မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း MANA အသင်း ကြီးအနေဖြင့် ရည်မှန်းချက် အမှတ် (၅) မှာ စီမံခန့်ခွဲရေး၊ စီမံကိန်း ရေးဆွဲရေးနှင့် လူ့အရင်းအမြစ် တိုးတက်ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ဖြစ်ပါသည်။
တစ်ဦးတစ်ယောက်သည် အလုပ်တစ်ခုကို တစ်ချိန်တွင် ကောင်းမွန်သေသပ်စွာ လုပ်ဆောင်ရန် လွယ်ကူသလောက် လူအများသည် များပြား ကျယ်ပျံ့လှသော အလုပ်များကို အချိန်တိုင်း သေသပ်တိကျစွာ စံနစ် တကျ အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် လွယ်ကူလှသော ကိစ္စ မဟုတ်ပေ။ သို့သော် ယင်းအခက်အခဲကို (၁) စံနစ်တကျ ဖွဲ့စည်းမှုရှိခြင်း (၂) လုပ်ငန်း ကျွမ်းကျင်ခြင်းနှင့် (၃) စီမံ ခန့်ခွဲရေး စွမ်းရည်ကောင်းခြင်း စသည့်အချက် (၃) ချက်ဖြင့် ကျော်လွှား အောင်မြင်နိုင်ပါသည်။
ဖေါ်ပြပါ အချက် (၃) ချက်တွင် အဓိက အရေးကြီး အချက်အခြာ အကျဆုံးသည် စီမံခန့်ခွဲရေး စွမ်းရည်ကောင်းမွန်ခြင်းပင် ဖြစ်ပါသည်။ ကျန်အချက် (၂) ချက်ဖြစ်သည့် စံနစ်တကျ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ကျွမ်းကျင်မှု ရှိခြင်းတို့ကို အလိုအလျောက် ပေါ်ထွန်းလာစေနိုင်၍ ဖြစ်ပါသည်။ စီမံခန့်ခွဲရေး စွမ်းရည် ဆိုသည်မှာ မည်သည့် အလုပ်ကို လုပ်သည်ဖြစ်စေ၊ ရည်မှန်းချက် တာဝန်ကို အောင်မြင်ပြီးမြောက်သည် အထိ အလုပ်လုပ်နိုင်သော အရည်အချင်းပင် ဖြစ်သည်။
စီမံခန့်ခွဲရေး စွမ်းရည် တစ်နည်းအားဖြင့် အုပ်ချုပ်ရေးစွမ်းရည် ထက်မြက်ရန် အောက်ပါအချက်များ ဆောင်ရွက်ရန် လိုအပ်ပါသည် ယင်းတို့မှာ -
(၁) အချိန်အခါ၊ နေရာနှင့်အညီ မှန်ကန်သော ဆုံးဖြတ်ချက်ကို ပြတ်ပြတ် သားသား ပေးနိုင်ခြင်း၊
(၂) ပြဿနာများကို အပြုသဘောရှိသော အဖြေများနှင့် အဆုံးအဖြတ် ပေးနိုင်ခြင်း၊
(၃) အသင်း၏ ချမှတ်ထားသော မူဝါဒလမ်းစဉ် သဘောတရားများကို ယုံကြည်မှု အပြည့်အ၀ရှိခြင်း၊
(၄) အသင်း၏ လုပ်ငန်းများသည် အများကောင်းကျိုးပြုသည့် အကောင်းပိုင်း ကို မြင်တတ်၍ မှန်ကန်သောအသိဖြင့် မဖြစ်မနေ ဆောင်ရွက်နေရမည်။
(၅) အသိတရားပါ၍ တက်ကြွသော ပညာပေးမှု၊ လေ့ကျင့်မှု ပြုလုပ်ပေးနေရ မည်၊
(၆) စည်းမျဉ်း ဥပဒေနှင့် အညီ နည်းနိသျှမှန်ကန်စွာ ကျင့်သုံးရမည်၊
(၇) ပြည်တွင်းပြည်ပ ရေးရာတို့တွင် စွယ်စုံ အရည်အချင်းရှိပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်း ရှိရမည်၊
(၈) ဖွဲ့စည်းပုံ စံနစ်အရ အဆင့်ဆင့်သော အသင်းများအနေဖြင့် ကွပ်ကဲမှု၊ ကြီးကြပ်မှုနှင့် စည်းရုံးရေး ကောင်းမွန်ရမည်၊
(၉) အဆင့်ဆင့်သော အသင်းများကို ဦးဆောင်ဦးရွက်ပြုသူ အလုပ် အမှုဆောင်များသည် လုပ်ငန်း အကောင်အထည်ဖေါ် လုပ်ဆောင်ရာတွင် အရည်အချင်းပြည့်ဝ၍ စည်းရုံးရေး ကောင်းမွန်ပြီး အကျိုးတူ ရည်မှန်းချက် တူသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ကြရမည်။
သို့ဖြစ်၍ မိမိတို့ MANA အသင်းကြီးအနေဖြင့် စီမံခန့်ခွဲရေး စွမ်းရည် ပြည့်ဝ စေရေးအတွက် အသင်းဝင်အားလုံး အစဉ်အမြဲ ကြိုးစား ဆောင်ရွက်လျက် ရှိနေပါကြောင်း။
(ဦးစောငွေ)
MANA ဗဟို အတွင်းရေးမှူး




