HIV ဝေဒနာရှင်များ အတွက် မရှိမဖြစ်လိုအပ်သည့် ART ဆေးဝါးများကို ရုံးခန်းဖွင့်လှစ်၍ လက်လှမ်းမီရာ ဝေဒနာရှင်များထံသို့ ပေးအပ်နေပြီဖြစ်သည်ဟု Lotus Care & Support တာဝန်ရှိသူများ ထံမှ သိရှိရသည်။
ART ဆေးဝါးများကို ယခုလက်ရှိတွင် Lotus အဖွဲ့မှ ၎င်းတို့ထံတွင် လာရောက် အဖွဲ့ဝင်ထားသော မြို့နယ် ၃၅ မြို့နယ်မှ အဖွဲ့ဝင်ဝေဒနာရှင်ပေါင်း ၂၇၈ ဦးထံသို့ လစဉ်ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းဖြစ်သည်။
“ဦးတို့ဆီမှာ အခုလက်ရှိကတော့ PLHIV နဲ့ MSM များကိုပေးနေပြီး သူတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ခွဲခြား ဆက်ဆံမှု ခံရမှုတွေနဲ့ ကူးစက်ခံရတာတွေကို လျော့နည်းစေဖို့ အတွက်ပဲ ဖြစ်ပါတယ်” ဟု Lotus ဥက္ကဋ္ဌ ဦးချစ်ကိုကို က ပြောကြားသည်။
HIV ပိုး ကူးစက်ခြင်း ခံနေရကြောင်း သိရှိပါက Lotus ရုံးခန်းများသို့ လာရောက်၍ ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ပြီး နီးစပ်ရာ ဆေးခန်းများနှင့် ချိတ်ဆက်ပေးကာ မင်္ဂလာဒုံဆေးရုံမှ ခွင့်ပြုချက်ဖြင့် ART ဆေးဝါးများ ပံ့ပိုးပေးနေခြင်း ဖြစ်သည်ဟု သိရှိရသည်။
“ရောဂါပိုး ကူးစက်ခံရပြီး သေဆုံးသွားတဲ့ မိဘတွေရဲ့ မိဘမဲ့ ကျောင်းသား ကလေးတစ်ချို့ကို သူတို့အတွက် လိုအပ်တဲ့ ကျောင်းသုံး ပစ္စည်းတွေကို ရရှိထားတဲ့ ရန်ပုံငွေတွေ ထဲကနေ အချိုးကျ ပေးထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရောဂါ ကူးစက်ခြင်းခံရသူ လူနာများအတွက် ဆေးရုံ စရိတ်ပံ့ပိုးပေးခြင်း၊ အာဟာရ ပံ့ပိုးပေးခြင်းနှင့် အခွင့်အရေးယူဝင်ရောက်သော ဆက်နွယ်ရောဂါများ ကုသရန်အတွက် ခရီးစရိတ် ပံ့ပိုးပေးခြင်းနှင့် ကျန်းမာရေး အသိပညာ ပေးခြင်း လုပ်ငန်းများ အပါအ၀င် အခြားလုပ်ငန်း စဉ်များအတွက် ဇူလိုင်လ အတွင်းက ၂၈ သိန်းကျော် ကုန်ကျခဲ့သည်ဟု သိရှိရသည်။
“ကျွန်တော်တို့တွေကို အကူအညီ ပေးနိုင်မယ့်သူတွေ လိုအပ်နေပါတယ်။ ဒီလို အဖွဲ့အစည်းမျိုးတွေ များများရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုတေ၊ွ နှစ်သိမ့် ပညာပေးမှုတွေ အမှန်တယ် လိုအပ်နေပါတယ်” ဟု HIV ပိုးကူးစက်ခြင်း ခံထားရသူတစ်ဦး က ပြောသည်။
Lotus ရုံးခန်းကို ယခုအခါ မရမ်းကုန်းမြို့နယ် မုဒိတာ အိမ်ရာ၌ ဖွင့်လှစ်ထားပြီး ရန်ကုန်မြို့နှင့် လက်လှမ်းမီသည့် နေရာများ၌ ဝေဒနာရှင်များအတွက် အကျိုးဆောင်ရွက်ပေးနေသော အဖွဲ့ဝင် ၆၃၃ ဦးရှိသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။
ဇော်မျိုးဦး(မြစ်မခ) /မြန်မာခရိုနီကယ် (သြဂုတ်-၂၃)
Myanmar Chronicle - Lotus မှ HIV ဝေဒနာရှင်များ အတွက် ART ဆေးဝါးများ ပေးဝေနေ




