Peer to peer education သက်ရွယ်ဆင့်တူ ပညာပေးခြင်းဆိုသည်မှာ အုပ်စုတူအတွင်း ပညာပေးခြင်း၊ အုပ်စုတူ၊ သက်တူရွယ်တူ၊ လူငယ်များတွေ့ဆုံ ပညာပေးခြင်းဖြစ်သည်။သာမန်အားဖြင့် ပညာပေးရာတွင် လူကြီး၊ မိဘ၊ ဆရာသမား၊ ကျန်းမာရေး ၀န်ထမ်းစသည့် တတ်သိပညာရှင်များက လူအုပ်စုတစ်ခုသို့ ပညာပေးဟောပြောခြင်းမျိုး မဟုတ်ပဲ သက်တူရွယ်တူ၊ လုပ်ငန်းတူ သို့မဟုတ် လုပ်ဖေါ် ကိုင်ဖက်အချင်းချင်း၊ သူငယ်ချင်း အချင်းချင်း ဆွေးနွေးတိုင်ပင်ခြင်း အားပေးကူညီခြင်း၊ အသိ ပညာပေးခြင်းပြုမှသာ ထိရောက်အောင်မြင်မှုရှိပေမည်။ သက်တူရွယ်တူ၊ အုပ်စုတူအတွင်း ပညာပေးခြင်းကို ပတ်ဝန်းကျင်အမျိုးမျိုးတွင် လုပ်ငန်းစဉ် အမျိုးမျိုးကိုပြုလုပ်နိုင်ပါသည်။
သက်တူရွယ်တူ ပညာပေးနိုင်သည့် လုပ်ငန်းစဉ်၊ နည်းလမ်းများမှာ လေ့လာသင်ယူ ရရှိထားသည့် အသိပညာများ၊ သတင်းအချက်အလက်များကို လူငယ်များ အချင်းချင်း ပြောဆို ဆွေးနွေးနိုင်ခြင်း၊ ပြောဆိုဆွေးနွေးရာတွင် အထောက်အထား အဖြစ်အပျက် စာရွက်စာတမ်းများ၊ စာအုပ်များ၊ လက်ကမ်းစာစောင်များအပြင် ဓါတ်ပုံများဖြင့် ရှင်းလင်းပြသဆွေးနွေးနိုင် ရပေမည်။ ပြောဆိုဆွေးနွေးရာတွင် ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင် ဆောင်ရွက်ရင်း၊ မကောင်းမှုဒုစရိုက်များ၊ ကျန်းမာရေးနှင့် မညီသော အမူအကျင့်များကို မပြုလုပ်မိရန် အကျိုးသင့်၊ အကြောင်းသင့် ရှင်းလင်း ပြောပြပြီး၊ အမှားတစ်ခု ကျူးလွန်မိသည့်အခါ အပြစ်မတင်ဘဲ နောင်အလားတူ အမှားမျိုး မကျူးလွန်မိစေရန် နှင့် ပြဿနာတစ်ရပ် ကြုံတွေ့လာပါက အဓိက၊ သာမည၊ အကောင်းနှင့်အဆိုး၊ အားသာချက်၊ အားနည်းချက်ကို ဝေဖန်သုံးသပ်ကာ အဓိကအားသာမည့်အချက်ကို စဉ်းစားဆုံးဖြတ် ဆောင်ရွက်တတ် ရန်ရှင်းလင်းပြောပြရမည်။
