8
May

MANA ဘာလုပ်နေလဲဆိုတော့ အပိုင်း (၂၁)

မူးယစ်ဆေးဝါးကို သာမာန်အားဖြင့် (၃) မျိုး၊ (၃) စား ခွဲခြားနိုင်သည်။ (၁) ငြိမ်သက်စေသော ဆေး၊ (၂) တက်ကြွစေသောဆေးနှင့် (၃) စိတ်ကိုပြောင်းလဲစေသော ဆေးများဖြစ်သည်။ ငြိမ်သက် စေသောဆေးများသည် ကိုယ်ခန္ဓာနှင့် ဦးနှောက်ကို နှေးကွေးစေရာမှ များများသောက်မိလျှင် ထုံထိုင်း လာပြီး အိမ်ငိုက်လာသည်။ တက်ကြွဆေးသော ဆေးများသည် အားအင်ပိုမိုရှိစေ၍ လူကိုဖြတ်လပ် စေသည်။ စိတ်ကိုပြောင်းလဲစေသော ဆေးများက အသိ၊ အမြင်၊ အကြား၊ အရသာ၊ အနံ့၊ အာရုံကို ပြောင်းလဲစေတတ်သည်။

အသုံးများသော မူးယစ်ဆေးများမှာ အများအခေါ် ဂန်ဂျာ၊ ဆရာကြီး မာရှဲဟုခေါ်သော ဆေးခြောက်၊ အက်ဖက်တမင်း၊ ယာမ၊ အက်တစီ၊ ကိုကင်းစသည်တို့မှာ စိတ်ကြွစေသည်။ ဘိန်းမှရရှိသော ဘိန်းဖြူ၊ မော်ဖင်း၊ ဘိန်းမဲ၊ အငွေ့ပြန်ရှူဆေးများမှာ ဖြန်းဆေးများ၊ ဗြူတိန်း၊ ဓါတ်ဆီ၊ ကော်၊ ဆိုးဆေး၊ ဖျော်ဆေးများ၊ နိုက်ထရိုက်စသည်တို့ဖြစ်ပြီး LSD၊ ကတ်တမင်း၊ ဖက်စကလင်းစသည်တို့မှာ စိတ်ကိုပြောင်းလဲစေသော ဆေးများဖြစ်သည်။ စိတ်ငြိမ်ဆေးများမှာ အိပ်ဆေးများ၊ မင်ဆိုဒိုင်အာဇပင်း ဖြစ်ပြီး အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့မှာလည်း တရားဝင် ခွင့်ပြု ထားသည့် မူးယစ်ဆေးဝါးတွင် အကြုံးဝင်ပါသည်။

မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ အကျိုးဆက်များမှာ ဆေးဝါးကို ရူးရူးမူးမူးစွဲလမ်းခြင်း၊ လုပ်ငန်း ကိုင်ငန်းများ ဆုံးရှုံးရသည့် ဘ၀သို့ရောက်ခြင်း၊ ပညာသင်ကြားနေသူ ကျောင်းသားလူငယ်များ အနေဖြင့် ပညာရေးဆုံးခန်း မတိုင်ခြင်း၊ နေ့စဉ် အစဉ်အမြဲ သုံးစွဲနေရသော မူးယစ်ဆေးဝါး၏ စရိတ်စကကြောင့် စီးပွားပျက်ကာ အကြွေး ၀န်ပိခြင်း၊ မူးယစ်ဆေးဝါးများမှာ တရားမ၀င်ဆေးဝါးများဖြစ်သဖြင့် တည်ဆဲ ဥပဒေအရ အရေးယူခံရမည့် ပြဿနာနှင့် ရင်ဆိုင်ရခြင်း၊ မိမိ၏ ဆွေမျိုးသားချင်း၊ မောင်နှမကြားတွင် ဂုဏ်သိက္ခာညှိုးနွမ်းရခြင်း၊ မိတ်ဆွေ အပေါင်းများမှ ဖယ်ရှောင်ခံရခြင်း၊ တစ်ချို့ဆွေမျိုးများမှ ပစ်ပယ် ခံရခြင်း၊ ဆေးသုံးစွဲလာမှု ရှည်ကြာလာသည်နှင့်မျှ ကျန်းမာရေးချို့တဲ့လာခြင်း၊ မိတ်ဆွေသင်္ဂဟ၏ ရှောင်ကြဉ်လာမှု၊ မိဘဆွေမျိုးသားခြင်း၏ ပစ်ပယ်ခံရမှုကြောင့် အထီးကျန်ဆန်လာကာ စိတ်ဓါတ်ကျ ဆင်းပြီး မိမိကိုယ်မိမိ သတ်သေလိုသည့် စိတ်ဖြစ်ပေါ်လာတတ်ခြင်း၊ ငွေကြေး သုံးစွဲမှုအခက်အခဲကြုံ လာသည်နှင့်အမျှ မူးယစ်ဆေးဝါး သုံးစွဲရေးတစ်ခုတည်းသာ စိတ်ရှိနေတော့သဖြင့် ငွေကြေးရလိုမှု အတွက် မိမိကိုယ်ကို တန်ဖိုးမထားတော့ပဲ လိင်၏ကျေးကျွန်ဘ၀ကျရောက်သွားခြင်း၊ လိင်၏ကျေးကျွန် ဘ၀ရောက်သည်နှင့်အတူ အကြောထဲသို့ မူးယစ်ဆေးကို အပေါင်းအသင်းများနှင့် ဆေးထိုးအပ်၊ ဆေးထိုးပြွန် မျှဝေသုံးစွဲလေ့ရှိရာမှ ခုခံအားကျဆင်းမှုရောဂါ HIV/AIDS ကူးစက်ဖြစ်ပေါ်ရန် အလား အလာများခြင်း၊ အသိဥာဏ်ချို့ယွင်းလာခြင်း၊ ပြဿနာတစ်ရပ်ကို ဆုံးဖြတ်ရာ၌ အမှားအမှန် မဝေဖန် နိုင်တော့သဖြင့် မိမိအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် ကိစ္စရပ်များကို ဆုံးဖြတ်ရာ၌မှားယွင်းနိုင်ခြင်း၊ စိတ်နေစိတ်ထား ခံစားမှုပြင်းထန်လာခြင်း၊ မူလစိတ်နေသဘောထားများ ပြောင်းလဲသွားနိုင်ခြင်း စသည် တို့ ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါသည်။

