29
Apr

MANA ဘာလုပ်နေသလဲဆိုတော့ အပိုင်း (၁၄)

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်သည် ယနေ့ ကမ္ဘာသူ ကမ္ဘာသားများနေ့ တစ်ဓူဝ တွေ့ကြုံရင်ဆိုင်ဖြေရှင်းနေရသော ကပ်ဆိုးကြီးဖြစ်ပေသည်။ အဓိကအားဖြင့် ငြိမ်သက်စေသောဆေး၊ တက်ကြွစေသောဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဟူ၍ မူးယစ်ဆေး အမျိုးအစား (၃) မျိုးရှိသည်။ ငြိမ်သက် စေသော ဆေးများသည် ကိုယ်ခန္ဓာနှင့် ဦးနှောက်ကို နှေးကွေးစေသည်။ များများသုံးစွဲမိလျင် ထုံထိုင်းလာပြီး အိပ်ငိုက်လာသည်။ တက်ကြွစေသောဆေးများသည် အားအင် ပိုမိုရှိလာပြီး လူအား ဖျတ်လတ်စေသည်။ စိတ်ကို ပြောင်းလဲစေသော ဆေးများက အသိ၊ အမြင်၊ အကြား၊ အရသာ၊ အနံ့ အာရုံများကို ပြောင်းစေသည်။

မူးယစ်ဆေးဝါးကို လူသားတို့ အကျိုးအတွက် မှန်ကန်စွာ အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ခွဲစိတ်ကုသရာ တွင်လည်းကောင်း၊ ထိခိုက်ဒဏ်ရာ အနာတရ ရလျှင်သော်လည်းကောင်း၊ ပြင်းထန်စွာ နာကျင်ကိုက်ခဲသည့် ဝေဒနာမှ သက်သာစေနိုင်သည်။ မူးယစ်ဆေးဝါးကို  အလွဲသုံးစွဲပါက လူတစ်ဦး တစ်ယောက် သုံးစွဲလိုက်ပါက ထိုသူ၏ ထင်မြင်ယူဆချက်၊ စိတ်နေသဘောထား၊ အတွေးအခေါ်၊ အမူအကျင့်များကို ပြောင်းလဲစေနိုင်သဖြင့် မူးယစ်ဆေးဝါး ဟုခေါ်သည်။ မူးယစ်ဆေးဝါးများကို စားသောက် သုံးစွဲခြင်း၊ ရှုရှိုက်ခြင်း၊ သွေးကြောထဲ ထိုးသွင်းခြင်း စသဖြင့် အမျိုးမျိုး အလွဲသုံးစားပြုနေကြပေသည်။

မူးယစ်ဆေးဝါးများကို စားသောက်သုံးစွဲလိုက်ပါက ဆေးဝါးများသည် အစာအိမ်နှင့် အူနံရံမှ တစ်ဆင့် သွေးထဲသို့ ရောက်ရှိသွားသည်။ မူးယစ်ဆေးဝါး ပါဝင်သော ဆေးများသည် နှလုံးမှ ဦးနှောက်နှင့် ဗဟိုအာရုံကြောစံနစ်သို့ မပို့လွှတ်ခင် အသည်းနှင့်နှလုံးကို ဖြတ်သန်း စီးဆင်းသွားသဖြင့် စားသောက် သုံးစွဲသော ဆေးဝါးများ၏ အမျိုးအစားပေါ် မူတည်ပြီး (၁၀) မိနစ်မှ နာရီဝက်အတွင်း တစ်ဖြည်းဖြည်း သက်ရောက်မှုရှိကြောင်း  ပညာရှင်များက ဆိုကြသည်။
ကော်၊ ဓါတ်ဆီနှင့် အခြားပျော်ဝင်စေနိုင်သော ဒြပ်ပစ္စည်းများမှ ထုတ်လွှင့်သော အခိုးအငွေ့များ၊ မူးယစ် ဆေးဝါးများကို မီးရှို့ရာမှ ထွက်ပေါ်လာသည့် အခိုးအငွေ့များကို ရှုရှိုက်ရာတွင် နှာခေါင်းဖြင့်လည်းကောင်း၊ ပါးစပ်ဖြင့်လည်းကောင်း၊ ရှုရှိုက်ရာမှ ယင်းအခိုးအငွေ့များသည် အဆုတ်နှင့်သွေးကြော တို့ကို ဖြတ်သန်းကာ နှလုံးနှင့် ဦးနှောက်ဆီသို့ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း တိုက်ရိုက်ရောက်သွားသည်။ ပေါင်ဒါမှုန့်အသွင်ရှိသော မူးယစ်ဆေးဝါးများကို နှာခေါင်းမှ တိုက်ရိုက် တွေ့ရှုကြသည်။ ထိုဆေးဝါးများသည် နှာခေါင်းအတွင်းရှိ အမှေးပါးမှ တစ်ဆင့် သွေးကြောထဲသို့ ရောက်ရှိသွားသည်။

