၂၀၁၃ ခုနှစ်၊ ပထမ (၆) လပတ်အတွင်းမှာ တပ်မတော်၊ တိုင်းဒေသကြီး ပြည်နယ်ရဲတပ်ဖွဲ့နှင့် မူးယစ် (အထူး) အဖွဲ့တို့မှ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ ဘိန်း (၂၄၅) မှု၊ ၁၆၈၄.၅၈ ကီလို၊ ဘိန်းဖြူ (၆၈၃) မှု ၃၀.၈၈ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား (၆၈၈) မှု၊ ဆေးပြားပေါင်း (၃၁) သိန်းကျော်၊ ဆူဒိုအက်ဖီဒရင်းဆေးပြား (၂၈) မှု၊ အလေးချိန် (၂၂၀၀) ကီလို ဖမ်းဆီးရမိခဲ့ပါတယ်။ ဘိန်းခင်းဖျက်ဆီးမှုတွင် ၂၀၁၁-၂၀၁၂ ဘိန်းစိုက် ရာသီ ကာလအတွင်း ဘိန်းခင်း ၂၃၇၇၁.၂၂ ဟက်တာနှင့် ၂၀၁၂-၂၀၁၃ ဘိန်းစိုက်ရာသီတွင် ဘိန်းခင်း ၁၂၂၅၄.၆၂ ဟက်တာ လျော့နည်းဖျက်ဆီးနိုင်ခဲ့ကြောင်း ရဲချုပ်၏ မူးယစ်ဗဟိုအစည်းအဝေး(၁/၂၀၁၃) သို့ တင်ပြချက်အရ သိရှိရပါတယ်။
UNODC မှ ၂၀၁၃ ခုနှစ်၊ ဧပြီလ အစီရင်ခံစာ၌ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံက ဘိန်းအများဆုံး စိုက်ပျိုးပြီး၊ လာအိုနိုင်ငံက ဒုတိယနဲ့ ထိုင်းနိုင်ငံက အနည်းဆုံးစိုက်ပျိုးတာကို တွေ့ရှိရကြောင်း၊ စိတ်ကြွဆေးပြား ဖမ်းဆီးမှုတွင်လည်း ၂၀၁၀-၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ၈၁.၆ သန်း၊ ထိုင်းနိုင်ငံတွင် ၄၉.၄ သန်းနှင့် လာအို နိုင်ငံတွင် ၄.၆ သန်း ဖမ်းဆီးရမိပြီး၊ တရုတ်နိုင်ငံ အနေဖြင့် စက်မှုကုန်ကြမ်း ဓါတုပစ္စည်းထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး၊ မလေးရှားနိုင်ငံသည် မူးယစ်ဆေးဝါးကို အခြားအာရှဒေသများသို့ တစ်ဆင့်ပြန်လည်ရောင်းချသည့် အဓိကနိုင်ငံဖြစ်ကြောင်း၊ မလေးရှားတွင် ၂၀၁၁ ခုနှစ်က ဘိန်းဖြူ (၆၅) တန်ခန့် သုံးစွဲခဲ့ကြောင်း၊ UNODC မှ ခန့်မှန်း ထားပါသည်။
ဘိန်းအပါအ၀င် မူးယစ်ဆေးဝါးသုံးစွဲသည့် နိုင်ငံများမှာ ဖိလစ်ပိုင်နိုင်ငံ၊ မြန်မာနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ ဖြစ်ကြပြီး၊ ထိုင်းနိုင်ငံသည် ယာဘ ခေါ် စိတ်ကြွရူးသွပ် ဆေးပြားကို လူကြိုက်များသော နိုင်ငံဖြစ်ကြောင်း၊ အရှေ့တောင် အာရှနိုင်ငံများအတွင်း စိတ်ကြွရူးသွပ်ဆေးဝါး ပြဿနာ ရင်ဆိုင်နေရကြောင်းနှင့် ဘိန်းစိုက်ပျိုးမှုတွင် မြန်မာတစ်နိုင်ငံတည်းကသာ အများဆုံးစိုက်ပျိုးကြောင်း UNODC ၏ သုံးသပ်ချက် အရ တွေ့ရှိရ ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖေါ်ရေးအဖွဲ့အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP