ ကုသတာ.... စတာတွေက ရောဂါပိုးရှိသူရဲ့ သက်တမ်းကို ဆုံးဖြတ်ပါတယ်။

ထင်ရှားတဲ့ ဥပမာ တစ်ခုပြောရရင် အာဖရိကမှာ ရောဂါပိုးရှိတဲ့ လူတစ်ယောက်ဟာ အထက်က ဖော်ပြခဲ့တာတွေကို လိုက်နာလို့ ဆေးသောက်စရာတောင် မလိုပဲ အသက် ၂၀ ကျော် အသက်ရှင်နေနိုင်ပါတယ်..

အမေး။       ။ HIV ပိုးရထားတဲ့ သူဟာ ဆေးသောက်နေလည်း နှစ်တွေကြာလာတာနဲ့အမျှ ပိန်လာပါသလား ဆရာ?

အဖြေ။        ။ ဆေးသောက်တာ နှစ်ကြာရင် ပိန်တယ်ဆိုတာတော့ အမြဲတမ်း မမှန်ပါဘူး။ ပိန်တယ် ၀တယ်ဆိုတာ သောက်တဲ့ ဆေးပေါ်မူတည်ပါတယ်။ တစ်ချို့ ဆေးတွေက အဆီပိုတွေ စုစေလို့ ၀တတ်ပါတယ်။
ဥပမာ - Nevarapin ဆေးပါတာကို သောက်နေရင် မျက်နှာ အရေပြားကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဆို ပိန်သလိုဖြစ်သွားတယ်။ ဒီအတွက်တော့ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ရမှာပါ။ ဒါ့အပြင် လူနာရဲ့ အနေအထိုင် အစားအသောက်နဲ့လည်း ဆိုင်ပါတယ်။

ဥပမာ - အနောက်နိုင်ငံတွေမှာ HIV ပိုးရှိသူတွေက လူဝကြီးတွေပါ။ ARV ဆေးလည်းသောက်တယ် ဒါပေမယ့် အနေအထိုင် စာသောက်မှုပုံစံကြောင့် ဝနေကြတယ်။ သူတို့က နှလုံးရောဂါ၊ ဆီးချိုရောဂါတွေပါ ဖြစ်တဲ့ အထိ အ၀လွန်ကြပါတယ်။

ဆေးသောက်နေရင်း တဖြည်းဖြည်း ကိုယ်အလေးချိန်ကျလာရင်တော့ AIDS အဆင့် ရောက်နေပြီလားလို့ စစ်ဆေးရမှာပါ။ HIV ပိုးရှိသူတွေ ဆရာဝန်နဲ့ ပုံမှန်ပြပါဆိုတာ ဒီအချက်တွေကို စစ်ဆေးရအောင်ပါ။

အမေး။      ။ ဆေးသောက်ချိန်နာရီဝက် တစ်နာရီ ကွာရုံနဲ့ဆေးအာနိသင် မတိုးတော့ဘူးလား ဆရာ?

အဖြေ။      ။ ARV ဆေးသောက်နေသူတွေ အတွက် ပုံမှန်သောက်ဖို့က အဓိကပါ။
ဥပမာ - နေ့စဉ် နံနက်တိုင်းသောက်ရင် မမေ့တော့ဘူးလေ။ အချိန် အတိအကျ သောက်နိုင်ရင် ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ARV ဆေးတွေကို ခန္ဓာကိုယ်က ပုံမှန် စုပ်ယူတာ၊ အသုံးပြုတာဖြစ်ဖို့ အချိန်မှန်သောက်ဖို့ တိုက်တွန်းတာဖြစ်ပါတယ်။

တစ်ချို့က ဒီနေ့ မနက်သောက်လိုက်၊ နောက်နေ့ ညဘက်သောက်လိုက်။ အချိန်မမှန်တော့ သောက်ဖို့ မေ့သွားတတ်ပါတယ်။ ဒါဆို ဆေးယဉ်ပါးနိုင်ပါတယ်။ အာနိသင် နည်းနိုင်ပါတယ်။ တစ်ချို့ လူနာတွေ ဆို ဆေးသောက်ဖို့ မမေ့ ရလေအောင် နာရီနဲ့ အချက်ပေးတာ (alarm) တောင်လုပ်ထား တတ်ကြပါတယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top