14
Oct

MANA ဘာလုပ်နေလဲ အပိုင်း (၈)

အသင်းအဖွဲ့ တစ်ခု၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များကို အချိန်မီ ပြီးစီး အောင်မြင်ရန်အတွက် အဓိက လိုအပ်ချက်မှာ ထိရောက်သော ကြီးကြပ်ကွပ်ကဲမှု ဖြစ်သည်။ အသင်း၏ လုပ်ငန်းဆောင်တာများမှာ များပြားသည့် အလျောက် ကဏ္ဍအသီးသီး၌ တာဝန်ယူကြရသည့် ပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့၏ လုပ်ငန်းစဉ်များကို ကြိုတင် စဉ်းစားကာ မည်သို့သော လုပ်ငန်းကို မည်သူများနှင့် မည်သည့်အချိန်၊ မည်သို့ ဆောင်ရွက် အကောင် အထည်ဖေါ်ရမည်ကို တွက်ချက်ကာ ဦးစွာပထမ အစီအစဉ် ရေးဆွဲရန် လိုအပ်ပါသည်။

ဆောင်ရွက်မည့် လုပ်ငန်းရပ်ကို စီမံချက်ရှိရှိ အချိန်မီ သတ်မှတ်ချက်ကို ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ရန်အတွက် အကောင်အထည်ဖေါ် လုပ်ကိုင်မည့်သူများကို လုပ်ကိုင်ရမည့် အလုပ်နှင့် လျော်ညီစွာ တတ်ကျွမ်း နားလည် အတွေ့အကြုံရှိပြီး စေတနာရှေ့ထား၍ ကြိုးစားလုပ်ကိုင်မည့် ပုဂ္ဂိုလ်များကို စုစည်းကာ မိမိ၏ စီမံကိန်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စွမ်းကို ထိန်းသိမ်း ကြီးကြပ်ကွပ်ကဲသကဲ့သို့ လုပ်ငန်း ပိုမိုထိရောက် သွက်လက်စေရန် တီထွင်ကြံဆ လုပ်ဆောင်ရန် လိုအပ်ပေသည်။

အစီအစဉ် ရေးဆွဲရာတွင် အသင်း၏ ရည်မှန်းချက် တိကျခိုင်မြဲရမည်။ ရည်မှန်းချက် လွဲချော်သွေဖီမှု မရှိရန် အထူးသတိပြုရမည်။ မိမိတို့ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အကောင် အထည်ဖေါ်နိုင်သည့် စွမ်းရည် ပြည့်ဝစေရမည်။ ဆိုခဲ့သည့် လုပ်ငန်းတာဝန်ကို သမရိုးကျ နည်းဗျူဟာထက် သာလွန်ကောင်းမွန်အောင် လုပ်ငန်း အတွေ့အကြုံမှ သင်ခန်းစာရယူ၍  ပိုမို သာလွန်ကောင်းမွန်သော နည်းဗျူဟာ လုပ်ငန်းစဉ် အသစ်များကို တီထွင်ကြံဆ ဆောင်ရွက်နိုင်စွမ်း ရှိရမည်။

ဦးစီး ခေါင်းဆောင်သူများ အနေဖြင့် မိမိလက်အောက်ရှိ လုပ်ဖေါ်ကိုင်ဖက် အားလုံးကို အသင်း၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန် အမြဲတမ်း ရှင်းလင်းညွှန်ကြား အသိပေးရမည့်အပြင် လုပ်ငန်းစွမ်းရည် ပိုမိုမြင့်မားလာစေရန် အရည်အချင်း မြှင့်တင် ပေးရေး စီမံပေးရမည်။ သို့မှသာ အသင်းအဖွဲ့နှင့် တစ်ဦးချင်းစီ၏ အရည်အသွေးများ တိုးတက်လာပြီး အလုပ်အကိုင်ဆိုင်ရာ ရည်ရွယ်ချက်များ ပိုမိုရရှိနိုင်မည် ဖြစ်သည်။

လူ့စွမ်းအား အရင်းအမြစ် တိုးတက်ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်ရာတွင် အရည်အချင်းမြှင့် သင်တန်းများ ဆောင်ရွက်ပေးမှသာ လူတစ်ဦးချင်းရော အသင်းပါ ဖွံ့ဖြိုး တိုးတက်ပေမည်။ စီမံကိန်း အကောင်အထည်ဖေါ်သည့် ၀န်ထမ်းများ၏ တာဝန်နှင့် ရပိုင်ခွင့်၊ ခံစားခွင့် အားလုံးကို သိရှိနားလည်စေပြီး ၄င်းတို့၏ အရည်အချင်းနှင့် လျော်ညီစွာ တာဝန်ပေးခြင်း၊ လူမှန်နေရာမှန် ခန့်ထားတာဝန်ပေးခြင်းဖြင့် အသင်း၏ ရည်မှန်းချက် လုပ်ငန်း တာဝန်များကို ဆထက်ထမ်းပိုး တိုးတက်အောင်မြင်မည် ဖြစ်သည့်အားလျော်စွာ MANA အသင်းကြီး အနေဖြင့် ဆိုခဲ့သည့်အတိုင်း လိုက်နာ ကျင့်သုံး ဆောင်ရွက်လျက် ရှိပါသည်။

ဦးစောငွေ (ဒု-ဥက္ကဌ)

MANA -  MANA ဘာလုပ်နေလဲ အပိုင်း (၈) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top