မူးယစ်ဆေးဝါးကို စားသောက်သုံးစွဲခြင်း၊ ရှုရှိုက်ခြင်း၊ သွေးကြောထဲသို့ ထိုးသွင်းခြင်း စသဖြင့် အမျိုးမျိုး သုံးစွဲကြသည်။ မူးယစ်ဆေးဝါးများကို စားသောက်သုံးစွဲသောအခါ မူးယစ်ဆေးဝါးများသည် အစာအိမ်နှင့် အူနံရံမှတဆင့် သွေးထဲသို့ ရောက်ရှိသွားသည်။ မူးယစ်ဆေးပါသော သွေးများသည် နှလုံးမှ ဦးနှောက်နှင့် ဗဟိုအာရုံကြောစံနစ်သို့ မပို့လွှတ်ခင် အသည်းနှင့်နှလုံးသို့ ဖြတ်သန်း စီးဆင်း သွားသည်။ ထို့ကြောင့် စားသောက်သုံးစွဲသော ဆေးဝါးများ၏ အမျိုးအစားပေါ်မူတည်ပြီး မိနစ် အနည်းငယ် နာရီဝက်အတွင်း ဆေးဝါးများ၏ အကျိုးဆက် အာနိသင်သည် တဖြည်းဖြည်းခံစား လာရသည်။

မူးယစ်ဆေးဝါးများကို မီးရှို့ရာမှ ထွက်ပေါ်လာသော မီးခိုး၊ အငွေ့များကို ရှုရှိုက်ခြင်း၊ ကော်၊ ဓါတ်ဆီနှင့် အခြားပျော်ဝင်နိုင်သော ပစ္စည်းများမှ ထုတ်လွှတ်သည့် အခိုးအငွေ့များကို ရှူရှိုက်ခြင်း တို့ဖြစ်သည်။ ထိုသို့ ရှူရှိုက်ရာတွင် မီးခိုး၊ အငွေ့များကို ပါးစပ်၊ နှာခေါင်းဖြင့် ရှူရှိုက်လေ့ရှိကြသည်။ ယင်းသို့ ရှူရှိုက်သော အငွေ့များသည် အဆုတ်နှင့်သွေးကြောတို့ကို တိုက်ရိုက်ဖြတ်သန်းကာ နှလုံးနှင့်ဦးနှောက်ဆီသို့ ရောက်ရှိ သွားသည်။ အချို့ မူးယစ်ဆေးဝါးများမှာ ပေါင်ဒါမှုန့် ကဲ့သို့ဖြစ်၍ နှာခေါင်းမှရှူရှိုက်ကြသည်။ ထို့သို့ ရှူရှိုက်မှုကြောင့် မူးယစ်ဆေးဝါး၏ အာနိသင်မှာ မိနစ်အနည်းငယ် အတွင်း ခံစားမှုရှိလာမည်ဖြစ်ပါသည်။

