ဒီဇင်ဘာလ
၁ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့မှာ မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗီ
ဝေဒနာသည်တွေကို အကူအညီပေးနေတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် လူငယ်တွေဖြစ်တဲ့ ကိုရာဇာနဲ့ မဖြူသင်းတို့က
ခုခံအားကျဆင်းမှုရောဂါ ကူးစက်ခံရတဲ့ ဝေဒနာသည်တွေအတွက် အခမ်းအနား တရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုရုံးချုပ်မှာ ကျင်းပပေးခဲ့ပါတယ်။
ဒီအခမ်းအနားမှာ
ရောက်နေတဲ့ ကိုရာဇာက သူတို့ ကြိုးပမ်းလုပ်ဆောင်နေရပုံနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲကို
အခုလိုပြောပြပါတယ်။
ကိုရာဇာ။ ။“အခုလက်ရှိ ကျနော်တို့မြန်မာနိုင်ငံမှာ တခြားအဖွဲ့အစည်းတွေတော့
မပြောတတ်ဘူးဗျ။ လူသားချင်း စာနာမှုဆိုင်ရာ ဖြစ်စဉ်ကြီးထဲကနေ ကျနော်တို့ကို ဖယ်ထုတ်တယ်။
အစိုးရကလည်း ဖယ်ထုတ်တယ်၊ အန်ဂျီအိုတွေကလည်း ဖယ်ထုတ်တယ်။ ထုနဲ့ထည်နဲ့ ကျနော်တို့ ဒီထဲမှာ
ပါဝင်ပတ်သက်နေတယ်။ ကျနော်တို့ကို အတင်းဖယ်ထုတ်လို့ မရဘူး။ ကျနော်တို့ကို ဖယ်ထုတ်လိုက်ရင်
ဆိုးကျိုးတွေ အများကြီး ဖြစ်လာလိမ့်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနား လေးကိုလုပ်တာပါ။
လူတွေစိတ်ထဲမှာ ရှိနေတဲ့ HIV/AIDS
နဲ့အတူနေသူတွေကို
မြင်တဲ့ ဆိုးရွားနေတဲ့အမြင် တွေကိုလည်း ဖယ်ထုတ်ဖို့လိုတယ်။ အများကြီးပဲ လိုအပ်တာတွေက။
ကျနော်တို့ အကုန်လုပ်ရမယ်ဗျ။ ကျနော်တို့ကို အန်အယ်လ်ဒီက နိုင်ငံရေးသမားတွေ ဘာညာ ဖြစ်နေတဲ့အခါကျတော့
ကျနော်တို့ကို ဘယ်အဖွဲ့အစည်းကမှ မချဉ်းကပ်ဘူး၊ ဘယ်သူကမှလည်း ပူးပေါင်းဆောင်ရွက်လိုစိတ်
ရှိဟန်မတူဘူး။ အဲလို ဖြစ်နေတယ်။ ကျနော်တို့ကတော့ မည်သူနဲ့မဆို ပေါင်းမယ်။ အစိုးရနဲ့လည်း
ပေါင်းမယ်။ အန်ဂျီအိုနဲ့လည်း ပေါင်းမယ်။ နိုင်ငံခြားရောက်နေတဲ့ မြန်မာမိတ်ဆွေတွေနဲ့လည်း
ပေါင်းမယ်။ သို့သော် ကျနော်တို့ဆီကို မချဉ်းကပ်ကြဘူး၊ အဲလို ဖြစ်နေတယ်” HIV/AIDS နဲ့
အတူနေသူတွေကို အကူအညီပေးနေတဲ့
အန်အယ်လ်ဒီလူငယ် ကိုရာဇာပြောသွားတာပါ။
မဖြူဖြူသင်းကလည်း
လူနာတွေအတွက် သူတို့အကူညီပေးနေတဲ့ နေရာမှာ အင်အား မလုံလောက်တာကြောင့် အစိုးရအနေနဲ့ရော
နိုင်ငံတကာ အနေနဲ့ပါ အကူအညီတွေ ပေးစေချင်ကြောင်း ပြောပြပါတယ်။
မဖြူဖြူသင်း။ ။“ဝေဒနာ ခံစားနေရတဲ့ လူတွေအတွက်ကို အကူအညီ အများကြီး
လိုအပ်နေတာ ရှိပါသေးတယ်။ အဓိကကတော့ အေအာရ်ဗွီ ဆေးဝါးတွေ အများကြီး လိုအပ်နေသေးတယ်။
