23
Apr

MANA ဘာလုပ်နေလဲ - အပိုင်း (၁၂)

၂၀၁၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ ကျန်းမာပြည့်ဝ ဘ၀သုခ၊ မူးယစ်ဆေးဆို ကင်းစင်မှ (Make health your new high in life not drugs) ဖြစ်ပေသည်။ ယနေ့ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ တစ်ဝှမ်းရှိ နိုင်ငံအသီးသီး အနေဖြင့် မူးယစ်ဆေးဝါး လုံးဝ ကွယ်ပျောက်ချုပ်ငြိမ်းရေး အတွက် အားကြိုး မာန်တက်၊ နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်းကာ တိုက်ဖျက်လျက် ရှိပေသည်။

MANA အသင်း (ဗဟို) အနေဖြင့် နှစ်စဉ် အဆိုပါနေ့အခန်းအနားကို ပြည်သူလူထု တစ်ရပ်လုံးမှ နိုးကြားတက်ကြွစွာဖြင့် လေ့လာသိရှိကာ ပူးပေါင်းပါဝင်လာစေရန် အလို့ငှာ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်ကို ၀တ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကာတွန်းများ ရေးသားစေသည့်အပြင် ကျပန်း စကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို မြန်မာဘာသာဖြင့်သာမက နိုင်ငံတကာသို့ပါ ပါဝင်ယှဉ်ပြိုင်ရန် အလို့ငှာ အင်္ဂလိပ်ဘာသာဖြင့်ပါ ယှဉ်ပြိုင်မှုပြုလုပ်ခြင်းဖြင့် လူငယ်ထု အပါအ၀င် ပြည်သူအများမှ ၀င်ရောက်ယှဉ်ပြိုင်ကာ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးစိတ်ဓါတ်မှသည် လုံးဝပပျောက် ဆိတ်သုဉ်းစေသည်အထိ စိတ်ဓါတ်များမွေးမြူစေရန် ဆောင်ရွက်ခဲ့ပါသည်။

