24
Jun

Marvelon (မာဗယ်လွန်) တားဆေး

ဆရာ ကျမ အသက် ၂၄ နှစ်ပါ။ အိမ်ထောင်ကျတာ (၈) လ ရှိပါပြီ။ ခုထိ ကလေးမရသေးလို့ပါ။ ဆရာရဲ့ "ကလေးမရနိုင်သေးခြင်း" အကြောင်းအရာတွေကိုလဲ ဖတ်ပြီးပါပြီ။ အိမ်ထောင်ကျခါစက Marvelon-28 ကို (၂) ကဒ် တော့သောက်ခဲ့ဖူးပါတယ်ဆရာ။ ဒီဆေးကြောင့်ပဲ ကလေးမရသေးတာလားဆိုတာကို သိချင်ပါတယ်ဆရာ။

• Marvelon (Desogestrel - Ethinyl estradiol) ထဲမှာ Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတယ်။ 21-day pack ၂၁ လုံးပါကပ်နဲ့ 28-day pack ၂၈ လုံးပါတာရှိတယ်။
• Marvelon 21 ထဲမှာ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg ပါတယ်။
• Marvelon 28 ထဲမှာ အဲဒါတွေအပြင် Hydroxypropyl methylcellulose, Indigotine blue, Iron oxide, Lactose, Magnesium stearate, Polyethylene glycol, Starch, Titanium dioxide နဲ့ Talc တွေပါတဲ့ ဆေး ၇ လုံးပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကိုဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေသွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန်သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။
• တားဆေးကိုပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။

WebMD Health News ၂၇-၉-၂ဝဝ၂
သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၎% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ့၅% ကသာ အဲလိုဖြစ်တယ်။ နောက်တနှစ်အထိ စောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။ ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၎% သာ ကလေးရလာကြတယ်။

ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေးသောက်တာ ရပ်လိုက်တဲ့နောက် ဘယ်လောက်ကြာမှ ကိုယ်ဝန်ရနိုင်သလဲ။
• ဂျာမန် တက္ကသိုလ်က အဖြေထုတ်တာကတော့ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ မ-မျိုးဥပြန်ထွက်လာနိုင်သူ ၅၇့၉% ရှိတယ်။ ၁ဝ့၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ စမ်းသပ်ခဲ့တဲ့ ဆေးမသောက်သူထဲက ၃့၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လို ပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။
• တချို့မှာ စောင့်စရာမလိုပါ။ တချို့က ခဏစောင့်ရမယ်။ ရာသီလာတာ ပုံမှန်ဖြစ်လာအောင် ထိန်းညှိနေအုံးမယ်။ တချို့ တနှစ်လောက် စောင့်ရနိုင်တယ်။ ဆေးရပ်လိုက်ပေမဲ့ ဆေးသတ္တိကျန်နေသေးအုံးမယ်။ ကိုယ်ဝန်ရဘို့ ပျမ်းမျှ ၂-၃ လ ကြာ စောင့်ရတတ်တယ်။
• တားဆေး သောက်သူတွေထဲမှာ တခါမှ ကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊ နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့ သူများထက် စောနိုင်တယ်။ ကလေးလဲမယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင်တယ်။

ဒေါက်တာတင့်ဆွေ

ဒေါက်တာတင့်ဆွေ - Marvelon (မာဗယ်လွန်) တားဆေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top