မူးယစ်ဆေးကို အရည်ဖျော်၍ သွေးကြောထဲသို့ တိုက်ရိုက်သော်လည်းကောင်း၊ ကြွက်သား၊ အဆီတစ်သျှူးများအသွင်းသို့သော်လည်းကောင်း၊ တစ်ခါတစ်ရံ အရေပြားအောက်သို့ရောက်ရုံသာ ထိုးသွင်း တတ်ကြသည်။ သွေကြောထဲသို့ တိုက်ရိုက်ထိုးသွင်းခြင်းသည် ဆေးသုံးစွဲမှု ပုံစံများအနက် အမြန်ဆုံးနှင့် အထိရောက်ဆုံးဖြစ်သည်။ အကျိုးအာနိသင်မှာ စက္ကန့်ပိုင်းအတွင်း၌ပင် ခံစားဖြစ်ပေါ် စေသည်။ ထိုသို့ ဆေးထိုးအပ်ဖြင့် ထိုးသွင်းခြင်းကြောင့် သာမာန်သုံးစွဲနေကြ အချိုးအဆထက် များသွားပါက ချက်ချင်း အပ်တန်းလန်းနှင့်ပင် Over close ဖြစ်ကာ အသက်ဆုံးရှုံးလေ့ရှိကြောင်း  တွေ့ရှိရသည်။

မူးယစ်ဆေးဝါးကို မည်သည့်နည်းဖြင့် သုံးစွဲသည်ဖြစ်စေ ရရှိသည့်ခံစားမှုနှင့်စာလျှင် နောက် ဆက်တွဲ ဆိုးကျိုးက အလွန်များပြား၏။ ယနေ့မူးယစ်ဆေးဝါးကဲ့သို့ အာနိသင်ရှိသော ဆေးဝါးများဖြင့် အစားထိုးကုသည့် အန္တရာယ်မရှိသော ဆေးဝါးများ ရွေးချယ်စရာ ရှိလာသဖြင့် မူးယစ်ဆေးသုံးစွဲသူများ မူးယစ်ဆေးဝါးဖြတ်ရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။ မူးယစ်ဆေးဝါးအကြောထဲထိုးသွင်းခြင်းမှာ ခုခံအားကျဆင်းမှုရောဂါအန္တရာယ်အများ ဆုံးဖြစ်ပေသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စဉ်စားဥာဏ်၊ အပြုအမူတို့ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါ။ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် မိမိရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိရန် အဟန့်အတားဖြစ်သည်။ မူးယစ်ဆေး ဆိုသည်မှာ လူတစ်ဦးတစ်ယောက် သုံးစွဲလိုက်သောအခါ ထိုသူ၏ ထင်မြင် ယူဆချက်၊ စိတ်နေ သဘောထား၊ အတွေးအခေါ်အမူအကျင့်များကို ပြောင်းလဲစေနိုင်သော အရာဖြစ်သည်။ အချို့ဆေးဝါးများသည် လူတစ်ဦးတစ်ယောက်ကို ထိုဆေးများမသုံးရ မနေနိုင်အောင် ဆွဲဆောင်နိုင်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဆိုးကျိုးအာနိသင်ကို မူလတန်း၊ အလယ်တန်း ကလေးငယ်များကို ငွေကြယ်ပွင့် လူငယ်အဖွဲ့မှ လက်ထိုး ရုပ်သေးများဖြင့် ဇာတ်လမ်းဆင်ကာ အခြေခံပညာကျောင်းများသို့ နယ်လှည့် ပညာပေးလျှက်ရှိပါသည်။

အထက်တန်းကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်ကျောင်းများသို့ သွားရောက်ပြီး မူးယစ်ဆေးဝါးနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို အတတ်ပညာရှင်၊ အသိပညာရှင်များမှ သွားရောက်ဟောပြောပြီး ကျောင်းသား လူငယ်များ ပိုမိုစိတ်ဝင်စားစေရန် အတွက် အနုပညာရှင်များ၏ ဟောပြောချက် တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေမှု များကို ပြုလုပ်လျှက်ရှိရာ အထူးနှစ်ခြိုက်လျှက် ရှိသဖြင့် ကျောင်းသားလူငယ်များအပြင် ရပ်ကွက်၊ ကျေးရွာ၊ စက်ရုံ၊ အလုပ်ရုံတို့သို့ စီမံချက်များ ရေးဆွဲ၍ မူးယစ်ဆေးဝါး၏ ဆိုးကျိုး၊ အသိပညာပေးမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်လျှက် ရှိပါသည်။

ဦးစောငွေ
ဒု-ဥက္ကဌ (MANA) ဗဟို

MANA - MANA ဘာလုပ်နေလဲဆိုတော့ အပိုင်း (၂၁)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top