မူးယစ်ဆေးဝါးကို အရည်ဖျော်၍ သွေးကြောထဲသို့ တိုက်ရိုက်သော်လည်းကောင်း၊ ကြွက်သား၊ အဆီ တစ်သျူးအတွင်းသို့ လည်းကောင်း၊ အရေပြားအောက်သို့ ရောက်ရုံသော်လည်းကောင်း ဆေးထိုးအပ်၊ ဆေးထိုးပြွန် အသုံးပြု၍ ထိုးသွင်းတတ်ကြရာ သွေးကြောထဲသို့ တိုက်ရိုက် ထိုးသွင်းခြင်းသည် မူးယစ်ဆေးဝါး သုံးစွဲမှု ပုံစံများအနက် အမြန်ဆုံးနှင့် အထိရောက်လွယ်ဆုံးဖြစ်ရာ စက္ကန့်ပိုင်းအတွင်း အကျိုးအာနိသင် ခံစားမှု  ဖြစ်ပေါ်စေသည်။ မူးယစ်ဆေးဝါး သုံးစွဲသူများအနက် လူငယ်လူရွယ်များအနေဖြင့် စူးစမ်းလိုစိတ်၊ ဆေးလိပ်၊ အရက် ကြော်ငြာများ၊ အနုပညာရှင်များ၏ သရုပ်ဆောင်မှုများကို အတူယူရာမှ လည်းကောင်း၊ ပြဿနာကို ရင်ဆိုင် ဖြေရှင်းမည့် အစား မေ့ပျောက်စေရန်၊ ပျော်ရွှင်စေရန်၊ ကိုယ်လက်နာကျင်ကိုက်ခဲမှု သက်သာလျော့ပါးစေရန်၊ အနားယူရန် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲလာကြခြင်း ဖြစ်ပေသည်။

ထိုသို့ မူးယစ်ဆေးဝါးကို သုံးစွဲလာသဖြင့်  မူးယစ်ဆေးဝါးကို ရူးရူးမူးမူး စွဲလမ်းခြင်း၊ စီးပွားရေး လုပ်ငန်း ကိုင်ငန်းများ ပျက်စီးဆုံးရှုံးခြင်း၊ ပညာရေး တစ်ပိုင်းတစ်စဖြင့် ဆုံးခန်းတိုင်မရောက်ခြင်း၊ တရားမ၀င် ဆေးဝါးများ သုံးစွဲနေသဖြင့် ဥပဒေရေးရာ ပြဿနာများနှင့် ကြုံတွေ့ရင်ဆိုင်ရခြင်း၊ မိသားစုနှင့် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၏ ပစ်ပယ်ခံရခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းခြင်း၊ ကျန်းမာရေးချို့.ယွင်းလာခြင်း၊ စိတ်ဓါတ်ကျဆင်းလာခြင်း၊ မူးယစ်ဆေး အကြောထဲထိုးသွင်းသည့် အလေ့အကျင့်မှ တစ်ဆင့် ခုခံအား ကျဆင်းမှု HIV/AIDS ရောဂါ ကူးစက်နိုင်ခြင်း၊ မှန်ကန်စွာ စဉ်းစားတွေးခေါ်မှု မပြုနိုင်တော့ခြင်း စသည့်  ------------- စသည့် ဆိုးကျိုးအာနိသင်များ မလွဲမသွေ ရင်ဆိုင်တွေ့ကြုံရမည် ဖြစ်ပေသည်။
သို့ဖြစ်၍  " မူးယစ်စွဲသုံး လူညွန့်တုံး၊ ဆုံးရှုံးဘ၀ ကာကွယ်ကြ " ဟူသော ဆောင်ပုဒ်နှင့်အညီ ပြုမူနေထိုင် သွားကြရန် အစဉ်အမြဲ သတိကြီးစွာထား၍ ဆောင်ရွက်ရန် MANA အသင်းဝင်များအနေဖြင့် ကြိုးစား၍ ကျန်းမာရေးပညာပေးမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ဦးစောငွေ
MANA ဗဟို (ဒု-ဥက္ကဌ)

MANA - MANA ဘာလုပ်နေသလဲဆိုတော့ အပိုင်း (၁၄)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top