ယခု ၂၀၁၃ ခုနှစ်တွင် ပိုမို၍ ထူးကဲစွာ MANA အသင်းကြီးအနေဖြင့် ဆောင်ရွက်နိုင်ရန် စီမံချက်ချမှတ် ဆောင်ရွက်ခဲ့သဖြင့် MANA ဗဟို ရုံးစိုက်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် သာမက မန္တလေးတိုင်းဒေသကြီး MANA မှ မန္တလေးမြို့ပေါ်တွင်လည်းကောင်း၊ မွန်ပြည်နယ် MANA အသင်းမှ ဦးစီး၍ မော်လမြိုင် တက္ကသိုလ်၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် လည်းကောင်း  ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၌ MANA ဗဟိုမှ ဦးစီးကျင်းပသော မူးယစ်ဆေးဝါးဆန့်ကျင်ရေး ၀တ္ထုတို၊ ဆောင်းပါး၊ ကဗျာရေးစပ်ပြိုင်ပွဲ၊ မြန်မာ/အင်္ဂလိပ် (၂) ဘာသာဖြင့် ကျပန်းစကားပြောပြိုင်ပွဲ နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ဇွန်လ (၁၄) ရက်နေ့မှ (၂၀) ရက်နေ့အထိ တစ်ပါတ်တိတိ ကျင်းပခဲ့ပြီး နောက်ဆုံး အဆင့်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ခန်းနားစွာ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသူကျောင်းသားများ၊ ပြည်သူလူထုများ၊ ဖိတ်ကြားထားသော UN လက်အောက်ခံ အဖွဲ့အစည်းများ၊ IFNGO များနှင့် NGO များ စုံညီစွာ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခန်းအနားကို အစမှအဆုံး Sky Net မှ ပြည်သူများသို့ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါသည်။ ဇွန်လ (၂၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း ပညာရေးကောလိပ်၌ လည်းကောင်း၊ တောင်ဥက္ကလာပ မြို့နယ် အ.ထ.က (၂) ၌လည်းကောင်း ကျင်းပ၍ ဇွန်လ(၂၆) ရက်နေ့တွင် အ.ထ.က (၄) အလုံ၌ လည်းကောင်း၊  MANA ရုံးချုပ်  သင်တန်းခန်းမ၌ မဆသ လူငယ့်အားမာန်အဖွဲ့ (MYET) အဖွဲ့ဝင်များဖြင့်လည်းကောင်း ကျင်းပခဲ့ရာ သင်္ဃန်းကျွန်း ပညာရေးကောလိပ်၌ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်နှင့် MANA လူထု ဆက်ဆံရေးသံတမန် ချစ်သုဝေ တို့မှ လည်းကောင်း ပူးပေါင်းပါဝင် ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး MANA မှလည်း အထက်မြန်မာပြည် အခြေခံပညာ ဦးစီးဌာနနှင့် ပူးပေါင်းပြီး ဇွန်လအတွင်း အ.ထ.က (၇)၊ အ.လ.က (၁) နှင့် အ.မ.က (၂) ကျောင်းတို့၌ ပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ စစ်ကိုင်းတိုင်း မြောက်ပိုင်း ကလေးခရိုင်နှင့် တမူးခရိုင်တို့၌လည်း ဇွန်လ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု-ရဲချုပ်၏ စီမံပေးမှုအရ ကလေးမြို့ပေါ်၌ အ.ထ.က (၁)၊ ကလေးတက္ကသိုလ်၊ မြို့ပေါ်ရပ်ကွက်များ၊ တမူးမြို့ပေါ်၌ အ.ထ.က တမူး၊ အ.ထ.က ခွဲ၊ တမူး အ.ထ.က စက်ရောင်ဘီလူးခန်းမ၌ မြို့ပေါ်ရပ်ကွက် (၃) ခု၊ အ.မ.က (၂) တမူး ခန်းမ၌ မြို့ပေါ်ရပ်ကွက် (၃) ခုတို့မှ ကျောင်းသူကျောင်းသားများ၊ ရပ်ကွက်ပြည်သူလူထုသို့ မူးယစ်ဆေးဝါးနှင့် ဘေးထွက် ဆိုးကျိုးများကို  တမူးနှင့် ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးများဖြစ်ကြသော ဦးခင်မောင်ဇော်နှင့် ဦးအေးနိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးများ ဖြစ်ကြသော ဒု-ရဲမှူးကြီး ခင်မောင်သော် နှင့် ဒု-ရဲမှူးကြီးသိန်းဝင်း၊ မူးယစ်အထူး အဖွဲ့မှ တာဝန်ခံရဲမှူးများ၊ မူးယစ်ဗဟိုမှ ညွှန်ကြားရေးမှူး ရဲမှူးကြီးမြင့်ဦး၊ ကလေးခရိုင် ဆေးရုံအုပ်ကြီး ဦးညွန့်သန်းနှင့် တမူးခရိုင်ဆေးရုံကြီးမှ ဆရာဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး MANA အတွင်းရေးမှူး ဦးကျော်ရင်နှင့် MANA ဗဟိုမှ ဒု-ဥက္ကဌ ဦးစောငွေတို့မှ မိမိတို့ ကဏ္ဍအလိုက် အသီးသီး ဟောပြောခဲ့ကြပါသည်။ ထို့ပြင် ကလေးခရိုင် MANA နှင့် တမူးခရိုင် MANA အသင်း များကိုပါ တစ်ပါတည်း ဖွဲ့စည်းပေးနိုင်ခဲ့ပါသည်။ ဇွန်လ(၂၆) ရက်နေ့တွင် ကလေးမြို့ မြို့တော်ခန်းမ၌ အဆိုပါနေ့ အခမ်းအနားကို ကျင်းပရာ ကျောင်းသူကျောင်းသားများ အပါအ၀င် ပြည်သူလူထု (၈၀၀) ကျော် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ ဒု-ရဲချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စည်ပင်သာယာ ၀န်ကြီးနှင့် MANA ဗဟို မှ ဒု-ဥက္ကဌ ဦးစောငွေတို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ သ၀ဏ်လွှာကို ဖတ်ကြားပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှ ကဏ္ဍအလိုက်ဟောပြောပြီး ပန်းချီ၊ ကာတွန်း၊ စာစီစာကုံး၊ ကွန်ပြူတာပြိုင်ပွဲ များတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ပါသည်။

