ခုခံအားကျဆင်းမှု ကူးစက်ရောဂါသည် ယနေ့ တစ်ကမ္ဘာာလုံး၌ ကပ်ရောဂါဆိုးကြီးသဖွယ် ကျရောက်လျက် ရှိနေသည်။ အဆိုပါရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ရန် သုတေသနပြုကာ စမ်းသပ်မှုများ စဉ်ဆက် မပြတ် ပြုလုပ်လျက် ရှိသော်လည်း လုံးဝဥဿုံ ပျောက်ကင်းနိုင်အောင် ကုသမည့် ဆေးဝါးတွေရှိသည်ဟု ဆိုသော်လည်း ထုတ်လုပ်မှုစရိတ်စက လွန်စွာကြီးမားသည်ဟု တစ်စွန်းတစ်စ ကြားသိရပြီး ယနေ့ထက်တိုင် စီးပွားဖြစ် ထုတ်လုပ်ရောင်းချခြင်း မရှိသေးပါ။ ဤသို့ဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပျောက်ကင်းအောင် မဆောင်ရွက်နိုင်သေးသော်လည်း အဆိုပါရောဂါ ဆိုးကြီး ပျံ့နှံ့မသွားစေရန် နိုင်ငံတိုင်း ကြိုးပမ်းလုပ်ဆောင်လျက် ရှိသကဲ့သို့ မြန်မာနိုင်ငံ အနေဖြင့်လည်း ပြည်တွင်းပြည်ပ အကူအညီများ ရယူကာ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက် လျက်ရှိပါသည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV/AIDS ဆိုသည်မှာ HIV (Human Immuno-deficiency Virus)လူ၏ ကိုယ်ခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ်ပိုးဖြစ်သည်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ဖြစ်စေသည့် သာမန်မျက်စိဖြင့် မမြင်နိုင်သော ဗိုင်းရပ်စ်ရောဂါပိုးဖြစ်သည်။ HIV ပိုး တွေ့ခြင်းသည် AIDS (Acquired Immune Deficiency Syndrome) ခုခံအားကျဆင်းမှု ကူးစက်ရောဂါအဆင့်ထိ မရောက်သေးပါ။ ခန္ဓာကိုယ် အတွင်းသို့ HIV ပိုး ၀င်ရောက်နေခြင်းသာဖြစ်သည်။ AIDS ဖြစ်ရန် Window Period ကြားကာလ အချိန် အတိုင်းအတာတစ်ခု ရှိပါသည်။ HIV ပိုး တွေ့ရှိရုံမျှဖြင့် AIDS ရောဂါ ဖြစ်နေသည်ဟု မဆိုနိုင်သေးပါ။
HIV ပိုး ရှိသူသည် တတ်ကျွမ်းနားလည်သော ဆရာဝန်၏ ကုသမှု၊ ညွှန်ကြားမှုကို နာခံလိုက်နာ လုပ်ဆောင်သွားပါက သက်တမ်းစေ့ နေထိုင်နိုင်သည်ကို နားလည် သဘောပေါက်ရန် အထူးလိုအပ်ပါသည်။ HIV လူ၏ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ်ပိုး ကူးစက်မှု မရှိစေရန်၊ ပျံ့ပွားမှုမဖြစ်စေရန်အတွက် အလွယ်ဆုံး မှတ်သားရလွယ်ကူ စေသော အတိုကောက် မှတ်သားရန်နည်းမှာ (သ) သုံးလုံးဖြစ်ပါသည်။ အဓိပ္ပါယ်မှာ သုတ်၊ သွေး၊ သန္ဓေ ဖြစ်ပါ သည်။ HIV ပိုးသည် လူ၏ သွေး၊ သုတ်ရည်နှင့် မိန်းမကိုယ်မှ ထွက်သောအရည်တို့တွင် အများဆုံး ပါဝင်ကူးစက် နိုင်ပါသည်။ သို့ဖြစ်၍ မလိုအပ်ပဲ အလွယ်တကူ မသန့်ရှင်းသောသွေးကို မသွင်းမိစေရန် လိုအပ်ပါသည်။ အကယ်၍ HIV ရောဂါပိုး ရှိသူ၏ သွေးကို သေချာစွာမစစ်ဆေးပဲ အခြားသူတစ်ဦးသို့ သွင်းမိပါက အလွယ်တကူ HIV ပိုး ကူးစက်နိုင်သည်။
ထို့ပြင် အထူးသဖြင့် IDU (Intravenous Drug User) အကြောထဲ မူးယစ်ဆေး သွင်းသူများအနေဖြင့် Needle and Synringe ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်ကို မမြင်ကွယ်ရာ၌ သူငယ်ချင်း အပေါင်းအဖေါ်အချင်းချင်း မျှဝေသုံးစွဲတတ်ကြရာ HIV ပိုး ရှိသူထံမှ အခြားအပေါင်းအဖေါ် များသို့ သွေးစ သွေးန များမှတစ်ဆင့် အလွယ်တကူ ကူးစက်မည်ဖြစ်သည်။ တစ်လင်တစ်မယားစံနစ် မကျင့်သုံး မလိုက်နာပဲ အပျော်အပါး လိုက်စားကြသူများသည် အကာအကွယ်မဲ့ Comdom ကို မသုံးပဲ လိင်ဆက်ဆံရာတွင် လိင်ဆက်ဆံဘက်များသည် ပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ အနေဖြင့် တစ်ဦးမှတစ်ဦးသို့ HIV ပိုး အများဆုံး ကူးစက်နိုင်သည်။ ထို့ပြင် HIV ပိုး ရှိသော မိခင်မှ သန္ဓေသားထသို့ ကူးစက်နိုင်မှု ၃၀% ရှိသည်ဟု သုတေသနပြုချက်အရ သိရှိရပါသည်။
AIDS ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုသည်မှာ HIV ပိုး ကူးစက်ဝင်ရောက်ခံရပြီး ရောဂါပိုး အမျိုးမျိုးကို ခုခံကာကွယ်ပေးသော သွေးဖြူဥများကို HIV ရောဂါပိုးမှ တစ်ဖြည်းဖြည်း ဖျက်ဆီးသောကြောင့် ခုခံအား လျော့နည်းလာပြီး အခြားရောဂါများ တစ်မျိုးပြီးတစ်မျိုး အလွယ်တကူ ဖြစ်ပွားလာမှသာ ၄င်းအဆင့်ကို AIDS ဟု ခေါ်ပါသည်။
