မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းကြီးအနေဖြင့် Drug Demang Reduction မူးယစ်ဆေးဝါး အလွဲသုံးမှု လျှော့ချရေးနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သော မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ခုခံအားကျဆင်းမှုရောဂါ HIV/AIDS ရောဂါ အန္တရာယ်လျှော့ချရေး လုပ်ငန်းစဉ်များကို ပြုလုပ်ရာ၌ လူငယ်ကဏ္ဍနှင့် အမျိုးသမီး ကဏ္ဍများကို လစ်ဟာမှုမရှိစေဘဲ အလေးထားဆောင်ရွက်ပါသည်။
လူငယ်ကဏ္ဍနှင့် ပတ်သက်၍ MANA Youth Empowerment Team (MYET) မဆသ လူငယ့်အားမာန် အဖွဲ့ကို ၂၀၀၂-ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင် စာအမှတ် ၁၁၀၀ (၂၉၉၄)/၄၄၃/ဦး-၄ ဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (မူးယစ်ဗဟို) ၏ ညွှန်ကြားချက်အရ မူးယစ်ဆေးဝါးပြစ်မှုဖြင့် ရွှေပြည်သာ လူငယ်ပြုစု ပျိုးထောင်ရေးဌာနတွင် သင်တန်း တက်ရောက်နေဆဲနှင့် တက်ရောက်ပြီး သူများအား ပြစ်ဒဏ်မှ လျှော့ပေါ့ပြီး ၄င်းတို့၏ဘ၀ မြှင့်တင်ရေး အတွက် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းသို့ လွှဲပြောင်းပေးသဖြင့် YET လူငယ့်အားမာန်အသင်း စတင် ပေါ်ပေါက်ခဲ့သည်။
သို့ဖြစ်၍ MYET လူငယ့် အားမာန်အဖွဲ့ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြင့် ကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းကာ YET အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးပြန်လည် မသုံးစွဲရေး၊ ရေရှည်တည်တံ့သော အမူအကျင့်ပြောင်းလဲရေး၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာဘ၀ တိုးတက်မြင့်မားရေး၊ နိုင်ငံတော်၏ အင်အားစုတစ်ရပ် ဖြစ်ပေါ်ရေးတို့ကို အစဉ်တစ်စိုက် ကြပ်မတ် ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဒုတိယ လူငယ်အဖွဲ့မှာ MANA Jasmine Youth (MJY) မဆသ စပါယ်ဖြူလူငယ် အဖွဲ့ ဖြစ်ပါသည်။ ရှေးဦးစွာ အင်္ဂလိပ် စကားပြောသင်တန်းကို အမေရိကန်အခြေပြု Latter Day Saint Charity (LDSC) အဖွဲ့မှ အငြိမ်းစား တက္ကသိုလ်ပါမောက္ခများမှ ဦးဆောင်၍ MANA လူငယ်အသင်းဝင် များကို MANA ရုံးချုပ် သင်တန်းခန်းမ၌ တစ်ပါတ် (၃) ရက် နံနက် (၇း၀၀) နာရီမှ (၈း၃၀) နာရီအထိ ဖွင့်လှစ်ပို့ချခဲ့ရာ ယနေ့အထိ စဉ်ဆက်မပြတ် ပို့ချလျက် ရှိပါသည်။
အဆိုပါ အင်္ဂလိပ် စကားပြောသင်တန်းမှ နည်းပြဆရာများ၏ ကူညီပံ့ပိုးမှုဖြင့် လက်ထိုးရုပ်များ ရရှိခဲ့ရာမှ မူးယစ်ဆေးဝါးဆန့်ကျင်ရေး၊ HIV/AIDS ကာကွယ်ရေး၊ မူးယစ်ဆေးဝါး၏ ၀င်ပေါက်ဖြစ်သော ဆေးလိပ်၊ အရက် စသည့် ဆိုးကျိုး အန္တရာယ်များကို အသိပညာပေး လက်ထိုးရုပ်သေး အဖွဲ့ MANA Educational Puppet Shows for Prevention of Drugs, Substance Abuse and HIV/AIDS နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားဖိတ်ခေါ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ သွားရောက်ပြီး အ.ထ.က၊ အ.လ.က၊ အ.မ.