ထူးခြားချက်တစ်ရပ် အနေဖြင့် ဇွန်လ (၂၈) ရက်နေ့တွင် မွန်ပြည်နယ် MANA မှ ကြီးမှူး ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခန်းအနား ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ မော်လမြိုင် တက္ကသိုလ် ဘွဲနှင်းသဘင် ခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာလှဦးနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မွန်ပြည်နယ် MANA ဥက္ကဌ ဦးနေ၀င်း နှင့် အသင်း အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ NGO အဖွဲ့များ၊ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဌေးအောင်နှင့် ပါမောက္ခ ဆရာ/ဆရာမကြီးများ၊ ကျောင်းသူကျောင်းသားများ စုစုပေါင်း (၁၂၀၀) ခန့် တက်ရောက် ခဲ့ပါသည်။ အဆိုပါ အခန်းအနားသို့ MANA ဗဟိုမှ အကြံပြု/ အထောက်အကူပြု အဖွဲ့ တာဝန်ခံ သုဓမ္မသိင်္ဂီ ဒေါက်တာမြသီတာဆွေတင် ဦးဆောင်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ၊ MANA လူထု ဆက်ဆံရေး သံတမန် အကယ်ဒမီလူမင်း၊ တေးသံရှင် ဒေါက်တာဖြူဖြူကျော်သိန်း၊ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဆေးကုသဌာနမှ ပါမောက္ခဒေါက်တာဝင်းမင်းသစ်၊ ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် နိုင်းနိုင်းနှင့် ရာဇာနေ၀င်း၊ တေးသံရှင် ကျော်ကျော်ပိုင်မှူးတို့မှ မူးယစ်ဆေးဝါးနှင့် ဘေးထွက်ဆိုးကျိုးများ အကြောင်းကို အသီးသီးဟောပြောခြင်း၊ အနုပညာရှင်များက တေးဂီတများဖြင့် ဖျော်ဖြေခဲ့သည့်အပြင် နေပြည်တော် ကာယဗလ စွမ်းရည်ပြိုင်ပွဲမှ ဆရာကြီး ဦးငြိမ်းချမ်းအောင်က ကာယဗလစွမ်းရည်ဖြင့် ထူးခြားစွာ သရုပ်ပြခဲ့သဖြင့် ပရိသတ်၏ တစ်ခဲနက်အားပေးမှု ရရှိခဲ့ပါသည်။

သို့ဖြစ်၍ MANA ဗဟိုအနေဖြင့် တိုင်းဒေသကြီး ပြည်နယ် MANA များ အနေဖြင့်လည်း မိမိတို့ တတ်စွမ်းသမျှ အနယ်နယ် အရပ်ရပ်တွင်လည်း အဆိုပါ အခမ်းအနား ဆောင်ရွက်လျက် ရှိသဖြင့် ယခု ၂၀၁၃ ခုနှစ်တွင် ယခင့် ယခင်နှစ်များကထက် ပြည်သူလူထု၏ စိတ်ပါဝင်စားမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အနုပညာရှင်များ၊ အားကစားအသင်းများမှပါ MANA အသင်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လာ ကြသည်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများမှလည်း ကိုယ်တိုင် ပါဝင်အားပေး ချီးမြှောက်မှုရရှိသည့်နှစ် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

(ဦးစောငွေ)
MANA (ဗဟို) ဒု-ဥက္ကဌ

MANA- MANA ဘာလုပ်နေလဲ - အပိုင်း (၁၂)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top