8
May

MANA ဘာလုပ်နေလဲဆိုတော့ အပိုင်း (၂၂)

အများအားဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ရရှိသူများမှာ မူးယစ်ဆေးသုံးစွဲသူများ၊ လိင်အပျော်အပါး လိုက်စားကြသူများ၊ စစ်ဆေးခြင်းမရှိသော သွေးကိုသွင်းမိကြသူများ၊ ခုခံအားကျဆင်းမှုရောဂါ  HIV (+) ဖြစ်သော မိခင်မှန္ဓေသားသို့ ကူးစက်နိုင်ပါသည်။ ထိုရောဂါပိုးမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး အသက်အရွယ်မရွေး ဖော်ပြပြီး အန္တရာယ်ရှိသည့် အပြုအမူ တစ်ခုခုကို ပြုလုပ်မိပါက ကူးစက်နိုင်ချေရှိသည်။

မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ကာကွယ်ရေးနည်းလမ်းကို မှတ်မိလွယ်ရန်အတွက် ABCD ဟု သတ်မှတ်လိုက်ပါ။ A သည် Abstain from all kind of drugs မူးယစ်ဆေးဝါး အားလုံးကိုရှောင်ကြဉ်ရမည်။  B သည်  Be safe of use only non-injectable drugs လုံခြုံ စိတ်ချစေရန် ထိုးဆေးမဟုတ်သော ဆေးကိုသာ အမြဲသုံးရန်၊ C မှာ Cautiously and Consistently use a new needle & Syringe  တစ်ခါသုံး ဆေးထိုးအပ်၊ ဆေးထိုးပြွန်ကိုသာ သုံးပါ။  D မှာ  Do Sterlige your needle & syringe if you don’t have new one ဆေးထိုးအပ်၊ ဆေးထိုးပြွန်အသစ် မရှိပါက  သင်သုံးစွဲမည့် ဆေးထိုးအပ်၊ ဆေးထိုးပြွန်ကို စံနစ်တကျ ပိုးသတ်ပြီးမှ သုံးစွဲရန်တို့ ဖြစ်ပါသည်။ သို့မှသာ ခုခံအားကျဆင်းမှုပိုး  HIV နှင့် B ပိုး၊ C ပိုး တို့မှ ကူးစက်မှု ကာကွယ်နိုင်မည် ဖြစ်သည်။

အခြေအနေတစ်ရပ်ရပ်ကြောင့် အန္တရာယ်ရှိသည့် အပြုအမူ ပြုလုပ်ခဲ့သူတစ်ဦးအနေဖြင့် HIV ပိုးရှိ မရှိကို သွေးဖောက်စစ်ဆေးမှသာ HIV ပိုးရှိမရှိ သိနိုင်ပေသည်။ သာမာန်အားဖြင့်သိရှိနိုင်ခြင်းမရှိပါ။ သို့ဖြစ်၍ မိမိသဘော ဆန္ဒ အလျောက် နှစ်သိမ့်ဆွေးနွေးမှု ခံယူ၍ HIV ပိုး ရှိ/မရှိ စစ်ဆေးမှုခံယူခြင်းကို အင်္ဂလိပ် အက္ခရာဖြင့် အတိုကောက် VCCT ဟုခေါ်သည်။ အရှည်မှာ Voluntary Confidential Counselling and Testing ဖြစ်ပါသည်။

Voluntary ဆိုသည်မှာ အန္တရာယ်ရှိသည့် အပြုအမူ ပြုလုပ်ခဲ့သူတစ်ဦးဦးသည်  HIV ပိုး ရှိ/မရှိ သွေးစစ်ရန်မှာ ကာယကံရှင်၏ ဆုံးဖြတ်ရွေးချယ်မှုသာဖြစ်ပါသည်။ မစစ်မနေရမဟုတ်ပါ။ သွေးစစ်၊ မစစ် ဆိုသည် နှင့် မည်သည့် အချိန်ကာလတွင် စစ်ဆေးမည်ဆိုသည်ကို ကာယကံရှင်၏ ဆုံးဖြတ်ချက်ဖြစ်သည်။ Confidential မှာ သွေးစစ်ဆေးပြီး ထွက်ပေါ်လာသည့် အဖြေကို လျှို့ဝှက် ထိမ်းသိမ်းထားမည်ဖြစ်ပါသည်။ သွေးအဖြေကို ကာယကံရှင်၏ ဆန္ဒအရသာ ကျန်သူများကို သိစေနိုင်မည်ဖြစ်ပါသည်။ သွေးဖောက်စစ်ဆေးသည့် ကျန်းမာရေး ၀န်ထမ်းအနေဖြင့် လုပ်ငန်းသဘောအရ သွေးအဖြေကို သိမည်ဖြစ်ပါသည်။

