နယ်စည်းမထား ဆရာဝန်များအဖွဲ့ ဟော်လန် (MSF) က မြန်မာနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် နှစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ (၂၉ ဒသမ ၇) သန်း သုံးစွဲသွားမယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF Myanmar) မှ သိရပါတယ်။ အဲ့ဒီအတွက် မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (ဟော်လန်) တို့ အကြား နှစ်နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာကို ယခုနှစ် စက်တင်ဘာလအတွင်းမှာ ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
နားလည်မှု စာချွန်လွှာအရ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါနှင့် ငှက်ဖျားရောဂါတို့ကို MSF-H အနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာန၊ အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း၊ လုပ်ငန်းပိုင်းဆိုင်ရာ မိတ်ဖက်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြေခံ ကျန်းမာရေး စောင့်ရှောက်ခြင်း၊ ရောဂါထိန်းချုပ်ရေး ပညာပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းတွေကိုလည်း နေရာမရွေး လိုအပ်နေသူ မည်သူ့ကိုမဆို ကူညီစောင့်ရှောက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ဟာလည်း နားလည်မှု စာချွန်လွှာမှာ အပါအဝင်ဖြစ်တဲ့ အတွက် ၂၀၁၄ ဖေဖော်ဝါရီလမှာ ရပ်ဆိုင်းထားခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပြန်လည်စတင်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်ရှိ လူထုကိုယ်စားလှယ်တွေ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စတင် တွေ့ဆုံညှိနှိုင်းနေပြီဖြစ်ပြီး ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများအား အချိန်မရွေး ပြန်လည်စတင်နိုင်ဖို့ အတွက် အဆင်သင့် စီစဉ်ထားရှိပြီး ဖြစ်တယ်လို့ သတင်းရရှိပါသည်။
Up to Date - MSF အဖွဲ့ က နှစ်နှစ်တာအတွင်း ကန်ဒေါ်လာ ၂၉ ဒသမ ၇ သန်း သုံးစွဲ သွားမယ်