မိမိ၏ မိတ်ဆွေသူငယ်ချင်းများကို ဆင့်ပွားပညာပေးရခြင်းမှာ အလွယ်ကူဆုံး နှင့် အထိရောက် ဆုံးဖြစ်သည်။ ထိုသို့ အုပ်စုတူအတွင်း ပညာပေးရာတွင် ပညာပေးမည့်သူတွင် ရှိသင့်သည့် အရည်အချင်းမှာ လျှို့ဝှက်အပ်သည်များကို လျှို့ဝှက်မည်ဖြစ်ကြောင်း အာမခံရမည်။ ၄င်း၏ပြဿနာ အခက်အခဲ နှင့် ပတ်သက်၍ ပြောပြသည်ကို စိတ်ရှည်သီးခံပြီး နားထောင်နိုင်ရမည်။ ရိုးသားပွင့်လင်းစွာဖြင့် အရိပ်အကဲ ကိုလေ့လာကာ နည်းပေးလမ်းပြနိုင်သည့် ဗဟုသုတ ရှိရမည်။ ဆွေးနွေးတိုင်ပင်ခြင်းကို တစ်ဖက်သတ် ဆုံးဖြတ်ချက်မချပဲ လုပ်သင့်လုပ်ထိုက်သည့် နည်းလမ်း ကောင်းကို အကြံဥာဏ်ပေးတတ်ရမည်။ အခွင့် အရေးမျှော်ကိုး၍ဆောင်ရွက်ခြင်းအလျဉ်း မရှိစေရ။
အုပ်စုတွင်း ပညာပေးသူ၏ ခံယူချက် တန်ဖိုးထားမှုနှင့် ယုံကြည်မှုတို့က ပညာပေးခြင်းအပေါ် လွှမ်းမိုးခြင်း မရှိစေရန်အစဉ် သတိထားရမည်။ မိမိ၏ခံယူချက်နှင့် သူတပါး၏ မတူသောခံယူမှု၊ တန်ဖိုးထားမှု ကွဲလွဲနိုင်သည်ကို လက်ခံနိုင်ရမည်။ မိမိကပညာပေးရာတွင် တစ်ဖက်လူနာခံအောင် လိုတိုရှင်းဖြစ်ပါစေ။ ပညာပေးခံရသူက မိမိအားယုံကြည်အားကိုးစွာဖြင့် မိမိ၏ရှင်းလင်း ပြောကြားချက်ကို ဂရုပြုနားထောင်သလို အမှန်တကယ် လိုက်နာဆောင်ရွက်စေရန်လိုအပ်ပါသည်။ မိမိအနေဖြင့် ဟန်ဆောင်ပြောဆိုသည့် အမူအယာမပါပဲ လေးလေးနက်နက်အကြံဥာဏ်ပေးနေကြောင်း သိသာ ထင်ရှား ပါစေ။
ပညာပေးဟောပြောရာတွင် စိတ်ရှည်စွာဖြင့် အာရုံစိုက်နားထောင်ရမည်။ ပြောသူကို အာရုံစိုက် နားထောင်ကြောင်းပြသပါ။ စကားဖြတ်မပြောပါနှင့်၊ အားပေးထောက်ခံသော အမူအရာ ဖြစ်သည့် အမူအယာပြသပါ။ ပြောသူကို စာနာနားလည်ကြောင်းနှင့် စိတ်ဝင်စားမှု ရှိကြောင်း ထောက်ခံ ပြောဆို ရမည်။ ပြောသူ၏စကားကို မရှင်းလင်းကပြန်၍ မှန်ကန်သည်ဆိုမှသာ မိမိ၏ အကြံပြုချက်ကိုပေးရန် လိုအပ်ပါသည်။ ပြောကြားသူသည် ၄င်း၏ အခက်အခဲကို တစ်ဦးတည်းဖြေရှင်း၍ မရသည့်အခါမှသာ၊ ၄င်း၏ ခံစားချက်ကို ပွင့်အန်လာတတ်သည်ဖြစ်ရာ၊ ၄င်း၏ ခံစားနေရသောပြဿနာကို မိမိ၏နောက်ဆုံး အကြံပြု ချက်ဖြင့် ၄င်း၏ခံစားနေရမှုမှ သက်သာရာရစေရန် လိုအပ်ပါသည်။ သို့မှသာ သက်တူ ရွယ်တူ ပညာပေးဆွေးနွေးခြင်းအောင်မြင်မည်ဖြစ်ပါသည်။
ဦးစောငွေ
MANA ဗဟိုဒု-ဥက္ကဌ




