မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းရဲ့ ရည်မှန်းချက် လုပ်ငန်းတာဝန် တစ်ရပ်ကတော့ အစီအစဉ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် ထောက်ခံပြောဆို စည်းရုံးရန် Program Collaboration and Advocacy ဖြစ် ပါတယ်။ အဓိက ရည်မှန်းချက် လုပ်ငန်း တာဝန်ဖြစ်တဲ့ မူးယစ်ဆေးဝါး အလွဲသုံးမှု လျော့ချရေးနှင့် အန္တရာယ် လျော့ချရေး လုပ်ငန်းစဉ် ချောမောပြေပြစ်စွာနဲ့ အောင်မြင်အောင် ဆောင်ရွက် အကောင်အထည်ဖေါ်ရန် ဤ ကဏ္ဍကို အထူးအလေးထား ဆောင်ရွက် ရပါတယ်။
မူးယစ်ဆေးဝါးများကို နိုင်ငံတော် အစိုးရအနေနဲ့ ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးနှင့် ဆိုင်သော ဥပဒေနှင့် နည်းဥပဒေကို ပြဌာန်းခဲ့ ပြီး ၂၀၀၄ ခုနှစ်တွင် ထိန်းချုပ် ဓါတုပစ္စည်း ကြီးကြပ်ရေး ဆိုင်ရာ နည်းဥပဒေများကို ပြဌာန်းခဲ့တဲ့ အတွက် မူးယစ်ဆေးဝါးကို ထုတ်လုပ်ခြင်း၊ သယ်ယူခြင်း၊ ရောင်းဝယ် ဖေါက်ကားခြင်း၊ လက်ဝယ်တွေ့ရှိခြင်း၊ မှတ်ပုံမတင်ပဲ သုံးစွဲခြင်း စသည်တို့မှာ ပြစ်မှု ဆိုင်ရာ ဥပဒေက တားမြစ် ထားပါတယ်။ ကျူးလွန်ရင် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံကြရ မှာပါ။ ဒါကြောင့် မူးယစ်ဆေးသုံးစွဲတဲ့သူတွေဟာ တားမြစ်ထားတဲ့ မူးယစ်ဆေးကို မသုံးစွဲရမနေနိုင်အောင် စွဲလမ်းကြတော့ သူတို့နည်း သူတို့ဟန်နဲ့ မရမက ခိုးကြောင်းခိုးဝှက် ၀ယ်ယူ သုံးစွဲကြရ ပါတယ်။ မူးယစ်ဆေး သာမန် သုံးစွဲရာကနေ တစ်ဖြည်းဖြည်း မူးယစ်ဆေး အကြောထဲ ထိုးသွင်းတဲ့ ဘ၀ကို ကူးပြောင်းကြရတဲ့ အခါမှာ လွတ်လပ်ရေး မရခင် ကတဲက ပြဌာန်းထားတဲ့ ဥပဒေထဲမှာ ဆေးထိုးအပ်နဲ့ ဆေးထိုးပြွန်ကို ကျန်းမာရေး ၀န်ထမ်းများမှ အပ တရားဝင် သုံးစွဲခွင့် မရှိပါ။ ဒါကြောင့် လိုအပ်နေတဲ့ ဆေးထိုးအပ်နဲ့ ဆေးထိုးပြွန်များကိုလဲ ထင်ထင်ပေါ်ပေါ် ၀ယ်ယူ သုံးစွဲခြင်း မပြုနိုင်တာကြောင့် ရှိတဲ့ ဆေးထိုး အပ်နဲ့ ဆေးထိုးပြွန်ကို မူးယစ်ဆေး သုံးစွဲသူ တစ်စုက မျှဝေသုံးစွဲ ကြရပါတယ်။ ဒီအခါ HIV ပိုး ရောဂါ ရှိသူထဲမှ ကျန်လူများကို အလွယ်တကူ ကူးစက်မှု ရှိတော့ HIV ရောဂါ ပိုးဟာ မူးယစ်ဆေး ထိုးသွင်း သူကြားမှာ ပျံ့နှံ့ရာက တစ်ဆင့် ၄င်းတို့ရဲ့ အိမ်ထောင်ဖက်များ၊ လိင်ဆက်ဆံ ဖက်များပါ ထပ်မံ ကူးစက်မှု ရှိလာမည် ဖြစ်ပါတယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး MANA အသင်းကြီး အနေနဲ့ ပြည်တွင်းပြည်ပက အလှူရှင်များ အကူအညီနဲ့ HIV Prevention ပြုလုပ်ရာမှာ Drop inCentre ခေါ်တဲ့ ရိပ်မွန်များ ဖွင့်လှစ်ပြီး HIV ပိုး ကူးစက် ပြန့်ပွားမှုမရှိအောင် ပညာပေးခြင်း၊ ဘိန်းသုံးစွဲသူ လျော့နည်းအောင် စည်းရုံး ပြောဆိုခြင်း၊ အကြောထဲသို့ မူးယစ်ဆေး ထိုးသွင်းခြင်း မပြုရန်တို့ အတွက် တတ်ကျွမ်းနားလည်သော ဆရာဝန်၊ သူနာပြုများနှင့် လုပ်သားများကို ခန့်ထားပြီး ကူညီ စောင့်ရှောက်မှု ပြုလုပ်ပါတယ်။ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းမှု မပြုလျင် မနေနိုင်တော့သော လူနာများကို အခမဲ့ ဆေးထိုးအပ်နဲ့ ဆေးထိုးပြွန် ဖြန့်ဖြူးပေးပါတယ်။ ဒီ့အပြင် လိင်တူလိင်ကွဲ ဆက်ဆံရာမှာ အကာအကွယ်မဲ့ ဆက်ဆံတဲ့ အခါ အထူးသဖြင့် လိင်အပျော်အပါး လိုက်စားရာမှ FSW ပြည့်တန်ဆာများနှင့် လိင်တူများမှ HIV ပိုး ကူးစက်မှု မရှိစေရန် အတွက် Comdom ကို အခမဲ့ ဖြန့်ဖြူးပေးပါတယ်။
ယခုလို မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများ၊ လိင်အပျော်အပါး လိုက်စားသူ များကို HIV ပိုး ကူးစက်မှု မရှိစေရေး အတွက် ကျန်းမာရေး အထောက်အကူ ပစ္စည်းများ ဖြစ်တဲ့ ဆေးထိုးအပ်နဲ့ ဆေးထိုးပြွန်၊ Comdom တို့ကို ဖြန့်ဝေပေးခြင်းမှာ ခုခံအား ကျဆင်းမှု ရောဂါဖြစ်စေမည့် HIV ပိုး မကူးစက်စေရေး ဆောင်ရွက်သည့် အမျိုးသားရေး တာဝန် တစ်ရပ်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်းကို အာဏာပိုင် အဖွဲ့အစည်း များနှင့် ပြည်သူ လူထုတို့မှ နားလည် သဘောပေါက် သိရှိ လက်ခံပြီး မိမိတို့ MANA အသင်း၏ လုပ်ဆောင်ချက်ကို အောင်မြင်ရေး ကူညီ ပံ့ပိုးပေးရန် အတွက် ထောက်ခံ ပြောဆိုပြီး (Advocacy) ဆောင်ရွက် ရပါတယ်။
ဒါကြောင့် MANA ရဲ့ အဓိက လုပ်ငန်းစဉ်ဖြစ်တဲ့ မူးယစ်ဆေး အလွဲသုံးစွဲမှု လျော့ချရေးနဲ့ အန္တရာယ် လျော့ချရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် ရန်ပုံငွေ ရရှိရေး အတွက် ပြည်တွင်းပြည်ပမှ စေတနာရှင်များနဲ့ ဆက်သွယ် ပူးပေါင်း ဆောင်ရွက် ရသကဲ့သို့ ဒေသ အာဏာပိုင် အဖွဲ့များရဲ့ နားလည်မှု ရှိစွာနဲ့ လုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေး ကူညီမှု ရရှိရန်နှင့် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှု ရရှိရန် လုပ်ငန်းစဉ်ကို ရှင်းလင်း တင်ပြသည့် ထောက်ခံပြောဆိုချက်ကို မလွဲမသွေ ဆောင်ရွက်မှသာလျင် HIV ပိုး ကူးစက် ပျံ့နှံ့မှုကြောင့် ထိန်းချုပ်နိုင်မည့် အမျိုးသားရေး တာဝန်ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
(ဦးစောငွေ)
MANA ဗဟို ဒု-ဥက္ကဌ
MANA - MANA ဘာလုပ်နေလဲ - အပိုင်း(၄)




