၁၉၈၀ နှောင်းပိုင်းကစပြီး ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားလာခဲ့တဲ့
အိပ်ခ်ျအိုင်ဗွီ HIV ဟာ အခုဆိုရင် ကမ္ဘာတစ်ပတ် ပတ်ပြီး အောင်လံ လွှင့်နေဆဲ ဖြစ်ပါတယ်။
၁၉၈၁ကနေ ခုထိ နှစ်ပေါင်း ၂၈နှစ် အတွင်းမှာ ကမ္ဘာတစ်လွှား အိပ်ခ်ျအိုင်ဗွီကြောင့်
သေဆုံးရသူပေါင်း ၂၅သန်း ၀န်းကျင်တောင် ရှိသွားပြီဖြစ်ပါတယ်။ အာဖရိကမှာတော့ အိပ်ခ်ျအိုင်ဗွီကြောင့်
ကလေးသူငယ် ၁၁.၆ သန်းခန့်ဟာ မိဘမဲ့ဖြစ်ခဲ့ရပါပြီ။
၂၀၀၇ နှစ်ကုန်မှာ ကမ္ဘာ့အမျိုးသမီးဦးရေရဲ့ ထက်ဝက်ဟာ အိပ်ခ်ျအိုင်ဗွီနဲ့
နေထိုင်နေတယ်လို့ ဆိုပါတယ်။ အသက် ဆယ့်ငါးနှစ်အောက် လူငယ်ဦးရေ နှစ်သန်းဟာလည်း အိပ်ခ်ျအိုင်ဗွီ
ကူးစက်ခံ နေရပြီး အသက်၂၀ နဲ့ ၂၄နှစ်ကြား လူငယ်တွေ သေဆုံးရခြင်း အကြောင်းရင်းထဲမှာ ဒုတိယ
အဖြစ်များဆုံး အကြောင်းရင်းဟာ အေအိုင်ဒီအက်စ် ဖြစ်နေပါတယ်။
သည်တော့ အိပ်ခ်ျအိုင်ဗွီဟာ ကမ္ဘာကို အမှန်တကယ် ခြိမ်းခြောက်နေတဲ့
ပြဿနာ တစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရောဂါဖြစ်သူ သုံးသန်းနီးပါးသာ
လိုအပ်တဲ့ ARV ဆေးဝါးကို
သုံးစွဲခွင့်ရနေပြီး ရောဂါဖြစ်သူ ဆယ်သန်းကတော့ ဆေးဝါးသုံးစွဲခွင့် လုံးဝမရဘဲ ဖြစ်နေပါတယ်။
လက်ရှိမှာလည်း ကမ္ဘာတစ်လွှား အိပ်ခ်ျအိုင်ဗွီရှိနေသူဟာ သုံးဆယ့်သုံးသန်း
တောင်ရှိနေပြီး ရောဂါ ကူးစက်ခံရသူ အသစ်အရေအတွက်ဟာလည်း နှစ်သန်းခုနစ်သိန်းလောက် ရှိပါတယ်။
ကမ္ဘာ့ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ နေရသူတွေထဲမှာ တောင်အာဖရိကက အများဆုံး (၂၂ သန်းခန့်)
ဖြစ်ပြီး ဒုတိယ အများဆုံးကတော့ အာရှ (၅ သန်းခန့်)ဖြစ်ပါတယ်။
စိတ်ဝင်စားဖို့ ကောင်းတာကတော့ မြောက်အာဖရိကနဲ့ အာရှအရှေ့အလယ်ပိုင်း
ဒေသမှာ အိပ်ခ်ျအိုင်ဗွီ ဖြစ်သူ (သုံးသိန်းရှစ်သောင်းခန့်) အင်မတန် နည်းတာပါပဲ။ အာဖရိကတိုက်
တစ်ခုတည်း၊ အာရှ တိုက်တစ်ခုတည်းမှာတင် အိပ်ခ်ျအိုင်ဗွီဟာ အသွင်နှစ်မျိုး ဖြစ်နေတာပါ။
အဲဒီ ကွဲပြားမှုကို သေချာ ဆန်းစစ်ကြည့်မယ် ဆိုရင်တော့ အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှု နည်းပါးတဲ့
မြောက်အာဖရိကနဲ့ အာရှအရှေ့ အလယ်ပိုင်း ဒေသတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြီးစိုးလေ့ရှိတဲ့
နေရာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့်တော့ အဲဒီဒေသတွေမှာ လူတွေဟာ အိပ်ခ်ျအိုင်ဗွီကြောင့်ထက်
စစ်၊ အသေခံ ဗုံးခွဲမှုစတဲ့ အကြောင်းတွေကြောင့် သေဆုံးတတ်ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အာဖရိကနဲ့
အာရှဟာ ကပ်သုံး ပါးလုံးနဲ့ မကင်းတဲ့နေရာ ဖြစ်မြဲဖြစ်နေခဲ့ပါတယ်။
အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ရင် နိုင်ငံ အသီးသီး၊ အဖွဲ့အစည်း အသီးသီးက
နည်းအသွယ်သွယ်နဲ့ ရင်ဆိုင် နေကြပေမယ့် အပြီးတိုင် ပျောက်ကင်းအောင် စွမ်းဆောင် ပေးနိုင်တဲ့
ဆေးဝါးမျိုး မရှိသေးတဲ့အတွက် ပြဿနာအဖုံဖုံဟာ ကမ္ဘာအနှံ့မှာ ရှိနေဆဲဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ အိပ်ခ်ျအိုင်ဗွီကြောင့်
ဖြစ်လာမယ့် အေအိုင်ဒီအက်စ် ဝေဒနာတွေကို သက်သာအောင် စွမ်းနိုင်တဲ့ ဆေးဝါးတွေနဲ့ တခြားလိုအပ်တဲ့
အာဟာရလိုမျိုး ဆောင်ရန်၊ ရှောင်ရန်တွေကို ပံ့ပိုးညွှန်ကြားဖို့ အတော့်ကိုလွယ်ကူလှပါတယ်။
ငွေကြေး ချို့ငဲ့သလို Infrastructure လို့ခေါ်ရမယ့် အခြေခံ လူမှုအဆောက်အအုံ ခိုင်မာတောင့်တင်းမှု မရှိတဲ့
ဖွံ့ဖြိုးဆဲနဲ့ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေမှာတော့ ARV ဆေးအလုံအလောက် ရဖို့နဲ့ တခြား လိုအပ်တဲ့ ရှောင်ရန်၊ ဆောင်ရန်၊
အာဟာရ စတာတွေ ရနိုင်ဖို့ဟာ အခုအချိန်ထိ အတော့်ကို ခဲယဉ်းနေသေးတာပါ။ ဒါကြောင့်လည်း အိပ်ခ်ျအိုင်ဗွီဖြစ်တာချင်းတူဦးတော့
အိပ်ခ်ျအိုင်ဗွီကြောင့် သေရတဲ့ အရေအတွက်ဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုပေါ်မှာ မူတည်ပြီး
ကွာခြားနေမြဲ ဖြစ်ပါတယ်။
အိပ်ခ်ျအိုင်ဗွီ ရှိသူတွေကို ခွဲခြားနှိမ်ချမဆက်ဆံကြဖို့ ပြောနေကြပေမယ့်
ဒီလို ပြဿနာတွေကတော့ ရှိနေမြဲဖြစ်ပါတယ်။ ပိုးမရှိသူတွေက ရှိသူတွေ အပေါ် ခွဲခြားနှိမ်ချ
ဆက်ဆံတဲ့ ပြဿနာကို ဇောင်းပေး နေကြချိန်မှာ ပိုးရှိသူတစ်ဦးက ပိုးမရှိသူ အမျိုးသမီးတစ်ဦးကို
သူ့မှာ ပိုးရှိကြောင်း ထုတ်မပြောဘဲ အဓမ္မကျင့်မှု တစ်ခုလည်း မကြာသေးခင်က သြစတြေးလျမှာ
ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဦးလုံးက အာဖရိကသားတွေ ဖြစ်ပြီး အခုတော့ တရားရုံးမှာ တရားရင်ဆိုင်နေပါပြီ။
ဒီတော့ အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ရင် လူတိုင်းမှာ အသိ ကိုယ်စီရှိကြဖို့လိုတာ ထင်ရှားပါတယ်။
ပိုးမရှိသူတွေအနေနဲ့ ပိုးရှိသူတွေ အပေါ် ခွဲခြားနှိမ်ချ ဆက်ဆံမှုမဲ့စွာ
ဖေးမဖို့လိုမှာ ဖြစ်သလို ပိုးရှိသူတွေ အနေနဲ့လည်း မရှိသူတွေအပေါ် စာနာမှုနဲ့ အတူ စေတနာ
ထားကာ ကိုယ့်လို မဖြစ်စေ ရဆိုတဲ့ အသိနဲ့ ဆက်ဆံပေးဖို့လိုမှာ ဖြစ်ပါတယ်။ အထူးသဖြင့်
အာရှတိုက်ဟာ အိပ်ခ်ျအိုင်ဗွီ အဖြစ်များတဲ့ နေရာလည်းဖြစ်၊ ဖွံ့ဖြိုးမှုနည်းတဲ့ နေရာလည်း
ဖြစ်တာမို့ အာရှတိုက်သားတွေဖြစ်တဲ့ ဖူးငုံတို့ အနေနဲ့ မြန်မာ့ယဉ်ကျေးမှု စံတစ်ခုဖြစ်တဲ့
ကိုယ်ချင်းစာတရားကို လက်ကိုင်ထားကာ အိပ်ခ်ျအိုင်ဗွီကို ခုခံရေးမှာ အသိတရားကိုယ်စီ ထားရှိကြစေလိုကြောင်း
အသိပေး လိုက်ရပါတယ်။
ဆယ်ကျော်သက်မဂ္ဂဇင်း - Message to Teen