နောက် အခုလက်ရှိ အခြေအနေကတော့ 3 D Fund ဝင်နေတယ် ဆိုပေမယ့်လည်း ကျမတို့ လူနာတွေ အတွက်ကို
ထင်ထင်ရှားရှားပေါ့နော်။ ထူးထူးခြားခြား ဖြေရှင်းပေးနိုင်တာ သိပ်မရှိသေးဘူးပေါ့။ ဒီတော့
ဝေဒနာ ခံစားနေတဲ့ သူတွေအတွက်ကို ဆက်လက်ပြီးတော့ ဒီ ARV ဆေးဝါးတွေ ရရှိအောင်၊ တခြားနိုင်ငံတွေကလည်း
ကူညီဆောင်ရွက် ပေးစေချင်ပါတယ်။ လုပ်ရမယ့် တာဝန်တွေရှိတာကတော့ အာဏာပိုင်အစိုးရတွေက ထိပ်ဆုံးပဲ။
ဒါပေမယ့် သူတို့က မလုပ်တဲ့အခါကျတော့ ကျမတို့မှာက ဘယ်လိုမျိုး လုပ်ကိုင် ဆောင်ရွက်နေရလဲဆိုတော့
ကိုယ့်အသိစိတ်နဲ့ ကိုယ်ပေါ့နော်။ ကိုယ်လုပ်နိုင်သလောက်ကို ကြိုးစားပြီးတော့ လုပ်နေရတာ။
ထိရောက်မှု အတိုင်းအတာကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့က အများကြီး လိုအပ်ပါသေးတယ်။
အစိုးရအနေနဲ့က သူတို့ လုပ်မယ်ဆိုရင်တော့ သူတို့တနိုင်ငံလုံး အတိုင်းအတာနဲ့လုပ်ဖို့
အများကြီး လိုအပ်နေသေးတယ်”
ဒီကနေ့
အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အောင်လံမြို့နယ်က HIV/AIDS နဲ့ အတူနေသူနေသူ တဦးက သူကူးစက်ခံခဲ့ရပုံနဲ့
တခြား ရောဂါခံစားနေရသူတွေရဲ့ ကိုယ်စား တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ခုလို
ပြောပြပါတယ်။
HIV/AIDS
နဲ့ အတူနေသူ။ ။“ကျနော် မိန်းမကိစ္စ ရှုပ်တာတို့၊
အရုပ်ထိုးတာတို့နဲ့ ပတ်သက်ပြီးတော့ အဲ့ဒါနဲ့ ရခဲ့တာပါ အကို။ ကျနော်တို့ လိုအပ်တာတော့
အများကြီးပဲ အကိုရ။ လောလောဆယ်တော့ မဖြူဖြူသင်းဆီကနေ ကျနော်တို့ကို ပေးနေတာ။ အခု လောလောဆယ်တော့
အမတို့ကနေ ပေးနေတာကတော့ နေရာထိုင်ခင်းကတော့ ကြပ်တာပေါ့။ အခုက လူကများလာတော့ နေရာထိုင်ခင်းက
မရှိဘူး။ နေရာထိုင်ခင်း ခက်တယ်။ သူတို့ကတော့ ကျနော်တို့ စားဖို့ဘာဖို့ ဆန်တို့ ဆီ၊
ဆား၊ အချိုမှုန့် အကုန်လုံး ချက်ပြုတ်စရာတွေ ဘာတွေကအစ ဝယ်ခြမ်းပေးပါတယ်။ မဖြူဖြူသင်းက
ပေးတာပါ။ ဘာမှ ပံ့ပိုးမှု မရှိပါဘူး အကို။ လောလောဆယ် ကျနော်တို့က မဖြူဖြူသင်းဆီက သောက်နေရပါတယ်။
ဟုတ်ကဲ့ မဖြူဖြူသင်းဆီက လောလောဆယ် ပုံမှန် သောက်နေရပါတယ်။ တနေ့ကို နှစ်ကြိမ်သောက်ရတယ်၊
မနက် ၈ နာရီနဲ့ ည ၈ နာရီ သောက်ရပါတယ်။ ဒီဆေး ပြတ်သွားလို့ရှိရင်တော့ ကျနော်တို့အကုန်
ဒုက္ခရောက်သွားမှာပေါ့ အကိုရာ”
ဒီကနေ့ကျင်းပတဲ့
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို အန်အယ်လ်ဒီ ပါတီဝင်တွေ၊ ဝေဒနာရှင်တွေ စုစုပေါင်း
လူ ၂ဝဝ ကျော် တက်ရောက်ခဲ့ပြီး လူကြီးပိုင်း ခေါင်းဆောင်တွေက ဝေဒနာသည်တွေကို အားပေးစကား
ပြောကြားခဲ့တယ်လို့ သိရပါတယ်။