Counselling ဆိုသည်မှာ သွေးမစစ်ဆေးမှီ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် သွေးအဖြေရပြီးနောက် နှစ်သိမ့်ဆွေးနွေးခြင်းများ ပြုလုပ်ကြရပါမည်။ နှစ်သိမ့်ဆွေးနွေးခြင်းမှာ ကာယကံရှင် နှင့် နှစ်သိမ့်ဆွေးနွေးသူ (၂) ဦးသာ သီးခြားတွေ့ဆုံခြင်းဖြစ်ပြီး သွေးဖောက် စစ်ဆေးခြင်း အဆင့်များနှင့်သွေးအဖြေ ထုတ်ပေးပုံတို့ကို နှစ်ဦးနှစ်ဘက် ရှင်းလင်းစွာနားလည် သဘောပေါက်ရန် ပြောဆိုဆွေးနွေးခြင်းဖြစ်ပါသည်။ Testing မှာ HIV ပိုး ရှိ/မရှိ စစ်ဆေးမှုကို သွေးဖောက်စစ် ဆေးခြင်းဖြစ်ကြောင်း၊ သို့မှသာ HIV ပိုး ရှိ/မရှိ အဖြေထွက်မည်ဖြစ်ကြောင်း၊ သွေးတွင် ပဋိပစ္စည်း ရှိ/မရှိ ဓါတ်ခွဲခန်း၌ စစ်ဆေးခြင်းဖြစ်ကြောင်း၊ ပဋိပစ္စည်းဆိုသည်မှာ ကိုယ်ခန္ဓာအတွင်းသို့ ၀င်ရောက်လာသော  HIV ပိုး များကို တိုက်ထုတ်ရန် သွေးဖြူဥများမှ ထုတ်လုပ်သော ပစ္စည်းတစ်မျိုးဖြစ်ကြောင်း၊ ရှင်းလင်းဆွေးနွေးပြရမည် ဖြစ်ပါသည်။

သွေးကိုစစ်ဆေးပြီးနောက် သွေးထဲတွင် သွေးဖြူဥမှ ထုတ်လုပ်သော ပဋိပစ္စည်းတွေ့ရှိပါက HIV ပိုးဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိရသဖြင့် ထိုသို့တွေ့ရှိပါက HIV (+) ပိုးရှိသည်ဟု သွေးအဖြေထွက်ပါသည်။ သွေးထဲတွင် ပဋိပစ္စည်းမတွေ့ပါက HIV(-) ပိုး ၀င်ရောက်ခြင်းမရှိသေး၍သော်လည်းကောင်း၊ ပဋိပစ္စည်း ထွက်လာရန် အချိန်စောနေသေး၍လည်းကောင်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ HIV ပိုး ခန္ဓာကိုယ်ထဲ ၀င်ရောက်ပြီး (၂)လ၊ (၃)လအတွင်း ပဋိပစ္စည်းထွက်ရန်စောနေဦးမည်ဖြစ်၍ ပိုမိုသေချာစေရန် အတွက် ပထမ အကြိမ် Pre-Test သွေးစစ်ဆေးပြီး ဒုတိယအကြိမ်(၃)လခန့်ကြာပြီးနောက်မှ Post-Test သွေးဖောက် စစ်ဆေးပြီးအဖြေမှသာ HIV ပိုး ရှိ/မရှိ သေချာမည်ဖြစ်ပါသည်။

သွေးဖောက်စစ်ဆေးရခြင်း၏အကျိုးကျေးဇူးမှာ သွေးဖောက်စစ်ဆေးပြီး မိမိ၌ HIV(-) ပိုးမရှိကြောင်း အဖြေရပါက နောက်ပိုင်းတွင် ရှေ့ကကဲ့သို့ အန္တရာယ်ရှိသောအပြုအမူများ မပြုမိစေရန် ရှောင်ကြဉ်နိုင် မည်ဖြစ်သည်။ သွေးစစ်ပြီး ရောဂါပိုးရှိလျှင် ရောဂါပိုး ပိုမို မတိုးစေရန် သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာပြီး နေထိုင်ပါက လူ့သက်တမ်းစေ့ နေသွားနိုင်မည်ဖြစ်ပါသည်။ HIV(+) တွေ့ရှိပြီး သူအနေဖြင့် မိမိ၏ ချစ်ခင်နှစ်သက်သော အိမ်ထောင်ဖက်များသို့ HIV ပိုးကူးစက်မှု မရှိအောင် ကာကွယ် နိုင်သည်။ မွေးဖွားလာသည့် မိမိရင်သွေးကိုလည်း HIV ပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်သည်။

