20
Aug

MPG များရဲ့ စိတ်ခွန်အား



ကမ္ဘာ့နိုင်ငံအသီးသီးက
ကျန်းမာရေးဝန်ကြီးတွေ တွေ့ဆုံပြီး AIDS ရောဂါ တိုက်ဖျက်ရေးမှာ ကမ္ဘာ့လူသားအားလုံးက အလေးထားမှုနဲ့
သွေးစည်းညီညွှတ်မှုကို ပြသနိုင်ဖို့ဆိုတဲ့ စိတ်ကူးရည်ရွယ်ချက်နဲ့ နှစ်စဉ် ဒီဇင်ဘာလ ၁
ရက်နေ့ကို ကမ္ဘာ့အေအိုင်ဒီအက်(စ်) နေ့အဖြစ် သတ်မှတ်ဖို့ ၁၉၈၈ ခုနှစ်ကစပြီး သဘောတူညီ
ခဲ့ကြပါတယ်။ နိုင်ငံအသီးသီးမှာ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၁ ရက်နေ့ ကျရောက်တိုင်းမှာ
အေအိုင်ဒီအက်(စ်) အထိမ်းအမှတ်ပွဲ၊ အခမ်းအနားပွဲတွေ ကျင်းပ လာခဲ့လိုက်ကြတာ အနှစ် ၂၀
တောင် တိုင်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာလည်း ကိုယ်စွမ်း ကိုယ်စ ရှိသလောက်လေးနဲ့ ပွဲလေးတွေကို
ကျင်းပလေ့ရှိကြပါတယ်။

၁၉၇၉
ခုနှစ်က ဒီဇင်ဘာ ၁ ရက်နေ့ကို ကျောက်ရောဂါရှင်များအတွက်လို့ သတ်မှတ်ထားခဲ့ရာက အခုတော့
ကျောက်ရောဂါရှင်တွေ နည်းပါးသွားပြီး၊ ကူးစက်ရောဂါချင်းတူတဲ့ အေအိုင်ဒီအက်(စ်) အတွက်
ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ ဒေါက်တာစစ်နိုင် ပြောတာကို ဒီဇင်ဘာ ၂ ရက်နေ့က စိမ်းလန်းစိုပြည်
ဥယျာဉ်မှာ ကြားခဲ့ရပါတယ်။ အဲဒီနေ့က ရန်ကုန်မြို့ MPG (Myanmar Positive Group) ကနေ
ဦးဆောင်ပြီး ကမ္ဘာ့အေအိုင်ဒီအက်(စ်) နေ့ အခမ်းအနားကို ကျင်းပခဲ့တာပါ။ သူတို့ကို စာနာကူညီစွာနဲ့
ပံ့ပိုး ကူညီသူတွေက UNAIDS, UN OPS, Alliance တို့ပဲ ဖြစ်ပါတယ်။

အကြမ်းအားဖြင့်
လူနှစ်ဦး ဆေးကုသမှု ခံယူခွင့် ရရှိတိုင်းမှာ လူ ၅ ဦးထပ်မံပြီး ရောဂါကူးစက် ခံနေရသတဲ့။
ဒီအခန်းကို စတင်ဝင်ရောက်တဲ့ အချိန်ကစပြီး စိတ်တွေကို ထိန်းချုပ်တာရော၊ ဖြေလျော့တာရောကို
တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ရပါတယ်။ နိုင်ငံအသီးသီးမှာ အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေးပညာပေး
လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နေပေမယ့် ရောဂါကူးစက်မှု နှုန်းက ဆက်လက်မြင့်မား လျက်ရှိတယ်။
အိခ်ျအိုင်ဗွီပိုး ရှိသူတွေကို ပြစ်တင်ရှုံ့ချခြင်း၊ ခွဲခြားဆက်ဆံခြင်း တွေကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေ
ရည်မှန်းထားတဲ့ Universal Access ပန်းတိုင်ကို ရရှိစေဖို့ အဟန့်အတား ဖြစ်နေပါတယ်တဲ့။
ဒါကြောင့်ကိုယ့်ရဲ့ မသိစိတ်တစ်ခုနဲ့ ပြုလုပ်လိုက်မိတဲ့ အပြုအမူ၊ စကားသံ၊ လှုပ်ရှားမှု
တစ်ခုခုကများ အဲဒီအချက်တွေနဲ့ သွားပြီး ကိုက်ညီနေမှာ စိုးရိမ်စိတ်နဲ့ ထိန်းသိမ်းခဲ့ခြင်းဟာ
သူတို့လေးတွေ အတွက် စိတ်သက်သာရာ အနည်းငယ် ရရှိ သွားစေချင် တာကြောင့်ပါ။