နှင့် ပူးပေါင်းပြီး ဘိန်းဖျက်ခံတောင်သူများအား ဆန်နှင့် စားနပ်ရိက္ခာများ ထိထိရောက်ရောက် ထောက်ပံ့ပေးရန်နှင့် သက်တမ်းတိုး (၅) နှစ်စီမံကိန်း ကာလအတွင်း စီမံကိန်းဝင် (၅) မြို့နယ်တွင် တစ်နှစ်ချင်းအလိုက် အစာထိုး ဖွံ့ဖြိုးရေးအစီအမံများ ချမှတ်ဆောင်ရွက်လျက် ရှိနေ ပါသည်။ ထို့ပြင် သီးနှံများ အစားထိုး စိုက်ပျိုးရေးအဖွဲ့၊ မွေးမြူရေး အဖွဲ့၊ ဆေးကုသရေး အဖွဲ့၊ ပြန်လည်ထူထောင် ရေးအဖွဲ့၊ ကျောင်းသားလူငယ်များ အသိပညာပေးရေးအဖွဲ့၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့၊ နိုင်ငံတကာဆက်ဆံရေးအဖွဲ့နှင့် ထိန်းချုပ် ဓါတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ စသည်ဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းစီမံချက်များကို တက်ညီလက်ညီဆောင်ရွက်သွားရန် မူးယစ်ဗဟိုမှ စီမံဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း အနေဖြင့်လည်း ထပ်တိုး (၅) နှစ်စီမံကိန်း၏ ပထမနှစ် ဖြစ်သော ၂၀၁၄ ခုနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် MANA အသင်း အဆင့်ဆင့်မှ ပြည်သူလူထု အခြေပြု ရပ်ကွက်၊ ကျေးရွာ၊ စက်ရုံအလုပ်ရုံများနှင့် အဆင့်မြင့်ပညာ၊ အခြေခံ ပညာဦးစီးဌာနတို့နှင့် ဆက်သွယ်ပူးပေါင်းကာ အ.မ.က၊ အ.လ.က၊ အ.ထ.ကများ၊ တက္ကသိုလ်၊ ကောလိပ် များအထိ မကျန်ရအောင် ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါးပညာပေးဟောပြောမှု လုပ်ငန်းများကို MANA အသင်း၏ လူထုဆက်ဆံရေးသံတမန်များဖြစ် ကြသော မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ အကယ်ဒမီလူမင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ ဖြူဖြူကျော်သိန်း၊ ချစ်သူဝေနှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ ဇာတ်မင်းသားမိုးမင်း တို့နှင့် အတူ တိုင်းဒေသကြီး /ပြည်နယ် MANA အသင်းများနှင့် ညှိနှိုင်း၍ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲများ၊ ပြပွဲများ စီစဉ်ဆောင်ရွက်လျက် ရှိနေပါသည်။