မိမိသဘော ဆန္ဒအလျောက် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းနှင့် သွေးဖောက်စစ်ဆေးခြင်း (VCCT) ကို ပြုလုပ်ကြရာတွင် သွေးမစစ်မီ နှစ်သိမ့်ဆွေးနွေးမှု ခံယူခြင်းဖြင့် ကာယကံရှင်ကို သွေးစစ်ရန် အဆင်သင့်ဖြစ်စေရန် အရေးကြီးသည်။ သွေးစစ်ဆေးပြီးနောက် HIV ပိုးရှိသည်ဟုလည်းကောင်း၊ မရှိပါဟုသိလိုက်ရခြင်း၏ အဖြေကို ရင်ဆိုင်နိုင်စေရန် ကာယကံရှင်ကို နောက်ဆက်တွဲ လုပ်ဆောင်လိုက်နာရသည့် ကိစ္စရပ်များကို ကြိုတင်ရှင်းပြ ပေးထားရန်ဖြစ်သည်။ နှစ်သိမ့်ဆွေးနွေးမှုမှာ နိယာမ သဘောတရားအရ ဖိုမသဘာဝလိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်နေသော အန္တရာယ်ကျရောက်နိုင်သည့် အပြုအမူများအကြောင်း ဆွေးနွေးမှု၌ ပါဝင်ရမည်။ HIV/AIDS ဆိုင်ရာ လွဲမှားနေသော အယူအဆ အချက်အလက်များကိုလည်း ဆွေးနွေးပြုပြင်ပေးရန် အထူးလိုအပ်ပေသည်။

သွေးအဖြေကို ရရှိသည့်အခါ နှစ်သိမ့်ဆွေးနွေးမှု ထပ်မံပြုလုပ်ရမည်။ အကြောင်းမှာ သွေးအဖြေကို ကာယကံရှင်မှ ရင်ဆိုင်နိုင်စေရန် ရှင်းပြပေးပြီးနောက်မှသာ အဖြေကိုပေးကာ ရရှိလာသော သွေးအဖြေနှင့်အညီ ထပ်မံလိုအပ်သော သတင်း အချက်အလက်များပေးရန် လိုအပ်သည်။ လိုအပ်ပါက အခြားဝန်ဆောင်မှု ပေးနိုင်သော နေရာများသို့ ညွှန်းပို့ပေးရမည်။ HIV ပိုးရှိသည်ဟု အဖြေထွက်ပါက ကာယကံရှင်အား သေချာစွာ နားလည်အောင် ညင်သာစွာပြောဆို၍ စိတ်ဓါတ်ရေးရာပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိလာအောင် အားပေးရမည်။

HIV ပိုး မရှိဆိုသဖြင့် နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်ရန်မလိုဟု မယူဆသင့်ပါ။ ကာယကံရှင်သည် HIV (-) ပိုးမရှိဟူသော အဖြေအတွက် စိတ်သက်ရာ ရနေချိန်တွင် နှစ်သိမ့်ဆွေးနွေးသူသည် အရေးကြီးသောအချက်များကို အလေးပေး ပြောကြားရမည်။ ကြားကာလတွင် အန္တရာယ်ကျရောက်နိုင်သော အပြုအမူရှိပါက  HIV ပိုး ကူးစက် နိုင်ချေ ရှိနေကြောင်းကို ကာယကံရှင်အား ရှင်းလင်းပြောပြကာ နောက်ထပ်သွေးမစစ်မှီကြား အန္တရာယ်ရှိသော အပြုအမူများကို ရှောင်ရှားရန်နှင့် စိတ်ချရသော လိင်ဆက်ဆံမှုကိုသာ ပြုလုပ်ရန်ပြောကြားပြီး နောက်တစ်ကြိမ် သွေးစစ်ရမည့် ရက်ကို ရက်ချိန်းပေးလိုက်ရပါသည်။

သို့ဖြစ်ပါ၍ MANA အသင်းကြီးအနေဖြင့် HIV Prevention ခုခံအားကျဆင်းမှုရောဂါကာကွယ်ရေး အတွက်  Drop in Centre (DIC) များတွင် ဆရာဝန်တစ်ဦး၊ သူနာပြုဆရာမတစ်ဦး အပြင် နှစ်သိမ့်ဆွေးနွေး ပညာပေးသူ  Counsellor များကိုပါ စံနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး စီမံချက်လုပ်ငန်းရှိရာ မြို့ရွာများတွင် အန္တရာယ်ရှိသောအပြုအမုပြုလုပ်သူများအကြား ထိုးဖောက်စည်းရုံးနိုင်သည့်  Out Reach Worker (ORW) များနှင့် Peer Educator များ ခန့်အပ် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

ဦးစောငွေ
ဒု-ဥက္ကဌ (MANA) ဗဟို

MANA - MANA ဘာလုပ်နေလဲဆိုတော့ အပိုင်း (၂၂)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top