25
Apr

MANA ဘာလုပ်နေလဲ အပိုင်း (၁၃)

“ဘ၀” ဟူသည် မွေးဖွားချိန်မှ ကွယ်လွန်ချိန် ကာလအထိဖြစ်သည်။ ထိုကာလအတွင်း မိမိဘ၀တိုးတက် အောင်မြင်အောင် ဘ၀ရည်မှန်းချက် ပန်းတိုင် ရောက်ရှိစေရန် ဖြတ်သန်းရာမှာ လူတိုင်း အနိမ့် အမြင့်၊ အတက်အကျ၊ အခက်အခဲ၊ အတားအဆီး၊ အဟန့်အတား၊ အနှောက် အယှက်၊ ပြဿပေါင်းစုံကို အသက်တရာ မနေရသော်လည်း အမှု (၁၀၀) တွေ့ရမြဲ ဓမ္မာပင်။ လူတို့ဘ၀အတွက် နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာ၊ စိန်ခေါ်မှုများကို တစ်ဦးချင်း အနေဖြင့် မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေပဲ၊ မိမိအကျိုးအတွက် ကိုင်တွယ်ဖြေရှင်းနိုင်မည့် စွမ်းဆောင်ရည် တစ်နည်းအားဖြင့် ကျွမ်းကျင်မှု အတတ်ပညာရှိရပေမည်။

နည်းပညာများ တိုးတက်ပျံ့ပွားလာမှု၊ လူနေမှု အဆင့်အတန်း မြင့်မားလာမှု အရှိန်အဟုန်သည် ယခင်ခေတ်များထက် လျှင်မြန်စွာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူနေမှု ဘ၀ပုံစံများသည်လည်း လိုက်လျောညီထွေ ဆက်တိုက် ဆိုသလိုပြောင်းလဲ၍နေသည်။ လူနေမှု ဘ၀ပြောင်းလဲသကဲ့သို့ ယနေ့ ရင်ဆိုင်ကြုံတွေ့နေရာသော စိန်ခေါ်မှုများလည်း သိသာထင်ရှားစွာ ပြောင်းလဲနေပေသည်။ ယခင်တစ်ချိန်က မရှိခဲ့ မသိခဲ့ဘူးသော ခုခံအားကျဆင်းမှုရောဂါ HIV/AIDS သည် ယနေ့ လူသားထု တစ်ရပ်လုံးကို ကပ်ဆိုးကြီးသဖွယ် အန္တရာယ်ပြု ခြိမ်းခြောက်လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှလည်း ထိုကပ်ဆိုးကြီးကို ကျော်လွှားလွန်မြောက်နိုင်ရန်အတွက် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ဆောင်ရွက် လျက်ရှိကြသည်။

နည်းပညာဖွံ့ဖြိုးမှုကြောင့် မြင့်မားလာသော လူနေမှု အဆင့်အတန်းကို လူတိုင်းအပြည့်အ၀ ခံစားခွင့်ရကြရမည့် အခွင့်အရေး၊ အခွင့်အလမ်းရှိသလို နည်းပညာဖွံ့ဖြိုးမှုနှင့် တွဲပါလာသော စိန်ခေါ်မှု ပုံစံအသစ်များကိုလည်း ရင်ဆိုင်ကျော် လွှားနိုင်ရန် အရေးကြီးပါသည်။ လူမှုရေး စွမ်းဆောင်နိုင်မှု ဆိုသည်မှာ လူတစ်ယောက် နစ္စဓူဝ ကြုံတွေ့နေရသော တောင်းဆိုစိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သော စွမ်းရည်ဖြစ်ပေသည်။ ဤစွမ်းဆောင်နိုင်မှုက လူတစ်ယောက်၏ စိတ်ချမ်းမြေ့ ပျော်ရွှင်မှုကို ထိမ်းသိမ်းထားနိုင်ပြီး၊ မိမိတို့ ရိုးရာယဉ်ကျေးမှု့ မပျက်စေပဲ၊ ထိတွေ့ ဆက်ဆံနေရသည့် ပတ်ဝန်းကျင်ရှိ အပြုသဘောဖြင့် တုံ့ပြန် နိုင်မည်ဖြစ်သည်။

လူမှုရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုသည် လူတစ်ဦး တစ်ယောက်၏ ကာယသုခ၊ စိတ္တ သုခနှစ်ဖြာတိုးတက် ရရှိနိုင်ရန် အဓိကဖြစ်ပေသည်။ ယနေ့ခေတ် စီးပွားရေးနှင့် လူမှုရေးလျှင်မြန်စွာ တိုးတက်ပြောင်းလဲမှုက မိသားစု ဘ၀ပုံစံများကို ပြောင်းလဲခဲ့မှုကြောင့် လူမှုရေး စွမ်းဆောင်နိုင်မှု နှင့် ဆက်နွယ်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများမြှင့်တင်ရန် အရေးကြီးလာပါသည်။

ဘ၀ရှင်သန် တိုးတက်မြင့်မားလာစေရေးအတွက် လိုအပ်သော ကျွမ်းကျင်မှု များပြားစွာရှိသည့်အနက် မှန်ကန်စွာ စဉ်းစားဆုံးဖြတ်တတ်သော ကျွမ်းကျင်မှုသည် ဆုံးဖြတ်ချက်များကို ထိရောက်အကျိုးရှိစွာ ဆုံးဖြတ်နိုင်ရန် အထောက်အပံ့ ဖြစ်စေသည်။ ထို့ပြင် ကြုံတွေ့ရမည့်ပြဿနာကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းတတ်သော ကျွမ်းကျင်မှုရှိရမည့်အပြင် မိမိ၏ဘ၀အတွေ့အကြုံ ဖတ်မှတ်သိရှိခဲ့သည့် ဗဟုသုတ အချက်အလက်များဖြင့် ပိုမိုကောင်းမွန်သော လုပ်ဆောင်မှုကို ရွေးချယ်နိုင်သည့် ကျွမ်းကျင် မှုဖြင့် ပေါင်းစပ်ရန်လိုအပ်ပေသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မိမိ၏ စိတ်ခံစားရမှုကို ဦးစားပေးခြင်းမပြုပဲ စိတ်ဖိစီးမှုကို ထိမ်းသိမ်းကာရွေးချယ်မှု အမျိုးမျိုး၏ ကောင်းကျိုး ဆိုးကျိုးများကို ပကတိအတိုင်း ရှုမြင် သုံးသပ်ဝေဖန် ပိုင်းခြားနိုင်မှုရှိမှသာ ဘ၀၏ပန်းတိုင်၊ မျှော်လင့်ချက်ကို အခက်အခံပြဿနာ၊ အဟန့်အတားကို ကျော်လွှားအောင်မြင်နိုင်မည် ဖြစ်ပေသည်။

ထို့ကြောင့် MANA အသင်းကြီးသည် လူငယ်များကို စည်းရုံးပြီး ဘ၀တွက်တာ ကျွမ်းကျင်မှု အတတ်ပညာများကို အချင်းချင်းအပြန်အလှန် တွေ့ဆုံနှီးနှော ဖလှယ်ကာ ပြဿနာများကို မှန်ကန်သော အသိ၊ သတိ၊ ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံတို့ဖြင့် စဉ်းစားဆင်ခြင်တွေးတော ဆုံးဖြတ်ပြီး ဘ၀တိုးတက်မှု ရရှိရေးအတွက် မဆသ လူငယ့်အားမာန်အဖွဲ့ MANA Youth Empowerment Team (MYET) နှင့် မဆသငွေကြယ်ပွင့်လူငယ် MANA Sliver Star Youth (MSSY) တို့ဖွဲ့စည်းဆောင်ရွက်လျက်ရှိသဖြင့် လူငယ်များ လာရောက်ပူးပေါင်းဆောင်ရွက်ကြပါရန် ဖိတ်ခေါ် ပါကြောင်း။

ဦးစောငွေ
MANA ဗဟို   ဒု-ဥက္ကဌ

MANA - MANA ဘာလုပ်နေလဲ အပိုင်း (၁၃)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top