ထို့ပြင် နှစ်စဉ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင်လည်း MANA ဗဟို အနေဖြင့် တစ်တိုင်းပြည်လုံးမှ ကျောင်းသား လူငယ်များပါမကျန် ပြည်သူလူထု ပါဝင်ယှဉ်ပြိုင်နိုင်သည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆောင်းပါး၊ ၀တ္ထုတို၊ ပန်းချီ၊ ကာတွန်းအပြင် လူငယ်များ၏ အရည် အသွေးကို နိုင်ငံတကာအထိ ထိုးဖေါက်ဝင်ရောက် ယှဉ်ပြိုင်နိုင် စေရန်အတွက် သက်လတ်တန်း မြန်မာ/ အင်္ဂလိပ် (၂) ဘာသာဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ကျပန်း စကားပြောပြိုင်ပွဲနှင့် သက်ငယ်တန်း အတွက် မြန်မာ/အင်္ဂလိပ် (၂) ဘာသာဖြင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပေး လျက် ရှိနေပါသည်။
နှစ်စဉ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်သော World AIDS Day ၌လည်း MANA အသင်း အဆင့်ဆင့်မှ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်ဖြစ်ပေါ်လာသည့် HIV/AIDS ပညာပေးဟောပြော ပွဲများ၊ ပြပွဲများ၊ ပြခန်းများ၊ တစ်ခန်းရပ်ပြဇာတ်များ စသည်ဖြင့် နှစ်စဉ်ကျင်းပပေးလျက် ရှိပါသည်။
MANA Silver Star Youth (MSSY) မဆသ ငွေကြယ်ပွင့် လူငယ်အဖွဲ့မှလည်း ပြည်သူ လူထုအတွင်းနှင့် အခြေခံပညာမူလတန်း၊ အလယ်တန်းကျောင်းများကို အဓိကထား၍ မူးယစ်ဆေးဝါး၏ ၀င်ပေါက်ဖြစ်သော ဆေးလိပ်၊ အရက်၏ ဆိုးကျိုးအာနိသင်၊ HIV/AIDS ရောဂါအကြောင်းတို့ကို လက်ထိုးရုပ်သေးဖြင့်လည်းကောင်း၊ MANA Youth Empowerment Team ( MYET ) မဆသ လူငယ့်အားမာန်အဖွဲ့မှလည်း တစ်ချိန်က မူးယစ်ဆေး သုံးစွဲခဲ့ပြီး ၄င်း၏ဆိုးကျိုးကို မည်မျှအထိခံစားရပြီး လူမှုရေး၊ ပညာရေးမှအစ စီးပွားပျက်၊ တစ်ချို့ ဘ၀ဆုံးသည် အထိ ဖြစ်ကြရပုံကို ကိုယ်တွေ့ဟောပြောပြီး ဘ၀တူလူငယ်များအား မူးယစ်ဆေးဝါးဖြတ်လိုသည့်အခါ မူးယစ် ဆေးဝါး ဖြတ်သည့် ဆေးရုံသို့ ကိုယ်တိုင်ကိုယ်ကျ ကူညီလိုက်ပါပို့ဆောင်ခြင်း၊ မူးယစ်ဆေးဝါး အလွဲသုံးမှုကြောင့် ကျန်းမာရေးချို့တဲ့သူများကိုလည်း သက်ဆိုင်ရာဆေးကုဌာနများသို့ ညွှန်းပို့ခြင်းအပြင်၊ ယခုအခါ လူငယ်များ စာဖတ် အရှိန်မြင့် တက်ရေးအတွက် ကျောပိုးအိတ် စာကြည့်တိုက်ဖြင့် လူငယ်စာဖတ်ဝိုင်းများ ပြုလုပ်လျက်ရှိနေ ပါသည်။
တစ်ယောက်အားဖြင့်မရ၊ တစ်သောင်းအားနှင့်-ရ၏ ဆိုသည့်အတိုင်း မြန်မာနိုင်ငံ၏ အဓိက ရည်မှန်းချက် ဖြစ်သော မူးယစ်ဆေးဝါး လုံးဝပပျောက်ရေးအတွက် MANA အသင်း အနေဖြင့် စေတနာ့ဝန်ထမ်းသက်သက်ဖြင့် နိုင်ငံ့အကျိုးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အများအကျိုး ဆောင်ရွက်လိုသည့် မည်သူမဆို MANA နှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် ဖိတ်ခေါ်လျက်ရှိပါကြောင်း။
ဦးစောငွေ
ဒု-ဥက္ကဌ (MANA ဗဟို)




