“Myanmar is a drug free society” မူးယစ် ကင်းစင်သော လူ့ဘောင် အဖွဲ့အစည်း ဖြစ်စေရန်ဟူသော နိုင်ငံတော် အစိုးရ၏ အန္တိမ ရည်မှန်းချက်ကို အထောက်အကူပြုသည့် အနေဖြင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း MANA ကို ၁၉၉၄ ခုနှစ်မှ စတင်၍ ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။
MANA အသင်း၏ လုပ်ငန်းစဉ်များမှာ အဓိကအားဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ချရေး၊ အန္တရာယ်လျော့ချရေး ဖြစ်ရာ အဆိုပါ လုပ်ငန်းစဉ်များကို အစိုးရမဟုတ်သော လူမှုရေး အသင်းအဖွဲ့တစ်ရပ်အနေဖြင့် ဆောင် ရွက်ရန် အတွက် ပြည်တွင်းပြည်ပမှ အကျိုးတူ၊ ရည်ရွယ်ချက်တူသည့် အဖွဲ့အစည်းများသို့ ဆက်သွယ်ပြီး ပူးပေါင်း ဆောင်ရွက်ရန် အတွက် စီမံကိန်း လုပ်ငန်းစဉ်များကို နှစ်ဦးသဘောတူ ညှိနှိုင်းရေးဆွဲ အကောင် အထည် ဖေါ်ခြင်းအားဖြင့် ငွေကြေးအထောက်အပံ့၊ နည်းပညာ အကူအညီ စသဖြင့် ရရှိသည့်အပေါ် မူတည်၍ ဆောင်ရွက်ခဲ့ပါသည်။
အသင်း စတင်ဖွဲ့စည်းပြီးနောက် ၁၉၉၄ ခုနှစ်မှ စတင်၍ပင် UNDP, Care Australia (ယခု Care Myanmar), VCDC နှင့် ပြည်တွင်းမှ အလှူရှင်များ၏ အထောက်အပံ့ဖြင့် အသင်းဝင်များအပြင် အထက် မြန်မာပြည်နှင့် အောက်မြန်မာပြည်မှ ကျောင်းဆရာ/ဆရာမများအား နည်းပြသင်တန်း၊ အရည်အချင်းမြှင့် သင်တန်း များ ပေးပြီး ကျောင်းသူ/ကျောင်းသားများနှင့် ပြည်သူလူထုအတွင်း မူယစ်ဆေးဝါး၏ ဆိုးကျိုး အာနိသင်ကြောင့် ကပ်ဆိုးကြီးသဖွယ် ကျရောက်ကာ နောက်ဆက်တွဲ ဆိုးကျိုး အဖြစ် ခုခံအားကျဆင်းမှုရောဂါ HIV/AIDS အန္တရာယ်ကျဆင်းရေး၊ မူယစ်ဆေးဝါး၏ ၀င်ပေါက်ဖြစ်သော ဆေးလိပ်နှင့် အရက်တို့၏ အန္တရာယ်ဆိုးများကို အသိပညာပေး လုပ်ငန်းများ မြန်မာပြည်အနှံ့ ကျယ်ပြန့်စွာ ဆောင်ရွက်စေနိုင်ခဲ့ပါသည်။
MANA ၏ လုပ်ငန်းစဉ်များတွင် မူးယစ်ဆေးဝါး သုံးစွဲသူ၊ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းသူ၊ ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်သူ၊ လိင်တူချင်း အကာ အကွယ်မဲ့ ဆက်ဆံသူ စသဖြင့် အန္တရာယ်ရှိသော လူအုပ်စု များအား ဆက်သွယ်ပြီး Drop in Centre (dic) ရိပ်မွန်သို့ ရောက်ရှိလာစေရန် Out reach Worker လက်ကမ်းဝန်ဆောင်မှု ၀န်ထမ်းများမှ ဆက်သွယ် စည်းရုံးခေါ်ဆောင်ပြီး ၄င်းတို့၏ အပြုအမူ၊ အကျင့်အကြံ များ ပြုပြင်ပြောင်းလဲကာ မူးယစ်ဆေးဝါး သားကောင်မှ လွတ်မြောက်ကာ လူမှုပတ်ဝန်းကျင်သို့ ပြန်လည်ဝင်ဆန့်စေကာ လူတစ်ဦးချင်းစီ၏ ၀ါသနာအလျောက် အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးပြီး လိုအပ်သော မတည်ရင်းနှီးငွေများ ထုတ်ပေးကာ လူကောင်းသူကောင်းဘ၀သို့ ပြန်လည် ရောက်ရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ အန္တရာယ်ရှိသူ လူအုပ်စုအား နိုင်ငံအတွက် ပြည်သူပြည်သားကောင်း တစ်ယောက်အဖြစ် တန်ဖိုးရှိစွာ ပြန်လည်ရောက်ရှိရေးအတွက် ဆောင်ရွက်ချက်များကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များသို့ ရှင်းလင်း တင်ပြကာ လိုအပ်သော ကူညီပံ့ပိုးမှု ရရှိစေပါသည်။ ထို့ပြင် ပြည်သူလူထု တစ်ရပ်လုံးသို့ MANA အသင်း၏ ဆောင်ရွက်သည့် လုပ်ငန်းစဉ်မှာ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်ကို သိရှိ သဘောပေါက်ကာ ပူးပေါင်း ပါဝင်လာစေရန်အတွက် အသိပညာပေး ရှင်းလင်းမှုများ ပြုလုပ်ကြရပါသည်။