အများအားဖြင့် မိမိခန္ဓာကိုယ်ထဲသို့ HIV ပိုး ကူးစက်ခံရသည်ကို မိမိကိုယ်တိုင် မသိလိုက်ကြပါ။ အချို့သူ များသည် ရောဂါပိုးဝင်ပြီး တစ်ပတ်၊ နှစ်ပတ်အတွင်း အဖျားဝင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း၊ အကြိတ်ရောင်ခြင်း၊ အရေပြားတွင် အနီကွက်များပေါ်ခြင်း တို့ဖြစ်တတ်သည်။ အချို့သူ များတွင် မည်သည့်ရောဂါလက္ခဏာမှ မခံစားကြရပါ။ ခန္ဓာကိုယ်၏ ခုခံအားစံနစ်အား မတုန့်ပြန်ခင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် HIV ပိုးသည် အမြောက်အများ ပွားများလာတတ်ကြသည်။ အဆိုပါ အချိန်၌ သွေးစစ်ကြည့်သော်လည်း HIV ပိုး ရှိသည်ဟု အဖြေမထွက်နိုင်ပါသော်လည်း၊ အခြားသူများကို ကူးစက်နိုင်ပြီဖြစ်သည်။ ကိုယ်ခန္ဓာ၏ ခုခံအားစနစ်က တုန့်ပြန်လာသည့် အချိန်ကျမှသာ Antibodies ဟုခေါ်သော ပဋိပစ္စည်းများ ထွက်လာသည်။
ဤအချိန်တွင် သွေးစစ်ပါမှသာ HIV ရောဂါပိုးရှိကြောင်း အဖြေထွက်လာမည် ဖြစ်ပေသည်။ HIV ပိုး ရှိသူသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း လူကောင်းတစ်ဦးကဲ့သို့ ကြားကာလ တစ်နှစ်မှ ဆယ်နှစ်အထိ ကျန်းမာစွာနေထိုင်နိုင်သည်။ သို့သော် HIV ပိုးသည် ခုခံအားစံနစ်ကို ဖျက်ဆီးလျက်ရှိနေသည်။ ကိုယ်ခန္ဓာ၏ ခုခံအားစံနစ်ပျက်စီးမှု တိုင်းတာနည်းမှာ CD4 Cells မည်မျှရှိသည်ကို ကြည့်ရမည်။ ကျန်းမာသော လူတစ်ယောက်တွင် သွေး (၁) စီစီ၌ CD4 ၅၀၀ မှ ၁၅၀၀ အထိ ရှိသည်။ CD4 အရေ အတွက် ကျလာသည်နှင့် အမျှ ဖျားခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ ၀မ်းလျှောခြင်း လက္ခဏာများ ပေါ်လာတတ်သည်။ HIV ရောဂါပိုး ရှိသူ၏ ကိုယ်ခံအားစံနစ်သည် အတော်များများ ပျက်စီးလာကာ CD4 သည် ၂၀၀ အောက် ရောက်လာပြီဆိုပါက OI (Opportunitics Infection) အခွင့်အရေးယူ ၀င်ရောက်လာသောရောဂါများ (ဥပမာ - နမိုးရီးယား၊ အဆုတ်ရောင်ရောဂါ၊ မှက်ခရုပေါက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဦးနှောက်တွင် အလုံးအကြိတ်ဖြစ်ခြင်း စသည် … ) တို့ ဖြစ်လာတတ်သည်။
သို့ဖြစ်၍ ကျနော်တို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း MANA သည် HIV Prevention လူ၏ကိုယ်ခံအားကို ကျဆင်းစေသော ရောဂါပိုးနှင့် AIDS ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကူးစက်ပျံ့ပွားမှုမှ ကာကွယ်ရေး အတွက် အသင်းကြီး စတင်ဖွဲ့စည်းစဉ်ကတည်းက အဓိကထား ဆောင်ရွက်လျက်ရှိရာ ယခု အချိန် ကာလတွင် UNOPS Global Fund Round (9) Project ဖြင့် ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာနှင့် တာမိုးညဲဒေသတို့တွင် DIC (Drops in-Centre) (ရိပ်မွန်)များ ဖွင့်လျက်ရှိပြီး (3 MDG) 3 Millinium Development Goal Project ဖြင့် ရှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ နမ့်ပေါင်နှင့် နောင်မွန် ကျေးရွာ (၂) ရွာ၊ ကျောက်မဲမြို့၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နှင့် အောင်မြေသာဇံမြို့တို့၌ DIC ရိပ်မွန်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် UNFPA ကမ္ဘာ့လူဦးရေရန်ပုံငွေအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်နှင့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်တို့၌ DIC ရိပ်မွန် ဖွင့်လှစ်ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တို့၌ Field Office များ ဖွင့်လှစ်ထားသည့်အပြင် HIV Prevention and Comprehensive Condom Programme ကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ သင်တန်းပို့ချပေးလျက် ရှိပါသည်။
ဦးစောငွေ
ဒု-ဥက္ကဌ (MANA) ဗဟို