တကယ့်တော့
ဒီဇင်ဘာ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ World AIDS Day အခမ်းအနားဟာ အရာရာမှာ လေ့လာတတ်ပြီး
လုပ်ချင်စိတ်တစ်ခု တည်းကိုသာ ရှေ့တန်းတင်တတ်တဲ့၊ အမြဲနိုးကြား ဖြတ်လတ် သွေးကြွနေတဲ့
လူငယ်လေးတွေကို ရည်ညွှန်းပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဒီရောဂါ အများဆုံး ကူးစက်ခံနေရတာဟာ
လူငယ်တွေ များပါတယ်တဲ့။ သတိရှိသင့်ကြပါပြီ။ အခုဆိုရင် ကျန်းမာရေးအဖွဲ့တွေ အများကြီးကလည်း
သိလိုသမျှတွေကို ရှင်းပြနေကြပြီ။ ဘာ့ကြောင့်၊ ဘာ့အတွက် ဒီလိုမျိုးတွေ ဖြစ်တယ်ဆိုတာကိုလည်း
သိသင့်သလောက် အားလုံးလိုလို သိနေကြပြီ။ အရင်ကဆို ခွဲခြားဆက်ဆံ ခံရခြင်းကြောင့် လူရှေ့မှာ
ထုတ်မပြောရဲ၊ လူဝင်မဆံ့ရဲတဲ့ အိခ်ျအိုင်ဗွီ ကူးစက်ရောဂါ ခံရသူတွေကိုယ်တိုင် အခုလို
ကြီးကျယ်တဲ့ ပွဲမျိုးကို ဦးဆောင်ပြီး ကျင်းပနိုင်ခဲ့ကြပါပြီ။ ရောဂါပိုးမရှိသူ၊ စာနာကူညီ
ဖေးမသူတွေကလည်း ပါဝင်ကူညီ ဆင်နွှဲခဲ့တာကြောင့် အောင်မြင်စည်ကားစွာ ကျင်းပ နိုင်ခဲ့ပါတယ်။

နှုတ်ခွန်းဆက်
စကားကို မြန်မာလို မင်္ဂလာပါလို့ အစချီရင်း စကားပြန်နဲ့ အားပေးခဲ့ကြတဲ့ Dr.Sun Gang
(UNAIDS) ဆရာမချူးတို့ကို နေပူကြီးထဲမှာ အပြုံးမျက်နှာတွေနဲ့ လက်ခုပ်လက်ဝါးတီးရင်း
ပြန်လည် နှုတ်ခွန်းဆက် ကြပြန်တယ်။ ဒေါက်တာစစ်နိုင်ရဲ့ နှုတ်ခွန်းဆက် စကားအပြီးမှာ ကာရာအိုကေဖွင့်ပြီး
သံပြိုင်သီဆိုခဲ့ကြတာက ‘ဖြေသိမ့်လိုက်’ တဲ့။ ဒီသီချင်းကို ကိုယ်တိုင်လည်း သိပ်ကြိုက်
ခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ လိုက်မဆိုနိုင်ခဲ့ပါဘူး။ သူတို့ပြုံးရင်း၊ သီဆိုတာကို
ကြည့်ရင်း ပြုံးနိုင်ဖို့ကိုတောင် တော်တော် အားယူခဲ့ရ ပါတော့တယ်။

၂၀၀၈
ခုနှစ်အတွက် WAD Mr & Miss ရွေးချယ်ပွဲမှာ Mr.Art, Miss Art, Miss MSMARI,
Mr.Miss Best Friend, Miss MSM Friend, Mi. Miss WAD 2008 (Leader Ship Role), ဆုတွေကို
ရွေးချယ် ချီးမြှင့်ပြန်တယ်။ Mr.Miss ရွေးပွဲဆိုပေမယ့် ပကာသနမပါ။ အလှမပါတဲ့ ဉာဏ်စမ်း
မေးခွန်းလေးတွေနဲ့ အသိအမှတ် ပြုပေးခဲ့တဲ့ ရွေးချယ်ပွဲလေးက ဗဟုသုတရဖွယ် ကောင်းလှတဲ့
အစီအစဉ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ MPG အဖွဲ့ဝင်တစ်ဦးက အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်စကားတွေ
ပြောကြား ပေးပြီးတဲ့နောက်မှာ သီချင်းတွေ ဆိုပြန်ပါရော။ သီချင်းတွေအားလုံးက သူတို့အတွက်
ကိုယ်စားပြု ဖြစ်စေရအောင် အဓိပ္ပာယ်ရှိတဲ့ စာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ မေတ္တာစက်ဝိုင်း၊
နေရောင်အောက်က အသက်ရှူသံများ၊ နိုင်ငံတကာရင်သွေးငယ်များတဲ့။ စိမ်းလန်းစိုပြည်ကို စတင်ဝင်ရောက်တဲ့
အချိန်မှာ တွေ့လိုက်ရတဲ့ အပြုံးမျက်နှာတွေက ဒါ MPG တွေလားလို့ မထင်ရ လေအောင်ပါပဲ။ ပျော်ပါး
ဆော့ကစားနေကြတဲ့ ဈေးပွဲတော်ထဲမှာလည်း ဖြစ်ရာဘဝမှာ စိတ်ချမ်းသာအောင် နေထိုင်ရင်း အကောင်းဆုံး
ရပ်တည်နေကြတဲ့ လူသားတွေကိုကြည့်ပြီး စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူး မိပါတယ်။
၂၀၁၀ ခုနှစ်မှာ Universal Access ပန်းတိုင် ရရှိစေဖို့ လုပ်ဆောင်ရန် အချိန် ၂ နှစ်ခန့်သာ
ကျန်ပါ တော့တယ်တဲ့။ လူသားချင်း စာနာ ငဲ့ညှာထောက်ထားတဲ့ စိတ်တွေနဲ့ ဝိုင်းဝန်း ကူညီကြဖို့
လိုအပ်ပါတယ်။ သူတို့ကတော့ ဒီဇင်ဘာ ၂ ရက်နေ့က စိမ်းလန်းစိုပြည် ဥယျာဉ်မှာ သီဆိုခဲ့ကြတယ်။
‘ဒို့ချစ်တဲ့ ကမ္ဘာ၊ ဒို့ချစ်တဲ့ကလေးတွေ၊ ဒို့လက်တွေတွဲကာ လှမ်းယူနိုင်ရမယ့် အနာဂတ်
နေ့ရက်တွေ..’ တဲ့။

သင်းပပ

ဇန်နဝါရီ
၂၀၀၉

Teen -
MPG များရဲ့ စိတ်ခွန်အား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top