ထိုသို့ ရရှိသည့် ပြည်တွင်းပြည်ပမှ အထောက်အပံ့ အနည်းငယ်ဖြင့် ဆောင်ရွက်မှု၏ အောင်မြင်မှု ရလာဒ်ကောင်းကြောင့် မိမိတို့ MANA အသင်းအပေါ် ယုံကြည် အားထားမှု ခိုင်မာလာသည့် အလျောက် ၂၀၁၃ ခုနှစ်တွင် UNAIDS အကူအညီဖြင့် HIV ကြိုတင်ကာကွယ်ရေးအတွက် စီမံကိန်းလုပ်ငန်းကို Fund for HIV/AIDS in Myanmar (FHAM) ဖြင့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်နှင့် ရန်ကင်းမြို့နယ် တွင်လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် လည်းကောင်း အကောင်အထည်ဖေါ် ဆောင်ရွက်ခွင့် ရရှိခဲ့ပါသည်။
ဆက်လက်၍ ၂၀၀၅ ခုနှစ်တွင် UNODC ၏ ပူးပေါင်း ပံ့ပိုးကူညီမှုဖြင့် HIV ကာကွယ်ရေး လုပ်ငန်းစဉ်များကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၌ Muse Outreach Project (MOP) အဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ Tachilaik Outreach Project (TOP) အဖြစ်လည်းကောင်း ထပ်မံ တိုးချဲ့ ဆောင်ရွက်ခွင့် ရရှိခဲ့ပါသည်။
ထို့ပြင် ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ UNDP ၏ အကူအညီဖြင့် Global Progrmme – Round (3) တွင် HIV ကာကွယ်ရေး စီမံကိန်း အတွက် FHAM နှင့် Global Fund တို့၏ စီမံကိန်း နယ်မြေဖြစ်သော တာမွေ၊ ရန်ကင်းနှင့် လားရှိုးမြို့များတွင် အားဖြည့်ဆောင်ရွက်ခဲ့ပါသည်။
၂၀၀၇-၂၀၁၂ ခုနှစ်အထိ UNOPS – 3 Diseases Fund Project ကို HIV ပိုး ကူးစက်မှု ကာကွယ်ရေးနှင့် မူးယစ်ဆေး စွဲသူများနှင့် ၄င်းတို့၏ မိသားစုဝင်များ၊ ဆက်နွယ်သူ များကို ကူညီပံ့ပိုး ကုသရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး ရပ်ကွက် (၉)၊ နမ့်ပေါင်နှင့် နောင်မွန်ကျေးရွာ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေနှင့် ရန်ကင်း မြို့နယ် စသည့်နေရာ (၇) နေရာတွင် စီမံကိန်း လုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ရွက် ခဲ့ပါသည်။
ကမ္ဘာ့လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၀၇-၂၀၁၂ ခုနှစ်အထိ ပြည်သူလူထုအတွင်း ကျန်းမာရေး အသိပညာပေးခြင်း၊ HIV ပိုး ကာကွယ်ရေး လုပ်ငန်း စဉ်များ၊ မျိုးဆက်ပွား ကျန်းမာရေး၊ အမူအကျင့် ပြောင်းလဲရေး၊ Condom သုံးစွဲမှု မြှင့်တင်ရေး စသည်တို့ကို နှစ်စဉ် မြို့နယ်(၂၀) ကျော်အား သင်တန်းများပို့ချကာ အသိပညာများ ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။
ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ၏ ကူညီထောက်ပံ့မှုဖြင့် ၂၀၀၈-၂၀၁၂ ခုနှစ်အထိ လူငယ်များအတွင်း HIV ပိုး ကာကွယ်တားဆီးရေး၊ Life Skills Training ဘ၀ တစ်သက်တာ ကျွမ်းကျင်မှု အတတ်ပညာနှင့် မျိုးဆက်ပွားနိုင်သော အမျိုးသမီးများနှင့် အမျိုးသားများအား HIV ပိုး ကူးစက်မှု ကာကွယ်တားဆီးရေး လုပ်ငန်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံနှင့် တာချီလိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ကချင်ပြည်နယ် ဗန်းမော်မြို့တို့တွင် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း UNOPS Global Fund Round (9) Project ကို HIV ကာကွယ် တားဆီးရေး စီမံချက်လုပ်ငန်း အဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နှင့် ကွတ်ခိုင်တို့တွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။
ဦးစောငွေ (ဒု-ဥက္ကဌ)
MANA - MANA ဘာလုပ်နေလဲ အပိုင်း (၉)