က ကျောင်းမှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသူ၊ ကျောင်းသားများကို အဓိကထား၍ ပြသပေးလျက် ရှိပါသည်။ ရပ်ကွက်၊ ကျေးရွာနှင့် စက်ရုံ အလုပ်ရုံမှ ပြည်သူလူထု အပါအ၀င် လူငယ်များကိုလည်း ဖိတ်ကြားသည့်အခါတိုင်း သွားရောက်ပြီး ပညာပေးပြပွဲ ပြုလုပ်လျက်ရှိရာ အထူးနှစ်ခြိုက် အားပေးခဲ့သည်နှင့်အမျှ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် ဆေးလိပ်၊ အရက် စသည့် ဆိုးကျိုးအန္တရာယ်ကို သိရှိရှောင်ကြဉ်စေနိုင်မည့် မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေးကို ဆောင်ရွက် လျက်ရှိပါသည်။
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတစ်ဝှမ်းလုံး၌ မူးယစ်ဆေးဝါး သုံးစွဲသည့်ဓလေ့သည် အသက်အရွယ် အပိုင်းအခြားအားဖြင့် အသက်(၁၄) နှစ်၊ (၁၅) နှစ်မှသည် အသက် (၂၅) နှစ်ကျော် (၃၀) ပိုင်းအထိ လူငယ်များ အတွင်း အလေ့အထ အမူအကျင့် ဖြစ်လာခဲ့ပါသည်။ စိတ္တဗေဒအရ ထိုအရွယ်အပိုင်းတွင် စူးစမ်းလိုမှု၊ အပေါင်းအသင်းများ၏ တိုက်တွန်းဆွဲဆောင်မှု၊ ပတ်ဝန်းကျင်၏ စေ့ဆော်မှုတို့ကြောင့် ဖြစ်ပါသည်။
ဆိုသည့်အတိုင်း အသိပညာပေးဟောပြောမှုများ ပြုလုပ်ရန် လိုအပ်လာပါသည်။ အသိပညာပေး ရာတွင် လူကြီးများက လူငယ်များကို အသိပညာပေးခြင်းထက် လူငယ်အချင်းချင်း ဦးတည်အုပ်စုထားလျက် ဆွေးနွေးစေ ခြင်းမှာ ပိုမို ထိရောက် အောင်မြင်မှုရှိပါသည်။ လူငယ်အချင်းချင်း ဆွေးနွေးစေခြင်း အပြင် လူကြီးနှင့်လူငယ် နှစ်ဖက် အပြန်အလှန်ဆွေးနွေးစေခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ရန်အတွက် MANA Silver Star Youth (MSSY) မဆသ ငွေကြယ်ပွင့် လူငယ်အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါသည်။
MSSY အဖွဲ့မှ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုနှင့် ပတ်သက်သည့် အသိပညာ ပြန့်ပွားလာစေရန် အတွက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ကျပန်းစကားပြောပြိုင်ပွဲကို အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် နှစ်စဉ် ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မြန်မာပြည်အနှံ့မှ လူငယ်ကျောင်းသား ထုနှင့် စိတ်ပါဝင်စားသူ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာနိုင်စေရန်အတွက် ၂၀၁၂ ခုနှစ်မှစ၍ အလွတ်တန်း ဆောင်းပါး၊ ကဗျာပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းနှင့် မူလတန်း ကျောင်းသားငယ်များအတွက် ပန်းချီ။ ကာတွန်းပြိုင်ပွဲများကို မူးယစ်ဆိုက၊ ဆန့်ကျင်ကြ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်စေခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပါဝင်ယှဉ်ပြိုင် ကာ အနယ်နယ်အရပ်ရပ်မှ ဆုများအသီးသီး ဆွတ်ခူးရရှိခဲ့ပါသည်။ တိုသို့ နယ်အသီးသီးမှ ဆုရရှိခြင်းသည် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်ကို သိရှိပြီး ရှောင်လေဝေးဝေး မူးယစ်ဆေး အဖြစ် လူငယ်ထုအတွင်း ပျံ့နှံ့ထိရောက်စွာ အသိပညာပေးနိုင်ခဲ့ကြောင်း တင်ပြပါသည်။
ဦးစောငွေ
ဒု-ဥက္ကဌ (MANA ဗဟို)




